30 C
Yangon

စစ်တွေ မွတ်ဆလင်ရပ်ကွက်အတွင်းသို့ လက်နက်ကြီးကျ ၈ ဦးသေဆုံး

Must read

စစ်တွေ မွတ်ဆလင်ရပ်ကွက်အတွင်းသို့ လက်နက်ကြီးကျ ၈ ဦးသေဆုံး

ရန်ကုန်| မတ် ၁၀

ရခိုင်ပြည် မြို့တော် စစ်တွေမြို့အတွင်း မွတ်စလင်ရပ်ကွက်သို့ ယမန်နေ့ မတ်လ ၉ ရက်နေ့ည ၉ နာရီကျော်အချိန်တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် မွတ်စလင် ၈ ဦးသေဆုံးပြီး ၁၂ ဦးပြင်းထန်ဒဏ်ရာများ ရရှိသွားသည်။

ယမန်နေ့ ညက စက်ရုံစုရပ်ကွက်ရှိ စစ်ကောင်စီ ရဲတပ်ရင်းအမှတ် ၁၂ မှ ပစ်ခတ်သော လက်နက်ကြီးကျည် ၅ လုံးထဲက ၁ လုံးမှာ မွတ်စလင်လူမျိုးများနေထိုင်ရာ ကသဲရွာရပ်ကွက်နှင့် အင်ဘာလာရပ်ကွက် အစပ်ကြား ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

” ပွဲချင်းပြီးက ၅ ယောက်သေတယ်။ ဆေးရုံရောက်မှ ၃ ယောက် ထပ်သေတယ်။ ထိခိုက်ဒဏ်ရာ ရတာက ၁၂ ယောက်ပါ။ အခု စစ်တွေပြည်သူ့ဆေးရုံမှာ ကုသနေရပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့ သူတွေထဲမှာ စိုးရိမ်ရတဲ့ သူတွေလည်း ပါပါသေးတယ်။ ” ဟု မွတ်စလင်တစ်ဦးက ပြောသည်။

သေဆုံးသူများထဲတွင် ကျား/မ အရေအတွက်ခွဲခြားမသိရသော်လည်း သက်ကြီးပိုင်းနှစ်ဦးနှင့် ကလေးနှစ်ဦး ပါဝင်ပြီး ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် အမျိုးသမီးအများဆုံးပါဝင်ကြောင်း ၎င်းက ပြောသည်။

ပေါက်ကွဲမှုဖြစ်ပြီး နာရီဝက်အတွင်း စစ်ကောင်စီတပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး အရပ်ကွက်အတွင်း လုံခြုံရေးယူကာ သေဆုံးဒဏ်ရာရရှိသူများကို ချက်ချင်းဆေးရုံပို့ရန် ယူဆောင်သွားသည်ဟု နောက်ထပ် မွတ်စလင်တစ်ဦးက ပြောသည်။

“အသံအကျယ်ကြီးကြားရတယ်။ ပထမအချက်တွေက ဘယ်ကိုပစ်တာလဲတော့မသိဘူး။ နောက်တစ်ချက်ပစ်ပြီးတော့ အနားမှာ ပေါက်ကွဲသံအကျယ်ကြီးကြားရတယ်။ သွားမကြည့်ရဲလို့ အိမ်ထဲကနေပြီးတော့ပဲ ကြည့်နေလိုက်တယ်။ ပေါက်ကဲပြီး သိပ်မကြာခင်မှာ ရဲကား၊ စစ်ကားတွေနဲ့ရောက်လာပြီး ထိခိုက်သေဆုံးသူတွေကို တင်သွားတာတွေ့လိုက်တယ်” ဟု မျက်မြင်မွတ်စလင်တစ်ဦးက ဆိုသည်။

စစ်တွေမြို့ စက်ရုံစုရပ်ကွက်ရှိ စစ်ကောင်စီ၏ အမှတ် ၁၂ ရဲတပ်ရင်းသည် တကျော့ပြန်တိုက်ပွဲ စတင်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ကတည်းကစ၍ လူနေ မြို့ရွာများအား လက်နက်ကြီးများ အမြဲတမ်းလိုလို ပစ်ခတ်နေခြင်းဖြစ်သည်။

ကုန်ခဲ့သည့် ဖေဖော်ဝါရီလ ၂၉ ရက်နေ့ကလည်း ပြည်တော်သာရပ်ကွက်ရှိ စစ်တွေရေတပ်စခန်းမှ စစ်တွေမြို့မဈေးကြီးအား လူစည်ကားနေချိန် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ပြောဆိုထားသည်။

ထိုဖြစ်စဉ်အတွင်း UNOCHA ၏ စာရင်းအရ အပြစ်မဲ့ပြည်သူ အနည်းဆုံး ၂၁ ဦးသေဆုံးခဲ့ပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီမှ စစ်တွေမြို့တွင်းသို့ လက်နက်ကြီးများ မကြာခဏပစ်ခတ်နေ၍ မြို့တွင်းနေပြည်သူများမှာ ဘေးကင်းရာနေရာများနှင့် ရန်ကုန်မြို့သို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article