25 C
Yangon

စစ်တပ်ဒေါက်တိုင် တေဇ၏ သမီး ရေချယ်တေဇ အီတလီ နိုင်ငံအတွင်း နေထိုင်နေမှုကို ဖယ်ရှားရန်နှင့် ပိုင်ဆိုင်မှုများ သိမ်းယူရန် JFM က အီတလီအာဏာပိုင်များကို တိုင်ကြား

Must read

စစ်တပ်ဒေါက်တိုင် တေဇ၏ သမီး ရေချယ်တေဇ အီတလီ နိုင်ငံအတွင်း နေထိုင်နေမှုကို ဖယ်ရှားရန်နှင့် ပိုင်ဆိုင်မှုများ သိမ်းယူရန် JFM က အီတလီအာဏာပိုင်များကို တိုင်ကြား

ရန်ကုန်၊ မတ် ၈

မြန်မာနိုင်ငံမှ အကြမ်းဖက်စစ်တပ်၏ ဒေါက်တိုင် တေဇ ၏ သမီးဖြစ်သူ ရေချယ်တေဇ ကို အီတလီနိုင်ငံမှ ပြောင်းရွှေ့ဖယ် ရှားရန်နှင့် ပိုင်ဆိုင်မှုများကို ထိန်းသိမ်းရန် Justice For Myanmar(JFM) က အီတလီ အာဏာပိုင်များထံ သတင်းပေး တိုင်ကြားလိုက်သည်။

ရေချယ်တေဇ (ခေါ်) ထူးထွေးတေဇသည် အီးယူက ဒဏ်ခတ် ပိတ်ဆို့မှုများ ချမှတ်ထားသည့် ထူးကုမ္ပဏီအုပ်စုဝင် ကုမ္ပဏီများတွင် ဒါရိုက်တာနှင့် ရှယ်ယာရှင်အဖြစ် ပါဝင်နေမှုအပေါ် စုံစမ်းစစ်ဆေးရန်၊ လိုအပ်သလို ပိုင်ဆိုင်ပစ္စည်းများကို ထိန်းသိမ်းထားရန်နှင့် ၎င်းကို အီတလီနိုင်ငံမှ ပြောင်းရွှေ့ဖယ်ရှားရန် အတွက် ပြင်သစ်ရှေ့နေများ ဖြစ်ကြသည့် William Bourdon နှင့် Lily Ravon တို့က Justice For Myanmar ကိုယ်စားပြု၍ အီတလီ အာဏာပိုင်များထံ ၂၀၂၄ ခုနှစ်၊ မတ်လ ၄ ရက်နေ့တွင် သတင်းပေးတိုင်ကြားခြင်းဖြစ်ကြောင်း သိရှိရသည်။

ရေချယ်တေဇသည် အီတလီနိုင်ငံတွင် ဆက်လက် နေထိုင်လျက်ရှိပြီး အီးယူက ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားသော ၎င်း၏ မိသားစုပိုင် ခရိုနီစီးပွားရေး လုပ်ငန်းစုကြီးဖြစ်သည့် ထူးကုမ္ပဏီအုပ်စုအတွက် စီးပွားရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း၊ ထူးကုမ္ပဏီအုပ်စုသည် မြန်မာစစ်အုပ်စုအတွက် ဘဏ္ဍာငွေ စစ်လက်နက်နှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်လျက် ရှိပြီး လူမျိုးတုန်းသတ်ဖြတ်မှု စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို အားပေး ကူညီလျက်ရှိသည့် အကြမ်းဖက် စစ်တပ်၏ နိုင်ငံတကာ စီးပွားရေးကွန်ရက်တွင် အရေးပါသည့် ဆက်ထုံးကုမ္ပဏီ တစ်ခုလည်း ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ကြားခံဆက်ထုံး ဆောင်ရွက်မှုများကို မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့ရှိ ဓာတ်သတ္တု တူးဖော်ထုတ်ယူရေး ကဏ္ဍအပါအဝင် စီးပွားရေး နယ်ပယ်ကဏ္ဍအသီးသီးရှိ ကုမ္ပဏီလုပ်ငန်းပေါင်း ၆၀ ကျော်သည် ၎င်းတို့၏ ကွန်ရက်မှတဆင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ထူးကုမ္ပဏီအုပ်စုကို အမေရိကန်ပြည်ထောင်စု ယူကေနှင့် ကနေဒါနိုင်ငံတို့ကလည်း ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ် ထားကြောင်း သိရသည်။

