25 C
Yangon

ဆားလင်းကြီးတွင် လူ ၄၀ ကျော်ကို ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)က ဖမ်းဆီးထားမှု အပေါ် ဆန္ဒပြသည့် ပြည်သူတချို့ကို ပလဖ အဖွဲ့က ရိုက်နှက်

Must read

ဆားလင်းကြီးတွင် လူ ၄၀ ကျော်ကို ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)က ဖမ်းဆီးထားမှု အပေါ် ဆန္ဒပြသည့် ပြည်သူတချို့ကို ပလဖ အဖွဲ့က ရိုက်နှက်

ရန်ကုန်၊ မတ်လ ၉

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် လူ ၄၀ ကျော်ကို ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ဖမ်းဆီးထားမှုအပေါ် ဆန္ဒပြခဲ့ကြသည့် ပြည်သူတချို့ကို ပလဖ အဖွဲ့က ရိုက်နှက်ခဲ့ကြောင်း ဆန္ဒပြခေါင်း ဆောင်ကိုပုက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၈ ရက်နေ့က ဆားလင်းကြီးမြို့နယ်၊ ဆားတုံးကျေးရွာအုပ်စု၊ စက်မှု ၁ ဝင်းအတွင်း မှ သံတိုသံစများ ဝင်ရောက်ယူဆောင်သဖြင့် ဖမ်းဆီးခံရသည့် ပြည်သူ ၄၀ ကျော်နှင့်ပတ်သက်၍ ပလဖ ရုံးရှေ့သို့ သွားရောက်မေး မြန်းရာဖြေရှင်းချက် မပေးသည့်အပြင် စခန်းရှေ့သို့ ရောက်ရှိလာသည့် ပြည်သူများကို အလုပ်လုပ်ခိုင်းခြင်း၊ အော်ဟစ် ငေါက်ငမ်းခြင်း၊ ရိုက်နှက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ထို့ကြောင့် လာရောက်မေးမြန်းသူ ပြည်သူတချို့က ဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။

“ဖမ်းဆီးခံထားရတဲ့သူတွေနဲ့ တွေ့ခွင့်တောင်းတော့လည်း တွေ့ခွင့်မပေးဘူး၊ ဟိုပို့ ဒီပို့နဲ့ ပို့တယ်ဗျ၊ ဘယ်ဆီပို့မလဲတော့ မသိဘူး၊ တွေ့ပေးမယ်ပြောပြီး တွေ့ခွင့်မပေးလို့ ဆန္ဒပြဖို့ အစီအစဉ်ဆွဲလိုက် တယ်ဗျ၊ ဆန္ဒပြတာကို ရုံးရှေ့အထိသွားတယ်ဗျ၊ ရုံးရှေ့အထိသွားပြီးတော့ ဖမ်းခံရတဲ့ သူတွေရဲ့မိသား စုဝင်တွေလည်းပါတယ်၊ အဓိကတော့ သူတို့ရဲ့မူကိုမကြိုက်လို့ ဆန္ဒပြတာလည်းပါတယ်၊ သူတို့ရဲ့ မူက သူတို့လုပ်ထုံးလုပ်နည်းတွေကို ကျနော်တို့မသိရဘူး၊ ဟိုရောက်ပြီဆိုမှ တစ်ရက်ပြီးတစ်ရက် စည်းကမ်းတွေပြောတယ်၊ ဒီနေ့ပြောတဲ့စည်းကမ်းနောက်တစ်ရက်ရောက်ရင်နောက်စည်းကမ်း တစ်ခု ပြောင်းတယ်၊ အဒီလိုဆိုတော့ ဒီနေ့မနက်အထိ ဆက်ဖြစ်တယ်ဗျ” ဟု ဆန္ဒပြခေါင်းဆောင် ကိုပုက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ထို့သို့ ပလဖအဖွဲ့နှင့် ဆန္ဒထုတ်ဖော်ကြသည့် ပြည်သူတချို့အ ကြား အငြင်းပွားမှုသည် ယနေ့ မတ်လ ၉ ရက် နံနက်ပိုင်းအထိ ဆက်လက်ဖြစ်ပွားခဲ့ပြီး ပလဖ အဖွဲ့က ပြည်သူလူထုကို သေနတ်ဒင်ဖြင့် ထုရိုက်ခြင်း၊ အကြမ်းဖက် ဖမ်းဆီးခြင်းတို့ လုပ်ဆောင်ကြောင်း၊ ထို့သို့ ပလဖ အဖွဲ့က ဖမ်းဆီးစဉ် ပကဖ အဖွဲ့က လည်း ဆန္ဒပြ ပြည်သူလူထု အတွင်း လက် နက်ကိုင်အဖွဲ့ အစည်းပါဝင်ခြင်းမရှိစေရဟုဆိုကာ စစ်ဆေးဖမ်းဆီးခဲ့ကြောင်း သိရသည်။

