25 C
Yangon

ယိုင်လဲနေပြီဖြစ်သည့် ဖက်ဆစ် စစ်တပ်ကို ဖြိုဖျက်ရေး သမိုင်းဝင် အခွင့်အရေးကို လက်မလွှတ်သင့်ပါ

Must read

By အီဂေါဗလာဇီဗစ်

ကူမင်းမှာ စကစနဲ့ MNDAA ကြား စေ့စပ်ညှိနှိုင်းဖို့ တရုတ်က ကြားဝင်ပြီးစီစဉ်တယ်ဆိုတဲ့ ပွဲက သတင်းတွေတက်လာပါတယ်။ဒီသတင်းတွေမှန်တယ်လို့ အတည်ပြုနိုင်ရင်တောင် ဘယ်လို အကောင်အထည်ဖော်မလဲ ဘယ်လို ဆက်သွားကြမလဲ ကြည့်ကြရဦးမှာပါ။

ဒါပေမယ့် ထင်ရှားတာကတော့ တရုတ်ဟာ မြန်မာ့ ပြည်တွင်းရေးကိုအကြီးအကျယ် ဝင်ရောက် စွက်ဖက်နေပြီဆိုတာပါ။ တရုတ်လိုလားတာကတော့ ပြည်သူတွေက လက်ရှိအားထည့်ထားတဲ့ လွတ်မြောက်ရေးလှုပ်ရှားမှုနဲ့ ပတ်သက်တာမှန်သမျှကို ဖယ်ရှားပစ်ပြီး အီလစ်တွေကြားထဲမှာပဲ အာဏာဝေခြမ်းရေးသဘောတူညီချက်တွေ နဲ့ ပြည်သူ့တော်လှန်ရေးကို ဖြိုဖို့ပါ။

ပဋိပက္ခအလွန် ကာလမှာ တရုတ်လိုလားတဲ့ ရလဒ်ကတော့ စစ်တပ်အနေနဲ့ မြန်မာပြည်အလယ်ပိုင်းကို ဆက်ပြီး ထိန်းချုပ်ထားပြီး နယ်စပ်တွေကိုတော့ EAOs တွေရဲ့ လက်အောက်ကို ထားဖို့ပါ။ ဒီလိုဖြစ်လာရင်တော့ အင်မတန် အားနည်းပြီး ခြစားမှုတွေ အကြီးအကျယ်ဖြစ်တဲ့ နိုင်ငံတစ်ခုဖြစ်လာမှာပါ။ တရုတ်က ကြိုက်သလို ခြယ်လှယ်လို့ရတဲ့ ကိုလိုနီနိုင်ငံတစ်ခု ဖြစ်လာဖို့ အကောင်းဆုံးအနေအထားပါ။

မြန်မာပြည်ကို တရုတ်က သီးသန့်ခြယ်လှယ်နိုင်တဲ့ သြဇာခံနယ်မြေတစ်ခုဖြစ်နေဖို့၊ တရုတ်ရဲ့ ပိုက်လိုင်းတွေနဲ့ နယ်ခြားဖြတ်ကျော်ဆက်သွယ်ရေးတွေ ချောမွေ့နေစေဖို့၊ သဘာဝနဲ့ သယံဇာတ အရင်းအမြစ်တွေ လိုသလို တူးလို့ရတဲ့ တရုတ်ရဲ့ နောက်ဖေးပေါက် ဖြစ်နေဖို့၊ ခြင်းထဲက ကြက်ဖြစ်နေစေဖို့ လမ်းပေါ်ကိုရောက်တာပါပဲ။

စစ်အုပ်စုအနေနဲ့ ဒီလိုမျိုးညှိနှိုင်းမှုမျိုးကို ဘာ့ကြောင့် လိုအပ်သလဲဆိုတာလဲ သိသာပါတယ်။ မအလမှာ ရွေးစရာသိပ်မရှိပါဘူး။ မအလဟာ အဆုံးသတ်ကို မြင်နေပါပြီ။ နယ်အစွန်အဖျားတွေကို အဆုံးရှုံးခံလိုက်ပြီး နယ်မြေရထားတဲ့ EAOs တွေနဲ့ အီလစ်အချင်းချင်းညှိနှိုင်းဖို့ပဲ လုပ်တော့ မှာပါ။

