30 C
Yangon

ပြည်တွင်းတွင် ခရီးသွားမည်ဆိုပါက ခရီးသွား ရပ်ကွက်/ကျေးရွာထောက် ခံစာ(သို့မဟုတ်) ရဲစခန်း ထောက်ခံစာ တင်ပြမှသာ လက်ခံရန် ခရီးသည်တင်ယာဉ်လိုင်းများကို စစ်ကောင်စီက ညွှန်ကြား

Must read

ပြည်တွင်းတွင် ခရီးသွားမည်ဆိုပါက ခရီးသွား ရပ်ကွက်/ကျေးရွာထောက် ခံစာ(သို့မဟုတ်) ရဲစခန်း ထောက်ခံစာ တင်ပြမှသာ လက်ခံရန် ခရီးသည်တင်ယာဉ်လိုင်းများကို စစ်ကောင်စီက ညွှန်ကြား

■ စစ်မှုမထမ်းလို၍ ထွက်ပြေးမည့် လူငယ်များကို ပစ်မှတ်ထားပုံရဟု သုံးသပ်

ရန်ကုန်၊ မတ် ၁၉

မြန်မာနိုင်ငံအတွင်းတွင် ခရီးသွားမည့်သူများအားလုံး ခရီးသွား ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံ စာ(သို့မဟုတ်) ရဲစခန်း ထောက်ခံစာ တင်ပြနိုင်မှသာလျှင် လက်မှတ်ရောင်းပေးကြရန် ခရီးသည်တင်ယာဉ်လိုင်းများကို စစ်ကောင်စီကညွှန်ကြားချက် ထုတ်ပြန်လိုက်ကြောင်း ခရီးသည်ယာဉ်လိုင်းများက ပြောဆိုကြသည်။

ယမန်နေ့ ညနေပိုင်းမှစတင်၍ အဆိုပါ ညွှန်ကြားချက် ထွက်ရှိလာခြင်းဖြစ်ပြီး ခရီးသွားမည့်သူများ၏ အသေးစိတ် အချက်အလက်များကိုပါ တောင်းယူကြရန် ယာဉ်လိုင်းများကို စစ်ကောင်စီက ညွှန်ကြားထားကြောင်း သိရှိရသည်။

“ရဲစခန်းထောက်ခံစာ ၊ ရပ်ကွက်ထောက်ခံစာတွေ‌ အဲလိုတောင်းပေးရမယ်ဆိုပြီးပြောလို့တောင်း ရတာ၊ ဘယ်က တောင်းခိုင်းတာလဲဆိုတော့ မသိဘူး၊ ရန်ကုန်မှာ စာနဲ့လာတာ၊ ရန်ကုန်ကနေ လှမ်း ပြောလို့ ဒီဘက်ကလည်း အဲဒီအတိုင်းပဲ ပြောပေးရတာ၊ ဘယ်အဖွဲ့အစည်းကတောင်းခိုင်းတာလဲဆို တာတော့ မသိရဘူး” ဟု ရန်ကုန်-မန္တလေး ပြေးဆွဲနေသော Academy Express မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

နယ်ဒေသများမှ ရန်ကုန်သို့ အလုပ်ဖြင့် လာရောက်မည်ဆိုပါက အလုပ်ခေါ်စာ၊ တည်းခိုးမည့်နေရာ လိပ်စာ၊ ဖုန်းနံပါတ်များ အပြည့်အစုံ မှတ်ယူထားရမည်ဖြစ်ကြောင်း သိရှိရသည်။

“နယ်ကနေ ရန်ကုန်ဆိုရင် ဆေးကုမယ်ဆိုရင်လည်း ဆေးခန်း လိပ်စာ၊ ဆေးစာအုပ်၊ ဆရာဝန် အမည် စသည်ဖြင့် အကုန် ထောက်ခံစာနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းပါရမယ်။ ရန်ကုန်ကနေ နယ်သွားမယ်ဆိုရင်တော့ ခရီးသွားထောက်ခံစာ အဓိက လိုအပ်ပါမယ်” ဟု အဝေးပြေး ခရီးသည်ယာဉ်လိုင်းတစ်ခုက ပြောဆိုသည်။

အဆိုပါ ခရီးသွားထောက်ခံစာစနစ်ကို စစ်ကောင်စီက ပြန်လည် စတင်လိုက်ခြင်းမှာ စစ်မှုမထမ်းလို၍ ထွက်ပြေးမည့် လူငယ်များကို ပစ်မှတ်ထားပုံရကြောင်း အဝေးပြေးယာဉ်လိုင်းတချို့က ဆိုကြသည်။

“အရင်ကလည်း ခရီးသွားထောက်ခံစာပါရမယ်ဆိုတာရှိပေမယ့် ဒီလောက်ကြီးတော့ မတင်းကျပ်ဘူး။ အခုမှ ကောက်ကာငင်ကာ တောင်းခိုင်းတာက စစ်မှုမထမ်းချင်လို့ လူငယ်တွေ ပြေးမှာစိုးလို့ထင်တာပဲ” ဟု ခရီးသည်ယာဉ်လိုင်းတာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article