32 C
Yangon

ပြည်သူတွေကို စောင့်ကြည့်နိုင်ရေး စမတ်ကတ် လုပ်ဖို့ နည်းမျိုးစုံသုံးနေတဲ့ စစ်ကောင်စီ

Must read

By လမ်းသစ်

ပြည်သူလူထုအပေါ် ကောက်ကျစ်တဲ့စိတ်နဲ့ အမြဲတစေ စောင့်ကြည့်ထိန်းချုပ်ထားချင်တာဟာ အာဏာရှင်တိုင်းရဲ့ သဘောသဘာဝပါပဲ။

အာဏာသိမ်း စစ်ကောင်စီဟာလည်း နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်ထားသူတိုင်းကို စမတ်ကတ် ပြုလုပ်ဖို့ ဒီရက်ပိုင်း ပိုမိုဖိအားပေး လုပ်ဆောင်လာနေပါတယ်။

လောလောလတ်လတ်မှာ စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် အကြမ်းဖက် ရာဇဝတ်ဂိုဏ်းထဲ မဝင်ချင်တဲ့ မြန်မာနိုင်ငံသားတွေဟာ ပြည်ပကို အလုံးအရင်းနဲ့ ထွက်ခွာနေကြပါတယ်။

ပြည်ပထွက်ခွာဖို့အတွက် နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ လျှောက်ထားတဲ့အခါ စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေး လဝကမှာ ကွန်ပျူတာနဲ့ စာရင်းသွင်းမှတ်ပုံတင်ထားတဲ့ စမတ်ကတ် (Smart Card) မှာပါဝင်တဲ့ Unique Identification Number (UID) နံပါတ်တွေ ယူဆောင်လာရမယ်လို့ ညွှန်ကြားထားပါတယ်။

စားဝတ်နေရေးအတွက် နိုင်ငံခြားထွက် အလုပ်လုပ်ကြမယ့် ပတ်စ်ပို့အသင့်ရှိပြီးသား လူတွေကိုလည်း ဇီဝဆိုင်ရာ အချက်အလက် (Biometric Data) စိစစ်မှုတွေ လုပ်ဆောင်နေပါတယ်။

စစ်ကောင်စီထံ ဇီဝဆိုင်ရာ အချက်အလက်တွေပေးမှ ပြည်ပမှာ အလုပ်လုပ်ဖို့ Overseas Worker Identification Card (OWIC) ကတ်တွေ ရရှိမှာ ဖြစ်ပါတယ်။

နည်းပညာအသုံးပြုပြီး ပြည်သူတွေကို ပိုပြီး တင်းတင်းကြပ်ကြပ် ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာပါ။ ပြည်တွင်းခရီးထွက်တဲ့အခါမှာလည်း တချို့စစ်ဆေးရေးဂိတ်တွေမှာ မှတ်ပုံတင်ပြရုံနဲ့ မလုံလောက်ဘဲ Smart Card ပြခိုင်းတဲ့ အခြေအနေမျိုးတွေ ရှိနေပါတယ်။

စစ်ကောင်စီဟာ နိုင်ငံသားတိုင်းရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိ အချက်အလက် (Biographic Data) နဲ့ ဇီဝဆိုင်ရာ အချက်အလက် (Biometric Data) တွေကို သိမ်းဆည်းနိုင်ရေးအတွက် Smart Card တွေ ပြောင်းလဲထုတ်ပေးဖို့ လုပ်ဆောင်နေတာပါ။

ဒီအတွက် စစ်ကောင်စီက တရုတ်အစိုးရဆီမှာ ပြီးခဲ့တဲ့နှစ်က သွားရောက်အကူအညီတောင်းခဲ့ပါတယ်။

တရုတ်အစိုးရကိုယ်တိုင်ကလည်း သူ့နိုင်ငံမှာ နည်းပညာမြင့် Smart Card တွေကို အသုံးပြုပြီး အစိုးရ ဆန့်ကျင်သူတွေကို ဖမ်းဆီးထောင်ချမှုတွေ လုပ်ခဲ့ဖူးပါတယ်။

