25 C
Yangon

နေပြည်တော်နှင့် မန္တလေးတိုင်းတွင် စစ်ကောင်စီတပ်က ပြည်သူများ စစ်မှု ထမ်းကြရန် စည်းရုံး စစ်ဆေးမှုများ လုပ်ဆောင်၊ သန်းခေါင်စာရင်းပါ လူငယ်များ နေအိမ်တွင်မရှိလျှင် အိမ်ပြန်ခေါ်ထားကြရန် ခြိမ်းခြောက်

Must read

နေပြည်တော်နှင့် မန္တလေးတိုင်းတွင် စစ်ကောင်စီတပ်က ပြည်သူများ စစ်မှု ထမ်းကြရန် စည်းရုံး စစ်ဆေးမှုများ လုပ်ဆောင်၊ သန်းခေါင်စာရင်းပါ လူငယ်များ နေအိမ်တွင်မရှိလျှင် အိမ်ပြန်ခေါ်ထားကြရန် ခြိမ်းခြောက်

ရန်ကုန်၊ မတ် ၂

နေပြည်တော်နှင့် မန္တလေးတိုင်းတို့တွင် စစ်ကောင်စီတပ်များက ပြည်သူများ စစ်မှုထမ်းကြရန် စည်းရုံးလှုံ့ဆော်ကြပြီး သန်းခေါင်စာရင်း စစ်ဆေးမှုများကိုလည်း အရှိန်အဟုန်မြှင့်လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ည ၉ နာရီခွဲအချိန် နေပြည်တော် သာ၀တ္တိမြို့၊ ရသေ့တောင်ကျေးရွာတွင် စစ်တပ်က စစ်ကား၊ အချုပ်ကားများဖြင့် ရောက်ရှိလာပြီး တစ်အိမ်တက်ဆင်း စစ်ဆေးကြောင်း၊ သန်းခေါင်စာရင်း၊ ဧည့်စာရင်းများနှင့် အိမ်တွင် နေထိုင်သော လူဦးရေများကို တိုက်ဆိုင်စစ်ဆေးကြောင်း၊ သန်းခေါင်စာရင်းတွင် နာမည်သာရှိပြီး လူမရှိသူများကို “ဘယ်သွားလဲ၊ ဘာလုပ်နေလဲ” ဟု အသေးစိတ် မေးမြန်း ရေးသားမှတ်တမ်း တင်ကြောင်း၊ နေအိမ်တွင် မရှိသည့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အထိ အမျိုးသားလူငယ်များကို နေအိမ်တွင် ပြန်ခေါ်ထားကြရန်နှင့်အချိန်မရွေး စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်ကြောင်း၊ စစ်မှုထမ်းရန် ဆင့်ခေါ်ချိန် နေအိမ်တွင် မရှိပါက အရေးယူခံရမည်ဟု ခြိမ်းခြောက်ပြောဆိုကြောင်း သိရှိရသည်။

” ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ည ၉ နာရီခွဲအချိန်မှာ ကျနော်တို့ နေပြည်တော် သာဝတ္ထိမြို့ ရသေ့တောင်ကျေးရွာမှ စစ်ကား တွေအချုပ်ကားတွေရောက်လာပြီး တစ်အိမ်ဝင် တစ်အိမ်ထွက်စစ်တယ်။ စစ်တပ်နဲ့ရဲက ဧည့်စာရင်းတွေ စစ်တယ်။ ဧည့်စာရင်းစစ်ပြီး သန်းခေါင်စာရင်း ပုံစံ ၆၆ ထဲမှာပါတဲ့ လူတွေကိုလည်း လူငယ်တွေဆိုရင် မှတ်ပုံတင်စာရွက်စာတမ်းတွေနဲ့ သေချာတိုက်စစ်နေပါတယ်။ သန်းခေါင်စာရင်းထဲမှာ မပါတဲ့လူဆို ဘယ်သွားတာလဲ။ ဘာသွားလုပ်တာလဲဆိုတာတွေပါမေးပြီး အိမ်မှာမရှိရင်ပြန်ခေါ်ခိုင်းနေပါတယ်။ စစ်မှုထမ်းရမယ့် အချိန် လူငယ်တွေကို ပြန်မခေါ်နိုင်ရင် ထောင်ချပစ်မယ်ဆိုပြီးတော့ပါ ပြောသွားပါသေးတယ်” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

