38 C
Yangon

စစ်မှုထမ်းရန် မဲပေါက်သူများနှင့် နာမည်စာရင်းအတိအကျ ပါထားသူများ ထွက်မပြေးရန် မိဘဆွေမျိုးညီအစ်ကို မောင်နှမများကို အာမခံ လက်မှတ်ထိုးခိုင်း၊ မြို့နယ်တချို့တွင် စစ်တပ်က မဲပေါက်သည့် လူငယ်များကို တပ်ထဲခေါ်သွား

Must read

စစ်မှုထမ်းရန် မဲပေါက်သူများနှင့် နာမည်စာရင်းအတိအကျ ပါထားသူများ ထွက်မပြေးရန် မိဘဆွေမျိုးညီအစ်ကို မောင်နှမများကို အာမခံ လက်မှတ်ထိုးခိုင်း၊ မြို့နယ်တချို့တွင် စစ်တပ်က မဲပေါက်သည့် လူငယ်များကို တပ်ထဲခေါ်သွား

■ စစ်ထဲသွားရမည့် လူငယ်များကို ငွေကြေးပံ့ပိုးကြရေးဟုဆိုကာ အုပ်ချုပ်ရေးအဖွဲ့နှင့်စစ်တပ်က ပူးပေါင်း ငွေကောက်

ရန်ကုန်၊ မတ် ၁၆

နိုင်ငံတစ်ဝန်း စစ်မှုထမ်းရန် မဲပေါက်သည့်လူငယ်များနှင့် နာမည်စာရင်း အတိအကျ ပါထားသူများ ထွက် ပြေးခြင်း မရှိစေရေး မိဘဆွေမျိုး ညီအစ်ကို မောင်နှမများက အာမခံကြရန် လက်မှတ်ရေးထိုးခိုင်းမှုများ ဖြစ်ပွား နေကြောင်း သိရှိရသည်။

မတ်လ ၁၃ ရက်နေ့မှစတင်၍ လာမည့် ဧပြီလကုန်ပိုင်း စတင်မည့် စစ်မှုထမ်း အပတ်စဉ် ၁ အတွက် နာမည်စာရင်းများ ကောက်ယူခြင်း၊ မဲနှိုက်ခိုင်းခြင်းများကို စစ်ကောင်စီ၏ ညွှန်ကြားချက်များအရ စစ်တပ်နှင့် ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များက လုပ်ဆောင်နေကြောင်း သိရှိရသည်။

ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်နှင့် ကော့မှူးမြို့နယ်တို့တွင် စစ်မှုထမ်းရန် တာဝန်ကျသည့် သူများကို ရွေးချယ်ရာတွင် လူငယ်များကို စုဝေး၍ မဲနှိုက်ခိုင်းကြောင်း၊ မဲပေါက်သူများကို စစ်မှုထမ်းမည့်အချိန်တွင် ထွက်မပြေးစေရေး မိဘများက အာမခံရန် လက်မှတ်ရေးထိုးခိုင်းကြောင်း သိရှိရသည်။

“ကော့မှူးဘက်က ရွာတွေမှာ အများစုက မတ်လ ၁၄ ရက်နေ့ မဲနှိုက်ရတယ်။ လူငယ်နာမည်စာရင်းတွေစုပြီး မိဘနဲ့လူငယ်တွေကို ခေါ်တယ်။ ပြီးတော့ မဲနှိုက်ခိုင်းတယ်။ မဲပေါက်သူတွေရှိတယ်။ တချို့ရွာတွေမှာ ၂ ဦး၊ တချို့ရွာတွေမှာ ၄ ဦး ။ ရွာလူဦးရေ အလိုက် လူငယ် အနည်းဆုံး ၂ ဦးကနေ လူငယ် ၁၀ ဦးလောက်အထိ မဲနှိုက်ရတယ်။ အသက် ၂၄ နှစ်ကနေ အသက် ၃၀ အတွင်းကို ဦးစားပေးတယ်။ အဲဒါ မဲပေါက်သူတွေကို ထွက်မပြေးဖို့ မိဘက အာမခံပါတယ်ဆိုတာ လက်မှတ်ထိုးရတယ်။ အဲဒီထူးထူးခြားခြား ကွမ်းခြံကုန်းနဲ့ ကော့မှူးရွာတချို့က မဲပေါက်တဲ့ လူငယ်တွေကို တစ်ခါတည်း တပ်ထဲကို ခေါ်သွားတယ်။ ဖမ်းတာမဟုတ်ဘူး။ ခေါ်ထားတာလို့ပြောတယ်။ ထွက်ပြေးမှာစိုးလို့ ” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

