32 C
Yangon

စစ်မှုထမ်းရန် ကင်းလွတ်ခွင့်ရသူများ၊ ရွှေ့ဆိုင်းခွင့်ရှိသူများနှင့် လျှော့ပေါ့ခွင့်ရှိသူများ ဆိုင်ရာ အသေးစိတ်အချက် အလက်များကို နည်းဥပဒေတွင် ထည့် သွင်း

Must read

စစ်မှုထမ်းရန် ကင်းလွတ်ခွင့်ရသူများ၊ ရွှေ့ဆိုင်းခွင့်ရှိသူများနှင့် လျှော့ပေါ့ခွင့်ရှိသူများ ဆိုင်ရာ အသေးစိတ်အချက် အလက်များကို နည်းဥပဒေတွင် ထည့် သွင်း

■ အောက်ခြေအုပ်ချုပ်ရေးအဖွဲ့နှင့်ရွေးချယ်ရေးအဖွဲ့များကို လုပ်ပိုင်ခွင့်ပေးထားပြီး စစ်မှုမထမ်းရေး ငွေပေး၍ လွတ်နိုင်သော စျေးကွက်ကြီးဖြစ်လာမည်ဟုဆို

ရန်ကုန်၊ မတ် ၂၄

အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းရန် ကင်း လွတ် ခွင့်ရသူများ၊ ရွှေ့ဆိုင်းခွင့်ရှိသူများနှင့် လျှော့ ပေါ့ခွင့်ရှိသူများနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို နည်းဥပဒေတွင် ထည့်သွင်းထားကြောင်း သိရှိရသည်။

စစ်မှုမထမ်းမနေရ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ပုဒ်မ ၂၂ တွင် ကင်းလွတ်ခွင့်ရရှိသူများအဖြစ်-

(က) သာသနာ့ဝန်ထမ်းများ။

(ခ) အိမ်ထောင်သည်အမျိုးသမီးများ (အိမ်ထောင်ပျက်သော်လည်း သားသမီးရှိသူ အမျိုးသမီးလည်း ပါဝင်သည်)။

(ဂ) ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲတမ်းမသန်စွမ်းသူများ။

(ဃ) တပ်မတော်ဆေးစစ်ဆေးရေးဘုတ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းရန် အမြဲတမ်း မသင့်လျော်သူ ဖြစ်ကြောင်း သတ်မှတ် ထားသူများ။

(င) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုထားသူများဟု ပြဋ္ဌာန်းထားပြီး နည်းဥပဒေတွင်မူ အသေးစိတ် အချက် ၁၁ ချက် ထပ်မံ ပြဋ္ဌာန်းထားကြောင်း သိရှိရသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေတွင် ကင်းလွတ်ခွင့်ရသူများအဖြစ် အတန်း အစား ၁၁ မျိုး ပြဋ္ဌာန်းထားပြီး ယင်းပြဋ္ဌာန်းချက်မှာ ပုဒ်မ ၂၂ အရ-

၁။ သာသနာ့ဝန်ထမ်းများ။

၂။ ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲတမ်း မသန်စွမ်းသူများ။

၃။ တပ်မတော်ဆေးစစ်ဆေးရေးဘုတ်အဖွဲ့က ပြည်သူ့စစ်မှု ထမ်းရန် မသင့်လျော်သူဖြစ်ကြောင်း သတ်မှတ်ထားသူများ။

၄။ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က အမိန့် ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုထားသူများ။

၅။ဉာဏ်ရည်ဉာဏ်သွေး မမီခြင်းနှင့် အကျင့်စာရိတ္တ ပျက်ပြားခြင်းတို့ကြောင့် စစ်မှုထမ်းရန် မသင့်လျော်သူများ။

၆။ ဆေးစစ်ဆေးချက်အရ စိတ်ပေါ့သွပ်နေသူဖြစ်ခြင်း(သို့မဟုတ်) စိတ်ပေါ့သွပ်နေသည်ဟု သက်ဆိုင်ရာဥပဒေက ပြဋ္ဌာန်းထားသည့်အတိုင်း သတ်မှတ်ခံရသူများ။

၇။နိုင်ငံအတွက် တာဝန်ထမ်းနေပြီး အစားထိုးရန် မဖြစ်နိုင်သေးသော အသိပညာရှင်၊ အတတ်ပညာရှင်များ။

၈။တိုက်ပွဲတွင် ကျဆုံးခဲ့သော တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်၊ ပြည်သူ့စစ်အဖွဲ့များ၏ သား၊သမီး အရင်းအခြာ( ကိတ္တိသား/သားများ)၊ မွေးစားသား/သမီးများ(မပါ)။ အကယ်၍ ၎င်းသား/သမီး အရင်းများသည် ကိုယ်တိုင်ဆန္ဒပြုပါက စစ်မှုထမ်းရန် ခွင့်ပြုနိုင်သည်။

၉။အာဆီယံအဆင့်၊ အာရှအဆင့်၊ ကမ္ဘာ့အဆင့် အားကစားပြိုင်ပွဲများတွင် ရွှေ၊ ငွေ၊ ကြေး တံဆိပ် တစ်ခုခုရရှိသော အားကစားသမားများ။