ဒါ့အပြင် ရုရှား၊ ဘီလာရု၊ ဂရိ စတဲ့ နိုင်ငံတွေမှာလည်း ဇီဝဆိုင်ရာအချက်အလက်တွေကို အသုံးချပြီး အစိုးရဆန့်ကျင်သူတွေကို နှိပ်ကွပ်လေ့ရှိခဲ့ပါတယ်။

အရင်ကတည်းက လဝကရုံးတွေမှာ အိမ်ထောင်စုစာရင်းကိစ္စ အပါအဝင် အကြောင်းအမျိုးမျိုးနဲ့ ရောက်လာသူတွေကို စမတ်ကတ် တစ်ခါတည်း ပြုလုပ်ခိုင်းခဲ့ပြီး အခုချိန်မှာတော့ ပိုမိုအားစိုက် လုပ်ဆောင်နေတာကို တွေ့ရပါတယ်။

စမတ်ကတ် ပြုလုပ်တဲ့အခါ မျက်လုံး scan ဖတ်တာ၊ လက်ဗွေ scan ဖတ်တာတွေ အပါအဝင် ပြည်သူတွေဟာ ကိုယ်ရေးအချက်အလက် အပြည့်အစုံကို ပေးရပါတယ်။ ဒါတွေဟာ အီလက်ထရောနစ် မဲပေးစနစ် အသုံးပြုမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတစ်ခုသာ ဖြစ်တယ်လို့ ထင်ခဲ့ကြဖူးပါတယ်။

ဒါပေမယ့် စစ်ကောင်စီဟာ ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်း ကောက်ယူမှုကို အကြောင်းပြပြီး အိမ်ရှိလူစာရင်းနဲ့ အိမ်နေရာ အတည်ပြုမှုတွေကိုပါ လုပ်ဆောင်လာတာကြောင့် ဒါဟာ လတ်တလော သူတို့အားစိုက်နေတဲ့ စစ်မှုထမ်းဥပဒေအတွက်ပါ တဆက်စပ်ထဲ ရည်ရွယ်လုပ်ဆောင်နေတာလည်း ဖြစ်နိုင်ပါတယ်။

စစ်ကောင်စီဟာ ရွေးကောက်ပွဲအတွက်ဆိုပြီး MEVEM စမ်းသပ်မဲပေးမှု၊ ဇီဝအချက်အလက် ကောက်ယူမှု၊ သန်းခေါင်စာရင်းကောက်ယူမှု၊ အဆောက်အအုံ စာရင်းတင်တာနဲ့ ပန်းခင်းစီမံချက် စတာတွေကို ဒီနှစ် အစောပိုင်းမှာ လုပ်ဆောင်ခဲ့တယ်လို့ ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ BACS က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ တစ်နှစ်ပတ်လုံးအတွင်း စစ်ကောင်စီက သူတို့ရဲ့ ထိန်းချုပ်မှုအောက် ရှိနေသေးတဲ့ ဒေသတွေမှာ ဇီဝဆိုင်ရာ အချက်အလက် ကောက်ယူမှုတွေကို အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့ပါတယ်။

အာဏာမသိမ်းခင် ကာလကတည်းက မြန်မာနိုင်ငံရဲ့ မြို့ကြီးတွေမှာ ရာဇဝတ်မှုတွေ ကျဆင်းဖို့၊ မြို့တော်ဘေးကင်းလုံခြုံဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အရပ်သားအစိုးရဟာ တရုတ်အကူအညီနဲ့ Ai နည်းပညာသုံး စောင့်ကြည့်ရေးကင်မရာတွေ၊ ထိန်းချုပ်ခန်းတွေ တည်ဆောက်ခဲ့ပါတယ်။

အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ စစ်ကောင်စီက အခြားသော ရည်ရွယ်ချက်နဲ့ စောင့်ကြည့်ရေးကင်မရာတွေ ဆက်လက်တပ်ဆင်ခဲ့ပါတယ်။