အပြန်အလှန်ဘာတွေ ခွဲယူကြမလဲဆိုတဲ့ သူညှိတဲ့ ပုံစံကို လက်ခံတဲ့ ဘယ်သူ့ကိုမဆို ဝဒေသလိုမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးလိုက်မှာပါ။ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တရားဝင်ရော တရားမဝင်ရော စီးပွားရေးတွေနဲ့ ကိုယ် ကိုယ့်နယ်မြေမှာ ကိုယ်ကျေနပ်နိုင်နေပြီး စစ်တပ်ကိုဖြိုမယ့် တစ်နိုင်ငံလုံးပါဝင်ကြတဲ့ တိုက်ပွဲကနေ ဘေးဖယ်ပေးကြဖို့က မအလစိတ်ကြိုက်ပုံစံဖြစ်မှာပါ။

အဲဒီအခါ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို တော်လှန်ရေးဘယ်လောက်အားကောင်းမလဲဆိုတာက ဆုံးဖြတ်ပေးသွားမှာပါ။ စစ်ကိုင်း၊ မကွေး၊ မန္တလေးနဲ့ ပဲခူးတို့မှာ ဖြစ်မယ့် တိုက်ပွဲတွေက အဆုံးအဖြတ်ပေးသွားမှာပါ။ EROs တွေက သူတို့မှာရှိတဲ့ အင်အားတွေကို စစ်ပွဲထဲ မထည့်တော့ဘူးဆိုရင် ဗမာတော်လှန်ရေးဟာ မအောင်မြင်နိုင်ပါဘူး။

မြန်မာနိုင်ငံအလယ်ပိုင်းက တိုက်ပွဲတွေအတွက်၊ တိုက်ပွဲတွေထဲက အချက်အချာအကျဆုံးတိုက်ပွဲတွေအတွက် မဟာဗျူဟာကျကျနဲ့ အရင်းအမြစ်တွေ ထည့်စရာရှိတာမထည့်တော့ ဘူးဆိုရင် တော်လှန်ရေးမအောင်နိုင်ပါဘူး။

စစ်တပ်ဟာ ခုချိန်မှာ အင်မတန်အင်အားနည်းနေပြီး ပြိုယိုင်ဆင်းနေပါပြီ။ တိုင်းပြည်နယ်နယ်စပ်နေရာတွေအတွက် သူထမ်းထားတဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပစ်ပြီး ဗမာ ဧရိယာတွေမှာရှိတဲ့ တော်လှန်ရေးကို ဖြိုပစ်ဖို့အတွက် ပြန်ပြီး တာစူနေပါပြီ။တရုတ်နဲ့ ထိုင်းနိုင်ငံတို့ဟာ ဒီလိုအချိန်မှာ တပ်ကို ဝင်ကူတာမျိုးမလုပ်ကြဖို့ လိုပါတယ်။

ဗမာအများစုနေတဲ့ ဒေသတွေမှာပဲဖြစ်ဖြစ် မကောင်းဆိုးရွားမြန်မာစစ်တပ်ကို ဆက်ပြီး ရှင်အောင်လုပ်ပေးထားရင် စစ်တပ်ဟာ အင်အားပြန်စုပြီး ကင်ဆာဆဲလ်လို တခြားနေရာကိုပြန်ပြီး ပြန့်ပွား ဒုက္ခပေးနေဦးမှာပါ။ ဖြစ် နေတဲ့ ကင်ဆာကို ဖယ်ရှားကုသနိုင်တဲ့ သမိုင်းဝင် အခွင့်အရေးကို လက်မလွှတ်ကြသင့်ပါဘူး။

