ဘုတလင်မြို့နယ်၊ ဝက်လူးအိုင်ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး
ရန်ကုန်၊ မတ် ၂၁
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ဝက်လူးအိုင်ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ဆိုသည်။
မတ်လ ၂၀ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန်ဝန်းကျင် ဘုတလင်မြို့နယ်၊ ဝက်လူးအိုင်ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ကြောင်း၊ တိုက်လေယာဉ်က ရော့ကတ်များ အသုံးပြု ပစ်ခတ်ခဲ့ကြောင်း ၊ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။
*အခုလို ပစ်လိမ့်မယ်လို့ ထင်မှတ်မထားဘူး။ မြေပြင်မှာလည်း ဘာတိုက်ပွဲမှ မရှိသလို စစ်တပ်က စစ်ကြောင်းထိုးတာလည်း မရှိဘူး။ ကနဦးဆုံး ကင်းထောက် လေယာဉ်နဲ့ စထောက်လှမ်းတယ်။ အဲဒီလိုထောက်လှမ်းတော့ လေယာဉ်နဲ့ လာပစ် တော့မယ်ဆိုတာသိလို့ ရွာသား တွေက အိမ်တွေထဲဝင်ပုန်းနေကြရတယ်။ ခဏနေတော့ ဂျက် ဖိုက်တာနဲ့ လာပစ် တော့တာပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
တိုက်လေယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် ဝက်လူးအိုင်ကျေးရွာမှ အသက် ၇၅ နှစ်အရွယ် ဒေါ်ရွှေထုပ် သေဆုံးပြီး အသက် ၆၅ နှစ်အရွယ် ဒေါ်တာမမှာ တင်ပါး ကျည်ထိမှန်ဒဏ်ရာရရှိကြောင်း သိရှိရသည်။
” အသက် ၇၅ နှစ်ဒေါ်ရွှေထုပ် ကျည်စ ထိမှန်ပြီး သေတယ်။ အသက်၆၅နှစ် ဒေါ်တာမကတော့ တင်ပါးကျည်ထိမှန်တယ်။ တိုက်လေယာဉ်က ရွာအလယ်ကို ရော့ကတ် ၄လုံးပစ်တယ်။ နွား ၃ ကောင် ဒဏ်ရာရတယ်။ နောက် ထပ် နွားတစ်ကာင်နဲ့ ဝက်တစ်ကောင်ကတော့ သေတယ်။ နွားတဲတစ်လုံးလည်းပျက်တယ်။ ရွာအနောက်ပိုင်းကိုလည်း ရော့ကတ် ၄ လုံးနဲ့ပစ်တယ်။ ပစ်တာကRocket ၈ လုံး အပြင် လက်နက်ငယ်တွေနဲ့ပါ ပစ်တယ်” ဟု ဒေသပြည်သူက ရှင်းပြသည်။
ဝက်လူအိုင်ကျေးရွာသည် ဘုတလင်မြို့နှင့် ၁၂မိုင်ကျော်ကွာဝေးပြီး အိမ်ခြေ ၂၀၀ကျော်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ကြောင်း သိရှိရသည်။


