25 C
Yangon

မင်းအောင်လှိုင် ထီးတော်တင်ရန် ပြင်ဆင်နေသည့် ပဲခူးမြို့ ကျိုက်ပညာယျ စေတီတွင် ညောင်ပင်ကျိုးကျ၍ ပဲခူးဝန်ကြီးချုပ် ဦးဆောင်ပြီး ရုက္ခစိုးတောင်း ပန်ပွဲလုပ်

Must read

မင်းအောင်လှိုင် ထီးတော်တင်ရန် ပြင်ဆင်နေသည့် ပဲခူးမြို့ ကျိုက်ပညာယျ စေတီတွင် ညောင်ပင်ကျိုးကျ၍ ပဲခူးဝန်ကြီးချုပ် ဦးဆောင်ပြီး ရုက္ခစိုးတောင်း ပန်ပွဲလုပ်

ရန်ကုန်၊ မတ် ၉

အကြမ်းဖက် မင်းအောင်လှိုင် ထီးတင်ရန် ပြင်ဆင်နေသည့် ပဲခူးမြို့ သမိုင်းဝင်ကျိုက်ပညာယျ စေတီတွင် ညောင်ပင်ကျိုးကျ၍ ပဲခူးစစ်ကောင်စီ ဝန်ကြီးချုပ် မျိုးဆွေဝင်း ဦးဆောင်ပြီး ရုက္ခစိုးတောင်း ပန်ပွဲ ပြုလုပ်ရကြောင်း ပဲခူးတိုင်းသတင်းရင်းမြစ်က ပြောဆိုသည်။

မတ်လ ၃ ရက်နေ့ ကျိုက်ပညာယျစေတီရှိ ညောင်ပင် ၂ ပင်အနက်မှ တစ်ပင်က လေတိုက်ခြင်းမရှိဘဲ အပင်မှ ကိုင်းများ ကျိုးကျခြင်း၊ ငြမ်းဆင်နေသည့် အလုပ် သမား ၁ ဦး ပြုတ်ကျသေဆုံးခြင်းများ ဖြစ်ပေါ်ခဲ့ခြင်း အစရှိသည့် အယူမကောင်းသော နမိတ်ဆိုးများ၊ အဖြစ်အပျက်အဆိုးများ ဖြစ်ပေါ်နေခြင်း ကြောင့် ပဲခူးတိုင်းစစ်ကောင်စီက ရုက္ခစိုးတောင်းပန်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

“မင်းအောင်လှိုင် ကိုယ်တိုင် ထီးတင်မယ့် ပဲခူးမြို့ ကျိုက်ပညာယျ စေတီမှာ နိမိတ်ဆိုးများ ဆက်တိုက်ဖြစ်နေတယ်။ ငြမ်းဆင်ရင်း အလုပ်သမားတစ်ဦး ပြုတ်ကျသေဆုံးတယ်။ မတ်လ ၃ ရက်နေ့ကစေတီ ပရဝဏ်မှာရှိနေတဲ့ ညောင်ပင်က အကိုင်းအခက်တွေ အကုန်ကျိုးကျတယ်။ အဲဒါ ညောင်ပင်စောင့် ရုက္ခစိုးကို တောင်းပွဲလုပ်တယ်။ ပွဲပေးတယ်” ဟု ပဲခူးတိုင်းသတင်းရင်းမြစ်က ရှင်းပြသည်။

ထို့ပြင် ထီးတင်မည့် ကျိုက်ပညာယျစေတီတွင် ဒရုန်းနှင့် ဂျန်ဘာများ တိုးမြှင့် တပ်ဆင်ထားပြီး စေတီ ပတ်ဝန်းကျင်၊ ပဲခူးတက္ကသိုလ်တို့တွင် စစ်တပ်လုံခြုံ ရေးများ တင်းကျပ်စွာ ချထားကြောင်း၊ နေပြည်တော်မှ ဗိုလ်ချုပ်များနှင့် ဝန်ကြီးများလည်း ထီးတင်ပွဲ ဖြစ်မြောက်ရေး မကြာခဏဆိုသလို လာရောက် ကြီးကြပ်နေကြောင်း သိရှိရသည်။

“အခုတော့ စေတီကို ပြည်ထောင်စု အဆင့် ဝန်ကြီး ဆိုသူတွေ လာပြီး ကြီး ကြပ်နေကြတယ်။ ဗိုလ်ချုပ်တွေ လည်း ပဲခူးမြို့ပေါ်ကို အလာစိတ်နေတယ်။ ကျိုက်ပညာယျ စေတီ က ရှေးဟောင်း သမိုင်းဝင် ဘုရားဖြစ်လို့ ဘယ်သူမှ ထီးတင်လို့ မရဘူး ဆိုတာမျိုး ရှေးလူကြီးတွေက တစ်ဆင့်စကား တစ်ဆင့် သယ်လာတာရှိတယ်။ အရန်စေတီ၊ ဌာပနာပိတ်တာတွေတော့ လုပ်ပြီးပြီ။ ဘုရားထီးတင်တာကလည်း ဗေဒင်အရ တင်ဖို့ လုပ်တာလို့ သိရတယ်” ဟု ပဲခူးတိုင်းသတင်းရင်းမြစ်က ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီက စစ်ပွဲများတွင် ရှုံးနိမ်နေခြင်း၊ နယ်မြေများ ဆုံးရှုံးခြင်း၊ အုပ်ချုပ်ရေးယန္တရား အောင်မြင်စွာ မအုပ်ချုပ်နိုင်ခြင်းတို့ကြောင့် မကြာ ခဏဆိုသလို ယတြာချေပွဲများ၊ ထီးတင်၊ ဘုရားတည် ယတြာချေမှုများ လုပ်ဆောင်လေ့ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပဲခူးတိုင်းစစ်ကောင်စီဝန်ကြီးချုပ် မျိုးဆွေဝင်း ပဲခူးမြို့ပေါ် ဘုရားများကို လှည့်ပတ် သွားလာနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article