နွေဦးတော်လှန်ရေး အစောပိုင်းအဆင့်တွေမှာကတည်းက မြန်မာပြည်သူတွေနဲ့ လူမျိုးစုပေါင်းစုံ လွတ်မြောက်ဖို့ အားထုတ်ကြတာမှာ အနိမ့်ဆုံး မဖြစ်မနေဖြစ်လာဖို့ ရည်မှန်းထားချက်တွေရှိပါတယ်။ စစ်တပ်ကို နှိမ်နင်းဖို့ စုပေါင်းတိုက်ပွဲမှာ လူမျိုးစုအသီးသီးထဲက အုပ်စုကြီးတွေ မပါတော့ဘူးဆိုရင် NUG နဲ့ PDF တွေမှာ လက်နက်၊ ခဲယမ်းမီးကျောက်၊ သယ်ယူပို့ဆောင်ရေးလမ်းကြောင်း၊ လေ့ကျင့်သင်ကြားရေးတွေ၊ စစ်ရေးအတွေ့အကြုံတွေမရှိသေးပါဘူး။ စစ်တပ်က ဆက်ရှိနေနိုင်ဦးမလားဆိုတာ နိုင်ငံရေးမဟာမိတ်တွေ၊ အိမ်နီးချင်းတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ထည့်ဝင်မှုတွေအပေါ်မှာလည်း မူတည်နေပါတယ်။

တစ်ဖက်မှာလည်း ဒီအတိုင်းပါပဲ။ ဗမာပြည်မ အထက်ပိုင်း၊ အောက်ပိုင်းမှာ အောင်မြင်တဲ့ လက်နက်ကိုင်တော်လှန်ရေးမရှိဘဲနဲ့ EAOs တွေဟာ ရေရှည်မှာ စစ်တပ်ကို ပခုံးချင်းယှဉ်နိုင်မှာ မဟုတ်ပါဘူး။ဖိနှိပ်ပြီး အနိုင့်အထက်ကျင့်ကြံတတ်တဲ့ စစ်တပ်ဟာ ဗမာပြည်အလယ်ပိုင်းမှာ ရှိနေသရွေ့၊ စီးပွားရေးရဲ့ အရေးကြီးတဲ့အပိုင်းတွေကို ချုပ်ကိုင်ထားနိုင်သရွေ့၊ ဗမာနယ်မြေတွေဟာ သူတို့စစ်သားစုဆောင်းရေးနယ်မြေတွေ ဖြစ်နေသရွေ့ လူမျိုးစုမဟာမိတ်တွေအားလုံးညီညွတ်ကြမယ်ဆိုရင်တောင် ရေရှည်မှာ စစ်တပ်ကို ထိန်းနိုင်ဖို့ ခက်ပြီး သူတို့ စစ်တပ်နဲ့ အခုညှိလို့ရထားတာတွေကို တောက်လျှောက်ကာကွယ်ထားဖို့ ခက်ပါလိမ့်မယ်။

မြေယာ၊ သဘာဝသယံဇာတ၊ ပိုင်ဆိုင်မှု နဲ့ လူမျိုးစုတွေ ကြီးပွားမယ့်အလားအလာတွေအပေါ် ဆက်ပြီး ဂုတ်သွေးစုတ်နေနိုင်ပါတယ်။ ကြီးနိုင်ငယ်ညှင်း အိမ်နီးချင်းနိုင်ငံတွေ၊ စစ်ဗိုလ်ချုပ်တွေနဲ့ ဒေသခံ ခေါင်းဆောင်တွေရဲ့ ခြယ်လှယ်မှု၊ အမြတ်ထုတ်မှုတွေ ဆက်ပြီး ဖြစ်ပေါ်နေဦးမှာပါ။

EROs တွေနဲ့ ဗမာ PDF တွေရဲ့ စစ်ရေးနဲ့ နိုင်ငံရေးမဟာမိတ်ဖြစ်မှုနဲ့ စကစ ကို နိုင်အောင်တိုက်လို့ရပါတယ်။ စစ်အာဏာရှင်ရဲ့ ဗိုလ်ကျမှုကို အပြီးတိုင်ပယ်ဖျက်လို့ ရပါတယ်။ ပျက်စီးဆုံးရှုံးမှုတွေ သုံးနှစ်တာ ပြီးခဲ့ချိန်မှာ ပြတ်သားတဲ့ တော်လှန်ရေးစိတ်ဓာတ်တွေလည်း မြင်ခဲ့ကြရပြီမို့ ဒီလို စကစကို အပြီးတိုင်ဖျက်နိုင်တဲ့ လမ်းဟာလည်း မဝေးတော့ပါဘူး။