အလားတူ မန္တလေးမြို့ပေါ် ရပ်ကွက်များတွင် စစ်ကောင်စီတပ်က ပြည်သူများ စစ်မှုထမ်းကြရန် စည်းရုံးလှုံ့ဆော်မှုများ လုပ်ဆောင်နေကြောင်း၊ အိုးဘို၊ ညောင်ကွဲ၊ ပုလဲငွေရောင်၊ အောင်မြေသာစံ၊ မာရှေ့၊ မင်းတဲအီကင်း၊ သီရိမာလာအနောက်စသည့် ရပ်ကွက်များတွင် စစ်တပ်က ပြည်သူများ စစ်မှုထမ်းကြရန် ဟောပြောပွဲများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

”စစ်မှုထမ်း ဥပဒေနဲ့ ပက်သက်ပြီး အစည်းအဝေးပွဲတွေ ဆက်တိုက် လုပ်နေပြီး၊လက်ဆောင်စာစောင်တွေလည်း ဝေနေတယ်။ အောင်မြေသာစံမြို့နယ်မှာ ရှိတဲ့ ဓမ္မာရုံတိုင်းမှာ စစ်မှုထမ်းဥပဒေနဲ့ ပက်သက်ပြီး အစည်းအဝေးပွဲ တွေ လုပ်ဆောင်နေတယ်။ ဘယ်သူမဆို တစ်အိမ်တစ်ယောက် မဖြစ်မနေတက်ရောက်ခိုင်းတယ်။ ခြိမ်းခြောက်တာတွေ ရှိနေပါတယ်။ ၂၂ လမ်း၊ ၈၇ A လမ်းမှာ ရှိတဲ့ အေးသုခ ဓမ္မာရုံနဲ့၂၁ လမ်း၊ လမ်း ၉၀ အလက ၆ အနီးမှာ ရှိတဲ့ ဓမ္မာရုံတွေမှာလည်း စစ်မှုထမ်းရေး စည်းရုံးလှုံ့ဆော်တဲ့ အစည်းအဝေးတွေ ပြုလုပ်နေပါတယ်။ ရပ်ကွက်တိုင်း ဓမ္မာရုံတိုင်းမှာ လုပ်နေတာ။ တစ်အိမ်တစ်ဦးကတော့ မဖြစ်မနေ တက်ခိုင်းနေတာ” ဟု မန္တလေးဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

စစ်မှုထမ်းရေး ဟောပြောပွဲများတွင် စစ်တပ်က စစ်မှုထမ်းချိန်တွင် စစ်မှုမထမ်းဘဲ ထွက်ပြေးပါက ထောင်ဒဏ်ချမှတ်နိုင်ပြီး နေအိမ်ကိုလည်း ချိတ်ပိတ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုသည်ဟု သိရှိရသည်။

“လူငယ်တွေ ထွက်ပြေးရင် နှစ်ရှည် ထောင်ဒဏ် ချမှတ်နိုင်ပြီး ၊ ထွက်ပြေးရင် အိမ်မှာ ရှိနေတဲ့ မိသားစုနဲ့ နေအိမ်ကို ပါ ချိတ်ပိတ်လိုက်မယ်လို့ ခြိမ်းခြောက်နေပါတယ်” ဟု အောင်မြေသာစံမြို့နယ်မှ ပြည်သူတစ်ဦးက ရှင်းပြသည်။

စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စစ်မှုထမ်းဥပဒေကို အသက်သွင်းသည်ဟု ကြေညာခဲ့ပြီး လာမည့် ဧပြီလကုန်မှစတင်၍ တစ်လလျှင် ပြည်သူ ၅၀၀၀ စစ်မှုထမ်းရန် ခေါ်ယူမည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကောင်စီက စုဆောင်းပြီး သင်တန်းပေးနေသည့် ပြည်သူ့စစ်တချို့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article