“ထူးကုမ္ပဏီများ အုပ်စုသည် နိုင်ငံတဝန်းလုံး အထူးသဖြင့် လူနည်းစု လူမျိုးစု ဒေသများမှ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ခဲ့ကြသည့် အရပ်သားပြည်သူများ အပေါ် အသုံးပြုခဲ့သည့် စစ်ဘက်ဆိုင်ရာပစ္စည်းများ ထောက်ပံ့ဖြည့်တင်း ပေးခဲ့မှုများတွင် ကြားခံပွဲစားအဖြစ် ဆောင်ရွက်ခဲ့သည်” ဟု အီးယူ ၏ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ရခြင်း အကြောင်းအရင်းများတွင် ဖော်ပြထားသည်။

ပြင်သစ်ရှေ့နေများ ဖြစ်ကြသည့် William Bourdon နှင့် Lily Ravon တို့သည် ရေချယ်တေဇ အသုံးပြုသည့် Banca Nazionale del Lavoro ဘဏ်ကိုလည်း အီးယူ ဒဏ်ခတ်ပိတ်ဆို့မှုများနှင့်အညီ အရေးယူဆောင်ရွက်ပေးရန် အမှုတွဲဖိုင် တစ်ခု တင်သွင်းခဲ့ပြီး ယင်းဘဏ်ကို BNP Paribas က ပိုင်ဆိုင်ကြောင်း သိရသည်။

ရေချယ်တေဇသည် မီလန်မြို့တွင် နေထိုင်လျက်ရှိပြီး မကြာသေးမီကမှ ယင်းမြို့ရှိ ဖက်ရှင် သင်တန်းကျောင်းမှ ကျောင်းပြီးခဲ့ခြင်းဖြစ်ကြောင်း၊ ထူးကုမ္ပဏီများအုပ်စုမှ အမြတ်အစွန်းများဖြင့် ကျောင်းတက်ခဲ့ခြင်း ဖြစ်ကြောင်း Justice For Myanmar က ဆိုသည်။

ရေချယ်သည် အီတလီတွင်ရှိနေစဉ်​ေ စစ်တပ်၏ အာဏာသိမ်း ကြိုးပမ်းမှုနောက်ပိုင်းတွင်မှ တည်ထောင်ခဲ့သည့် ကုမ္ပဏီအသစ်များနှင့် မြန်မာစစ်တပ်နှင့် တိုက်ရိုက် စီးပွားရေးလုပ်ငန်းများရှိသည့် ကုမ္ပဏီများအပါအဝင် အနည်းဆုံး ထူးအုပ်စု ကုမ္ပဏီ ၇ ခုတွင် ဒါရိုက်တာအဖြစ် ဆောင်ရွက်လျက်ရှိပြီး ရှယ်ယာများလည်း ဆက်လက် ပိုင်ဆိုင်ထားကြောင်း သိရှိရသည်။

အီးယူ၏ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခံထားရသည့် မြန်မာစစ်တပ်၏ စစ်ထောက်ချုပ်ရုံးနှင့် တည်ဆောက်-လုပ် ကိုင်-လွှဲပြောင်း (ဘီအိုတီ) သဘောတူစာချုပ်ဖြင့် လုပ်ကိုင်သော Ayeyarwaddy Resorts and Lodges Company Limited လည်း ပါဝင်ကြောင်း၊ ၎င်းတို့၏ စီမံကိန်းများမှ တစ်ခုသည် ရန်ကုန်ရှိ မြေဧရိယာ ၂၂ ဧကပေါ်တွင် ဆောင်ရွက်သော စီးပွားရေးဆိုင်ရာစီမံကိန်းဖြစ်ပြီး၊ ယင်းစီမံကိန်းသည် နှစ် ၅၀ လုပ်ကိုင်ခွင့်စာချုပ်အရ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁.၆၅ သန်းနီးပါး စစ်တပ်အား ပေးချေရကြောင်း Distributed Denial of Secrets (DDoS) က ထုတ်ပြန်ခဲ့သည့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် အချက်အလက်များအရ သိရသည်။