အလားတူ ရန်ကုန်တိုင်း၊ တွံ့တေးမြို့နယ်၊ လသာကျေးရွာနှင့် ကလီထော်ကျေးရွာအုပ်စုအတွင်းမှ ကျေးရွာများတွင် စစ်မှုထမ်းရန် လူငယ်များကို မတ်လ ၁၄ ရက်နေ့တွင် မဲနှိုက်ခိုင်းပြီး မဲပေါက်သည့် လူငယ်တချို့ကို ရဲနှင့်စစ်တပ်က မတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် လာရောက် ခေါ်ဆောင်သွားကြောင်း၊မိဘများကို ကန်တော့ခိုင်းပြီး တပ်ထဲတွင် ခေါ်ယူထားမည်ဖြစ်ကြောင်း၊ ထိုသို့ ခေါ်ယူခြင်းမှာ ထွက်မပြေးဘဲ စစ်မှုထမ်းရန်အတွက် အဆင်သင့် ပြင်ဆင်ပေးရန်ဖြစ်သည်ဟု စစ်တပ်က မိဘများကို ပြောသွားကြောင်း သိရှိရသည်။

ထို့အတူ ဒဂုံမြို့သစ်တောင်ပိုင်းတွင်လည်း ရပ်ကွက်အလိုက် စစ်မှုထမ်းမည့်လူငယ်များကို မဲနှိုက်ခိုင်းပြီး မဲပေါက်သည့်လူငယ်များကို သက်ဆိုင်ရာမြို့နယ်ရဲစန်းတွင် အပတ်စဉ် သတင်းပို့ ခြေချုပ်လက်မှတ်ရေးထိုးရန်၊ ခရီးသွားလာခြင်း မပြုရန်၊ မိဘများက မိမိတို့၏ သားများ စစ်မှုထမ်းရန် အချိန်ကျချိန် ထွက်မပြေးပါဟု အာမခံရန် ရဲနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ပူးပေါင်း၍ လက်မှတ်ရေးထိုးခိုင်းကြောင်း သိရှိရသည်။

အလားတူ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်နှင့် မကွေးတိုင်းအတွင်းရှိ ကျေးရွာများတွင် စစ်မှုထမ်းရန် မဲပေါက်ကြသည့် လူငယ်များကို ဝတ်စုံဖိုး၊ လစာနှင့်ခံစားခွင့်များ ပေးနိုင်ရေးအတွက် ရပ်ကွက်နှင့်ကျေးရွာများမှ ပြည်သူများက အလှူငွေများ ထည့်ဝင်ကြရန် ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် စစ်တပ်က ပူးပေါင်း ငွေကောက်ခံကြောင်း သိရှိရသည်။

“စစ်မှုထမ်းမယ့် လူငယ်လေးတွေကို တစ်လကို ၄ သိန်းခွဲလောက် ပေးနိုင်အောင် ပြည်သူတွေက ပံ့ပိုးရမယ်။ ဒါမှ စစ်ထဲဝင်မယ့် လူငယ်တွေလည်း စိတ်အားတက်ကြွမယ်ဆိုပြီး အုပ်ကြီးနဲ့အဖွဲ့က အလှူငွေကောက်တယ်။ တစ်အိမ်ကို တစ်လ ဘယ်လောက်တတ်နိုင်လဲမေးတယ်။ အနိမ့်ဆုံး တစ်အိမ် ၃၀၀၀ကျပ်နှုန်းကနေ စကောက်တယ်။ လစဉ်ပေးရမယ် ပြောတယ်။ သူတို့စစ်တပ်က လစာမပေးဘူးလားမေးတော့ ပေးတယ်တဲ့။ ပြည်သူတွေကလည်း လူငယ်တွေ စိတ်အားတက်ကြွဖို့ အပိုငွေကြေး ထောက်ပံ့ရမယ်ဆိုပြီး လစဉ် အလှူငွေ ထည့်ခိုင်းတယ်” ဟု ပျဉ်းမနားမြို့နယ်၊ သူဌေးကုန်းကျေးရွာမှ ပြည်သူတစ်ဦးက ရှင်းပြသည်။

စစ်ကောင်စီက တစ်လလျှင် လူဦးရေ ၅၀၀၀ နှုန်း စစ်မှုထမ်းရမည်ဟု ထုတ်ပြန်ထားသော်လည်း လက်ရှိရန်ကုန်ခေတ်သစ်သတင်းဌာနက ရရှိထားသော သ တင်း အချက်အလက်များနှင့် ပြင်ဆင်မှုများအရ လစဉ် စစ်ကောင်စီက စစ်မှု ထမ်းရန် ခေါ်ယူမည့် စစ်သားအရေအတွက် အနိမ့်ဆုံး လစဉ် လူဦးရေ တစ်သောင်း အထက်ခေါ်ယူနိုင်သည်ကို စိစစ်တွေ့ရှိရသည်။

ဓာတ်ပုံ- စစ်ကောင်စီက ခေါ်ယူထားသော ပြည်သူ့စစ်အဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article