25 C
Yangon

မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်တွင် စစ်တပ်က တစ်ညလုံး လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးများ၊ အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် မြို့သစ်မှ လူနေအိမ် ၅၀ နီးပါး မီးလောင်ပြာကျ

Must read

မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်တွင် စစ်တပ်က တစ်ညလုံး လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးများ၊ အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် မြို့သစ်မှ လူနေအိမ် ၅၀ နီးပါး မီးလောင်ပြာကျ

ရန်ကုန်၊ မတ် ၉

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်တွင် စစ်တပ်က ယမန်နေ့ ညဉ့်နက်ပိုင်းမှစတင်ပြီး ယနေ့ နံနက်အစောပိုင်းအထိ တစ်ညလုံး လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် လူနေအိမ် ၅၀ နီးပါး မီးလောင်ပြာ ကျသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

မတ်လ ၇ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ရှိ အကြမ်းဖက် စစ်ကောင်စီ ခြေလျင်တပ်ရင်း – ခမရ ၃၅၅ တပ်နှင့် စစ်ဗျူဟာကုန်းနေရာ၊ တပ်ရင်းတပ်ဖွဲ့များကို KNLA ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ယမန်နေ့ မတ်လ ၈ ရက်နေ့ တစ်ရက်လုံးတွင်လည်း တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ခမရ ၃၅၅ တပ်ရင်းကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်တပ်က လေယာဉ်များဖြင့် တစ်နေကုန် ဗုံးကျဲခဲ့ပြီး ခမရ ၂၇၅ ကလည်း အတွဲလိုက်ဒုံးများ ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

“မနေ့ည ၁၁ လောက်မှာ စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲတာ၊ အတွဲလိုက်ဒုံးတွေနဲ့ ပစ်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်တာကြောင့် သင်္ဃန်းညီနောင်မြို့သစ် ညက မီးလောင်ပါတယ်။ အိမ်ခြေ အနည်းဆုံးတော့ ၅၀ လောက်ပါသွားတယ်လို့ သိရတယ်။ စစ်ဘေးရှောင်ကြတဲ့သူတွေပါ မီးပြန်ငြိမ်းကြရတယ်။ လေယာဉ်တွေ ဗုံးကျဲတာလည်း တစ်ညလုံးပဲ။ ၂၇၅ တပ်ကလည်း အတွဲလိုက်ဒုံးတွေပါ ပစ်တာ။ ဒီနေ့ နံနက်အစောပိုင်းအထိပဲ” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

စစ်ကောင်စီက ယမန်နေ့ ညဉ့်နက်ပိုင်းနှင့် ယနေ့ နံနက်အစောပိုင်းအထိ လေကြောင်းတိုက်ခိုက်မှုများလုပ်ရာတွင် ၁၅ မိနစ် တစ်ကြိမ် ဗုံးကျဲနေခဲ့ကြောင်း၊ ယမန်နေ့တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် မြ၀တီမြို့ သဘာ၀တရားရိပ်သာ ဘိုးဘွားဂေဟာအပေါ် ဗုံးကျဲပြီး အဘိုး ၂ ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိကြောင်း သိရှိရသည်။

လက်ရှိတွင် သင်္ဃန်းညီနောင်ပတ်ဝန်းကျင်မှ ကျေးရွာများ စစ်ဘေးရှောင်နေရပြီး မြ၀တီမြို့ပေါ်တွင်လည်း ပြည်သူများမှာ အထုပ်များပြင်၍ စစ်ဘေးရှောင်ရန် အဆင်သင့်ပြင်ထားရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article