“ပလဖ ကတော့ ပြည်သူတွေကို ဖမ်းတယ်ဗျ၊ ပကဖကတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ဆန္ဒပြ တဲ့ အဖွဲ့ထဲမှာ လက်နက်ကိုင်အဖွဲ့တွေပါတယ်ဆိုပြီး လိုက်ဖမ်းတယ်ဗျ၊ အခုလိုက်ဖမ်းခံရတဲ့ကလေး တွေက သူတို့ ပကဖ အဖွဲ့ရဲ့ လမ်းစဉ်တွေကို မကြိုက်လို့ ထွက်ခဲ့ပြီး၊ ပြည်သူနဲ့အတူ တစ်သားတည်း နေနေတာ၊ အဲဒီကလေးတွေကို ပကဖက လိုက်ဖမ်းတယ်၊ ဒီနေ့ ပိုဆိုးသွားတယ်၊ ပလဖအဖွဲ့က မပြောမဆိုနဲ့ ဂန်းတွေဖောက်ပြီး ဝင်တယ်ဗျ၊ သားအမိ ၄ ယောက်ရှိတဲ့အိမ်၊ ယောက်ကျားလေးက ၁၂ နှစ်၊ မိန်းကလေးက ၁၈ နှစ်၊ မအေဖြစ်သူက ကလေးငယ်နဲ့နို့တိုက်နေတာကို ဘလိုင်းကြီးဝင်ဆွဲတယ်၊ ဝင်ဆွဲတာကို ပြည်သူတွေက သိလို့ဝင်တားတော့ ယောက်ျားလေးရော၊ မိန်းကလေးရောက်ကို သေ နတ်ဒင်နဲ့ထုသွားတယ်၊ ပြီးတော့ ဈေးဆိုင်ပစ္စည်းတွေလည်း လုပ်သွားတယ်၊” ဟု ဆန္ဒပြအဖွဲ့ခေါင်းဆောင်ကိုပုကို ပြောကြားသည်။

လက်ရှိအနေအထားအရ ဆန္ဒပြမှုဖြင့် ဖမ်းဆီးခံရသူ မရှိသော်လည်း စက်မှု ၁ အတွင်း သံတိုသံစဝင် ရောက်ယူဆောင်သည့် ကိစ္စဖြင့် ၆ လသား၏ မိခင်၊ မိန်းကလေး၊ ယောက်ျားလေး အားလုံး ဖမ်းဆီး ခံထားရသူ ၅၀ ခန့်ရှိကြောင်း၊ ၎င်းတို့ကို ပြန်လွှတ်ပေးခြင်းမရှိသလို မည်ကဲ့သို့ လုပ်ဆောင်ပေးမည် ကို အကြောင်းပြန်ကြားခြင်းမရှိသေးကြောင်း၊ ပလဖအဖွဲ့မှ သေနတ်ဒင်ဖြင့် ထုရိုက်နှက်သည့် ကိစ္စ ကို ပကဖအဖွဲ့က ညှိနှိုင်းနေကြောင်း သိရသည်။

“အခုလောလောဆယ်တော့ သေနတ်ဒင်နဲ့ထုသွားတဲ့ကိစ္စကို ပကဖကနေ ကြားခံဆောင်ရွက်ပြီး ညှိ နှိုင်း နေတယ်၊ အခုဖြစ်သွားတဲ့အမှုကိစ္စကိုလည်း ရုပ်သိမ်းပေးပါ၊ မတိုင်ကြားဖို့ရာ၊ ပြီးတော့ အချုပ် သားတွေကိုလည်း လွှတ် ပေးမယ်ပေါ့၊ လဲလှယ်တဲ့သဘောမျိုးပေါ့ဗျာ၊ ဒါပေမယ့် ပြည်သူတွေ အနေနဲ့ ကတော့ အဲလိုမျိုးလက်မခံနိုင်ဘူး၊ အချုပ်ချထားတဲ့ ပြည်သူတွေကလည်း ဘာအပြစ်မှမရှိဘူး၊ မင်းတို့ လုပ်သွားတာက ကြည့်ဦး၊ စစ်ကောင်စီလိုပဲ၊ မပြောမဆိုနဲ့ဝင်ဖမ်းတယ်၊ သေနတ်တွေဖောက်တယ်၊ ထင်မိထင်ရာလုပ်တယ်၊ လူတွေရိုက်သွားတယ်၊ အဲဒီပြစ်မှုကို ကျနော်တို့က တိုင်မှာဗျ” ဟု ဆန္ဒပြ အဖွဲ့ခေါင်းဆောင်ကိုပုကို ပြောဆိုသည်။

သံတိုသံစရှိသော စက်ရုံသည် စစ်ကောင်စီတပ်ဖွဲ့ရှိသည့်နေရာအနီးတွင်တည်ရှိပြီး ပလဖ အဖွဲ့မှ လက်နက်လုပ်ရန်အတွက်ဟု ဆိုကာ ဝင်ရောက်ယူဆောင်ခဲ့ကြောင်း၊ ထိုသို့ယူဆောင်ပြီးနောက် ပြည်သူလူထုတွေအနေဖြင့် ဝင်ရောက်ယူဆောင်နိုင်သည်ဟုဆိုသဖြင့် စားဝတ်နေရေးအခက်အခဲ အရ ပြည်သူများက ဝင်ရောက်ယူဆောင်ခဲ့ရာ ပလဖအဖွဲ့၏ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article