ကမ္ဘာ့အကြီးဆုံး မြို့ကြီး ၁၅ဝ မှာ စောင့်ကြည့်ကင်မရာပေါင်း သန်း ၇၇ဝ နီးပါး ရှိတဲ့အထဲက ၅၄ ရာခိုင်နှုန်းက တရုတ်နိုင်ငံမှာ ရှိနေတာပါ။

ပြည်သူတွေအပေါ် စောင့်ကြည့်မှုအများဆုံး တရုတ်နိုင်ငံဟာ ပြည်သူတွေကို ဖိနှိပ်ရာမှာလည်း နာမည်ဆိုးနဲ့ ကျော်ကြားလှပါတယ်။ ဒါကြောင့်လည်း စစ်ကောင်စီက တရုတ်ကို ဆရာတင်ထားတာပါ။

စစ်ကောင်စီဟာ လူမျက်နှာတွေ၊ မော်တော်ယာဉ်နံပါတ်တွေကို မှတ်သားနိုင်တဲ့ Ai နည်းပညာနဲ့ သူတို့ကောက်ယူနေတဲ့ ဇီဝဆိုင်ရာအချက်အလက်တွေကို ပေါင်းစပ်ပြီး ပြည်သူတွေရဲ့ နေ့စဉ်ဘဝထဲကို ဝင်ရောက်ကာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်လာနိုင်တယ်လို့ Human Rights Watch အဖွဲ့က ထောက်ပြဖူးပါတယ်။

မြန်မာနိုင်ငံမှာ ပြည်သူတွေရဲ့ ဇီဝအချက်အလက်တွေကို ကောက်ယူအသုံးချဖို့ ပြင်ဆင်နေပေမယ့် ကာကွယ်ပေးမယ့် ဥပဒေဆိုတာ မရှိသေးပါဘူး။ ဒါကြောင့်လည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

အာဏာသိမ်း စစ်ကောင်စီက ပြည်သူတွေအပေါ် အဘက်ဘက်က တင်းကြပ်ထားတဲ့အခါမှာ စစ်ကောင်စီအနေနဲ့ စမတ်ကတ်လုပ်ဖို့ အားသွန်ခွန်စိုက် လုပ်စရာ သိပ်မလိုတော့ဘဲ အကြောင်းကြောင်းကြောင့် နိုင်ငံခြားထွက်ချင်တဲ့ ပြည်သူတွေကိုယ်တိုင် စမတ်ကတ် ဘယ်လိုလုပ်ရမလဲဆိုပြီး လိုက်စုံစမ်းရတဲ့ အခြေအနေကို ရောက်လာပါပြီ။

လဝကအောက်မှာရှိတဲ့ အီလက်ထရောနစ် မှတ်ပုံတင်စနစ် ဦးစီးဌာနကတော့ ပြည်သူတွေရဲ့ လူမှုစီးပွားဆိုင်ရာ ကိစ္စရပ်တွေ လုပ်ဆောင်ရာမှာ ပိုမိုမြန်ဆန် အဆင်ပြေချောမွေ့စေဖို့ စမတ်ကတ် (Smart Card) လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်နေတာ ဖြစ်တယ်လို့ အကြောင်းပြချက်ပေးထားပါတယ်။

တကယ်တမ်း တိုင်းပြည်ကို ဒုက္ခမျိုးစုံပေးနေတဲ့ စစ်ကောင်စီအနေနဲ့ကတော့ စမတ်ကတ် လုပ်ဆောင်မှုဟာ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တာမျိုး မဟုတ်နိုင်သလို တိုင်းပြည်နဲ့ပြည်သူတွေ အကျိုးရှိစေဖို့ဆိုတာ ပိုလို့တောင် မဖြစ်နိုင်ပါသေးတယ်။

ဖြစ်ခြင်းဖြစ်ရင် စစ်မှုမထမ်းမနေရဥပဒေ အကောင်အထည်ဖော်ရာမှာ အလွဲသုံးစားလုပ်ဖို့နဲ့ ပြည်သူတွေကို နည်းမျိုးစုံနဲ့ စောင့်ကြည့်ဖိနှိပ်ဖို့ ကြံစည်နေတာပဲ ဖြစ်ပါလိမ့်မယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article