အီတလီနိုင်ငံတွင် နေ၍ မြန်မာပြည်မှ ရှယ်ယာပိုင်ဆိုင်ထားပြီး ဒါရိုက်တာအဖြစ်ဆောင်ရွက်နေသည့် ရေချယ်တေဇ၏ အခြားကုမ္ပဏီ များမှာ Htoo Capital ကုမ္ပဏီလီမိတက်၏ ကုမ္ပဏီခွဲ Pegu Wood Company Limited နှင့် Htoo Tech Company Limited ၏ ကုမ္ပဏီခွဲ One Fibre Company Limited တို့ ဖြစ်ပြီး ယင်းကုမ္ပဏီ ၂ ခုလုံးသည် အကြမ်းဖက် စစ်တပ်၏ တရားမဝင် အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်းတွင် တည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့ပြင် ရေချယ်တေဇသည် ဖျက်သိမ်းခဲ့ပြီးဖြစ်သည့် Myanmar Avia Export Company Limited တွင်လည်း ဒါရိုက်တာနှင့် ရှယ်ယာရှင် ၁ ဦး ဖြစ်ခဲ့ပြီး ယင်းကုမ္ပဏီသည် အကြမ်းဖက် မြန်မာ စစ်တပ်အတွက် ရုရှား စစ်လေယာဉ်များနှင့် အပိုပစ္စည်းများ တင်သွင်းထောက်ပံ့သည့် စစ်လက်နက်ပွဲစား ကုမ္ပဏီတစ်ခု ဖြစ်ကြောင်း သိရှိရသည်။

အမေရိကန်ပြည်ထောင်စုက ရေချယ်တေဇကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ဒဏ်ခတ်ပိတ်ဆို့ မှုများ ချမှတ်ခဲ့ကြောင်း၊ ဖခင် တေဇကိုမူ အီးယူ၊ အမေရိကန်ပြည်ထောင်စု၊ ယူကေနှင့် ကနေဒါနိုင်ငံတို့က ဒဏ်ခတ် ပိတ်ဆို့မှုများ ချမှတ်ထားပြီး ရေချယ်တေဇ၏ အစ်ကိုများ ဖြစ်ကြသည့် ပြည့်ဖြိုးတေဇနှင့် ထူးထက်တေဇတို့ကိုလည်း အမေရိကန်ပြည်ထောင်စု၊ ယူကေနှင့် ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားကြောင်း သိရသည်။

ထူး ကုမ္ပဏီ အုပ်စုသည် စစ်လက်နက်များ ရောင်းချပေးအပ်မှုများအပြင် အကြမ်းဖက် စစ်တပ် အတွက် ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှု စစ်ဆင်ရေးကို အားပေး ထောက်ခံကူညီသည့်အနေဖြင့် ၂၀၁၇ ခုနှစ်တွင် အလှူဘဏ္ဍာငွေများ လှူဒါန်းခဲ့ကြောင်း၊ ယင်းအချက်ကို ထူး စီးပွားရေး လုပ်ငန်းစုကြီးအပေါ် အီးယူက ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ရာတွင် မှတ်ချက်ပြု ဖော်ပြထားကြောင်း၊ အီးယူအနေဖြင့် ရေချယ်တေဇအပါအဝင် ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များနှင့် စုဖွဲ့ထားသည့် ထူးအုပ်စုကွန်ရက် တစ်ခုလုံး အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန်၊ အလားတူ မြန်မာစစ်အုပ်စု ခရိုနီများနှင့် စစ်လက်နက်ပွဲစား အားလုံးအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် Justice For Myanmar က တောင်းဆိုထားသည်။

