25 C
Yangon

ဖြူးမြို့တွင် သမီးရည်းစား အဆင်မပြေ၍ လူသတ်မှုဖြစ်ပွားမှုကို သုစိတ္တ ဦး ဆောင်သော မဘသဘုန်းကြီးများနှင့် အစွန်းရောက်အမျိုးသားရေးသမား များက အဓိကရုဏ်း ဖြစ်စေရေး လှုံ့ဆော်နေပြီး စစ်တပ်က ကူညီပေးနေ

Must read

ဖြူးမြို့တွင် သမီးရည်းစား အဆင်မပြေ၍ လူသတ်မှုဖြစ်ပွားမှုကို သုစိတ္တ ဦး ဆောင်သော မဘသဘုန်းကြီးများနှင့် အစွန်းရောက်အမျိုးသားရေးသမား များက အဓိကရုဏ်း ဖြစ်စေရေး လှုံ့ဆော်နေပြီး စစ်တပ်က ကူညီပေးနေ

■ ဖြူးမြို့မှ ပြည်သူများက မဘသများ၏ အဓိကရုဏ်း ဖန်တီးမှုကို မလိုလားဘဲ စိုးရိမ်နေ

ရန်ကုန်၊ မတ် ၂

ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင် သမီးရည်းစား အဆင်မပြေ၍ လူသတ်မှုဖြစ်ပွားခဲ့ပြီး အဆိုပါ လူသတ်မှုကို အခြေ တည်၍ သုစိတ္တ ဦးဆောင်သော မဘသ၊ အမျိုးသားရေးအစွန်းရောက်များက လူမျိုးရေးနှင့် ဘာသာရေး အဓိက ရုဏ်းဖြစ်ပွားစေရန် လှုံ့ဆော်နေကြောင်း ဖြူးမြို့မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မွန်းလွဲပိုင်း ပဲခူးတိုင်း၊ ဖြူးမြို့၊ ဗထူးရပ်ကွက် ၆ လမ်း ဘုန်းကြီးကျောင်းအနီး သမီးရည်းစား ချိန်းတွေ့စဥ် အဆင်မပြေစကားများရာမှ အသက် ၂၅နှစ်အရွယ် မခြူးခက်နွယ်ကို ချစ်သူ ကောင်လေးက ဓားဖြင့် ထိုးသတ်မှုဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ဓားဖြင့်ထိုးသူ တရားခံမှာ ဘာသာခြား လူငယ်တစ်ဦးဖြစ်သည်ဟုဆိုကာ သုစိတ္တ ဦးဆောင်သော မဘသ၊ အမျိုးသားရေး အစွန်းရောက်များက လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းဖြစ်ပေါ်စေရေး လှုံ့ဆော်နေခြင်းဖြစ်ကြောင်း၊ မြို့မှ ပြည်သူအများစုက ယင်းသို့ အဓိကရုဏ်း ဖြစ်စေရန် လှုံ့ဆော်မှုများကို မလိုလားဘဲ စိုးရိမ်နေကြသဖြင့် ပြောင်းရွှေ့မှုများ လုပ်ဆောင်နေကြကြောင်း သိရှိရသည်။

“ကောင်လေးနဲ့ ကောင်မလေး အဆင်မပြေဖြစ်ကြပြီး လူသတ်မှုဖြစ်တယ်။ အရင်တုန်းက ချစ်သူတွေ။ ကောင် မလေးက နောက်တစ်ယောက်ထားပြီး နိုင်ငံခြားသွားတော့မယ်ပြောတော့ ကောင်လေးက ဓားနဲ့ထိုးတာ။ ပွဲချင်းပြီးသေတယ်။ အဲဒါကို မဘသဘုန်းကြီးတွေနဲ့ ရန်ကုန်ကလာတဲ့ စစ်တပ်ထောက်ခံသူတွေ၊ အမျိုးသားရေး အစွန်းရောက်တွေက မတ်လ ၂ ရက်နေ့ ကောင်မလေး အသုဘကို ဖြူးတစ်မြို့လုံးလှည့်လည်မယ်။ ဟောပြောပွဲ တွေလုပ်ဖို့ ပြင်နေကြတာ။ ကျနော်တို့ ဖြူးမြို့မှာ အားလုံးက ညီညီညွတ်ညွတ်နေကြတာ ဘာပြဿနာမှမရှိဘူး။ အခု ဖြစ်သွားတဲ့ကိစ္စကလည်း သမီးရည်းစား အဆင်မပြေဖြစ်ကြရာကဖြစ်တာ။ ဘာလူမျိုးရေး ဘာသာရေးမှိုင်းမှ မရှိဘူး။ အဲဒါကို မဘသ ဘုန်းကြီးတွေက တစ်မြို့လုံးကို လိုက်လှုံ့ဆော်နေတာ။ အဲဒါကြောင့် တချို့ကိုတော့ ရှောင်ခိုင်းထားပြီ။ ဒီနေ့ မဘသတွေ သောင်းကျန်းကြမယ်။ ဖြူးမြို့မှာ” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

ဖြူးမြို့တွင် ယနေ့ အဓိကရုဏ်းဖြစ်စေရန် ရည်ရွယ်၍ အသတ်ခံရသည့် အမျိုးသမီးငယ်၏ ရုပ်အလောင်းကို တစ်မြို့လုံး လှည့်လည်ရာတွင် စစ်တပ်ထောက်ခံသော ရန်ကုန်မှ အမျိုးသားရေး အစွန်းရောက်များစွာက ကားများဖြင့် ရောက်လာနေကြောင်း၊ နယ်ခံ မဘသအဖွဲ့များဖြစ်ကြသည့် ဖြူစင်စိတ်ထားသွေးလှူရှင်.အမျိုးဘာသာသာသနာအဖွဲ့၊ ပြည့်သူအကျိုးပြုလူငယ်အဖွဲ့၊ ၂၄လမ်းပရဟိတ၊ ဝါဆိုဦးလူငယ်အဖွဲ့၊ ရွှေကျင်တောင်သံဃာအဖွဲ့တို့က မိန်းကလေးငယ်၏ အလောင်းကို ကားဖြင့် တင်၍ လှည့်လည်ရန် ပြင်ဆင်နေကြကြောင်း သိရှိရသည်။

“သာမန်မိန်းခလေးတယောက်နဲ့ယောကျ်ားလေးတယောက် ချစ်သူတွေအဆင်မပြေလို့ လူသတ်မှုဖြစ်တယ်။ ကောင်လေးက ဘာသာခြားဖြစ်တယ်ဆိုတာနဲ့ မဘသတွေ က မြို့နာအောင်အသုဘကိုလှည့်လည်ကြမယ်။ ဖျက်ဆီးတာတွေလည်း လုပ်ကြမယ်လို့ ပြောတယ်။ ရန်ကုန်၊ မန္တလေး မဘသဘုန်းကြီးတွေအကုန်ရောက်နေတယ်။ အဓိကရုဏ်း ဖန်တီးပြီး တော်လှန်ရေး လမ်းလွဲအောင် လုပ်မယ့်ပုံမျိုးပဲ။ အသုဘကိုအသုံးချပြီး နိုင်ငံရေးနဲ့ရောယှက်တော့မယ့် အခြေအနေပါ” ဟု ဖြူးမြို့ခံတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- နာရေးရှင်အိမ်သို့ ရောက်ရှိလာကြသော သုစိတ္တ ဦး ဆောင်သော မဘသဘုန်းကြီးများနှင့် နာရေးအတွက် မဘသအဖွဲ့များ၏ ပန်းခွေ ပန်းခြင်းများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article