ဒါပေမယ့် တရုတ်နဲ့ မြန်မာ့ အိမ်နီးချင်းတွေက လူမျိုးစုဘက်ကို ဆွဲဆောင်သိမ်းသွင်းပြီး နွေဦးတော်လှန်ရေးကို ပစ်ထားခဲ့မယ့် အခြေအနေဖြစ်လာမယ်ဆိုရင် စကစနဲ့ အပေးအယူတွေလုပ်ကြတော့မယ် ဆိုရင် ဒီသုံးနှစ်အတွင်းမှာ ရလာတဲ့ အခွင့်အရေးဟာ နောက်အနှစ် ၂၀ မှာတောင် တစ်ခါပြန်ပေါ်လာဖို့ မလွယ်ပါဘူး။

အကယ်၍ စကစ က မပြိုလဲဘဲ စစ်တပ်က မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးမှာ ဆက်ရှိနေဦးမယ်ဆိုရင် ဒီလိုပဲ ဖိနှိပ်တာ၊ ခေါင်းပုံဖြတ်အမြတ်ထုတ်တာ၊ဆွေမျိုးကောင်းစားရေးပဲ ဆောင်ရွက်တာ၊ ဆင်းရဲချမ်းသာ ကွာဟလွန်းတာ၊ ခွဲခြားဆက်ဆံတာတွေဟာ ဆက်ဖြစ်နေကြဦးမှာပါ။တိုင်းပြည်ကို ချွတ်ခြုံကျစေတဲ့ ဒီစစ်အုပ်ချုပ်ရေးကပဲ အာဏာကို တစစ ပြန်စုစည်းနိုင်လာမှာပါ။ ပြိုကျတော့မယ့် ဆဲဆဲ အခြေအနေကနေ ပြီးတော့ အင်အားအသစ်တွေ ပြန်မွေးထုတ်လာနိုင်တဲ့ စစ်တပ်ဖြစ်လာမှာပါ။

သူလိုချင်တာရသွားပြီးရင် စကစဟာ တစ်ချိန်မှာတော့ သူပဲ အကုန်ယူမယ်ဆိုတာမျိုးဖြစ်လာပါလိမ့်ဦးမယ်။ တခြားအင်အားစုတွေ ကျဆုံးရေးကိုပဲ သူက ဦးတည်ပါလိမ့်မယ်။ ဓနဥစ္စာကို စစ်စစ်မှန်မှန်ခွဲဝေပေးတာ၊ တရားမျှတမှုကို စစ်မှန်စွာရှာဖွေတာတွေမရှိဘဲ သဘောတူညီထားတဲ့ အပေးအယူတွေကိုတောင် လိုက်နာမှာမဟုတ်ပါဘူး။

စစ်ကောင်စီ အနေနဲ့ စစ်တပ်ကြီးစိုးရေးကို ဆက်လုပ်သွားနိုင်ရင် အပြစ်လုပ်ပြီး ပြစ်ဒဏ်ခတ်ခံရတာကနေ ဆက်လွတ်မြောက်နေဦးမှာဖြစ်ပြီး ကြီးနိုင်ငယ်ညှင်း နိုင်ရာစား စရိုက်အတိုင်း ဆက်ရှိနေမှာပါ။လက်ရှိရနေတဲ့ သမိုင်းမှာ အရေးကြီးလှတဲ့ အခွင့်အရေးကို လက်မလွှတ်သင့်ကြပါဘူး။

ဓာတ်ပုံ – မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့မှ အဖွဲ့ဝင် TNLA တပ်ဖွဲ့များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့မှ အဖွဲ့ဝင် TNLA တပ်ဖွဲ့များ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article