“အီတလီအာဏာပိုင်တွေအနေနဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို အသက်ဝင်လည်ပတ်အောင် ကြပ်မတ်ဆောင်ရွက်မှု အားနည်းတာတွေက ရေချယ်တေဇကို တရားမဝင်၊ ဥပဒေနဲ့မညီတဲ့ စစ်အုပ်စုအတွက် ဘဏ္ဍာငွေပေးအပ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို အီတလီနိုင်ငံကနေ လုပ်ဆောင်နိုင်ဖို့ ခွင့်ပြုပေးခဲ့တာပဲ ဖြစ်ပါတယ်” Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောဆိုသည်။

ရေချယ်တေဇနှင့် ၎င်း၏ မိသားစုများက မြန်မာစစ်တပ်၏ အဆုံးအစမဲ့ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ထူးကုမ္ပဏီအုပ်စုမှ တဆင့် အားပေးကူညီခဲ့ကြောင်း၊ မြန်မာပြည်သူလူထု အသက်သွေးချွေးများပေါ်မှ အကျိုးအမြတ်များ ရရှိခဲ့ကြကြောင်း၊ ရေချယ်တေဇကို အီးယူ ဒဏ်ခတ်ပိတ်ဆို့မှုများနှင့်အညီ တရားဥပဒေရှေ့မှောက်တွင် တာဝန်ခံစေသင့်ကြောင်း၊ အီတလီ နိုင်ငံအနေဖြင့် ၎င်းအပါအဝင် အခြားမည်သည့် မြန်မာခရိုနီကိုမှ ၎င်းတို့၏ သွေးစွန်းစီးပွားရေး လုပ်ငန်းများကို အီတလီမြေပေါ်မှ မလုပ်ဆောင်နိုင်စေရေး ကြီးကြပ် ဆောင်ရွက်ရန် လိုအပ်ကြောင်း Justice For Myanmar က ပြောဆိုထားသည်။

အီးယူ အပါအဝင် အခြားအစိုးရများ အနေဖြင့် ကုမ္ပဏီကွန်ရက်တစ်ခုလုံးကို လွှမ်းခြုံနိုင်သည့် ပိုမိုအားကောင်းပြီး မဟာ ဗျူဟာကျကျ ညှိနှိုင်းဆောင်ရွက်ချမှတ်သည့် ဒဏ်ခတ် ပိတ်ဆို့မှုများနှင့် အားကောင်းခိုင်မာသည့် အရေးယူ ဆောင်ရွက်မှုများမှ တဆင့် အကြမ်းဖက် စစ်အုပ်စု၏ ဘဏ္ဍာငွေ စစ်လက်နက် ရရှိနေမှုများကို ပိတ်ဆို့နိုင်ရေး ပိုမိုလုပ်ဆောင်ရန် လိုအပ်နေကြောင်း၊ မြန်မာပြည်သူလူထုသည် အကြမ်းဖက် စစ်တပ် ကျရှုံးနေပြီဖြစ်သည့် အာဏာသိမ်းကြိုးပမ်းမှုကို သတ္တိပြောင်မြောက်စွာဖြင့် ၃ နှစ်ကျော်တိုင် ခုခံ တောင်လှန်နေကြဆဲဖြစ်ကြောင်၊ အီတလီနိုင်ငံနှင့် အီးယူတို့အနေဖြင့် လူ့အခွင့်အရေးကို လေးစားတန်ဖိုးထားပြီး တရားမျှတမှုနှင့် တာဝန်ခံမှုကို အာမခံလျက် အားလုံး ပါဝင်နိုင်သည့် မြန်မာနိုင်ငံသစ် တည်ဆောက်ရေး ကြိုးပမ်းဆောင်ရွက်နေသည့် မြန်မာပြည်သူလူထုနှင့် အတူ ရပ်တည်ရမည်ဖြစ်ကြောင်း Justice For Myanmar က တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article