၁၀။ နိုင်ငံ့တာဝန်ထမ်းဆောင်နေသော တစ်ဆက်စပ်တည်း လုပ်သက် ၂ နှစ်နှင့်အထက်ရှိသော ဆရာဝန်နှင့် သူနာပြုများ။

၁၁။ တစ်ဆက်စပ်တည်း လုပ်သက် ၂ နှစ်နှင့် အထက်ရှိသော စစ်သည်အစားခန့် အရပ်သားဝန်ထမ်းများ ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် နည်းဥပဒေတွင်ပင် လျှော့ပေါ့ခွင့်ရှိသူများအဖြစ်-

၁။ လျှောက်ထားသူမိဘနှစ်ပါးစလုံးသည် နိုင်ငံ့ဝန်ထမ်းအဖြစ် နှစ်ပေါင်း ၂၀ ထက်မနည်း တာဝန်ထမ်းဆောင်းနေဆဲဖြစ်ပါကလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သက်ပြည့်အငြိမ်းစားယူခဲ့သူဖြစ်ပါကလည်းကောင်း၊ အဆိုပါလျှောက်ထားသူက ဥပဒေအရ ၎င်းထမ်းဆောင်ရမည့် ပြည်သူ့စစ်မှုထမ်းကာလ၏ တစ်ဝက်အထိ လျှော့ပေးနိုင်သည်။

၂။ လျှောက်ထားသူ၏ မိဘနှစ်ပါးအနက် တစ်ဦးဦးသည် နိုင်ငံ့ဝန်ထမ်းအဖြစ် နှစ်ပေါင်း ၂၀ အထက် မနည်းတာဝန်ထမ်းဆောင်နေဆဲဖြစ်ပါကလည်းကောင်း၊ သက်ပြည့်အငြိမ်းစားယူခဲ့သူဖြစ်ပါကလည်းကောင်း၊ လျှောက်ထားသူအား သုံးပုံတစ်ပုံအထိ လျှော့ပေးနိုင်သည်။

၃။ ပြည်သူ့စစ်မှုထမ်းတစ်ဦးဦးသည် တာဝန်ထမ်းဆောင်နေသည့်ကာလအတွင်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါက ထိခိုက်ဒဏ်ရာရရှိထားသည့်နောက်ပိုင်း ဆက်လက် တာဝန်ထမ်းဆောင်ရန် ကျန်ရှိသည့်ကာလအား လျှော့ပေါ့ပေးနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

အလားတူ နည်းဥပဒေတွင်ပင် ရွှေ့ဆိုင်းခွင့်ရှိသူများအဖြစ်-

၁။ ပုဒ်မ ၁၅ (က)ပါအရ ယာယီအားဖြင့် စစ်မှုထမ်းနိုင်မည့် ကျန်းမာရေးအဆင့်မမီကြောင်း တပ်မတော်ဆေးစစ်ဆေးရေးဘုတ်အဖွဲ့၏ ထောက်ခံချက်ရသူများ။

၂။ နိုင်ငံ့ဝန်ထမ်းများ။

၃။ ပညာသင်ကြားနေသူများ။

၄။ အခြားပြုစုစောင့်ရှာက်မည့်သူမရှိသော မိအို၊ ဖအိုများကိုလုပ်ကျွေးနေသူများ။

၅။ထောင်ဒဏ်ကျခံနေရသူများ။

၆။မူးယစ်ဆေးဝါးဖြတ်ရန် ဆေးကုသမှုခံယူနေသူများ။

၇။ဆင့်ခေါ်ရေး အမိန့်စာရရှိသည့်နေ့ရက်မှ သတ်မှတ်သည့် နေ့ရက်အတွင်း သတင်းပို့ခြင်းမပြုရသေးမီကာလအတွင်း မိဘတစ်ဦးဦးသော်လည်းကောင်း၊ အိမ်ထောင်သည်အမျိုးသားဖြစ်ပါက ဇနီးသော်လည်းကောင်း ရုတ်တရက်သေဆုံးခြင်း။

၈။ဆင့်ခေါ်ရေးအမိန့်စာရရှိသည့်နေ့ရက်မှ သတ်မှတ်သည့်နေ့ရက်အတွင်း သတင်းပို့ခြင်းမပြုရသေးမီကာလအတွင်း မတော်တဆဖြစ်ရပ်တစ်ခုခုကြောင့် ဖြစ်စေ၊ အခြားသူတစ်ဦးဦး၏ပယောဂကြောင့်ဖြစ်စေ၊ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတစ်ခုခုအပြင်း အထန်ဒဏ်ရာရရှိသူဖြစ်ခြင်း၊။

၉။ဥပဒေနှင့်အညီ ချုပ်နှောင်ခံနေရသူ(သို့မဟုတ်) တရားရုံးတစ်ခုခုတွင် အမှုရင်ဆိုင်နေရသူ။

၁၀။နိုင်ငံတော်၏ လိုအပ်ချက်အရ ပညာရပ်များကို လေ့လာသင်ယူနေရသူဖြစ်ခြင်း။

၁၁။ ပြည်သူ့စစ်မှုထမ်းတာဝန်မှ ယာယီရွှေ့ဆိုင်းပေးရန် မဖြစ်မနေလိုအပ်ခြင်းတို့ ပါဝင်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက နည်းဥပဒေတွင် ပြဋ္ဌာန်းထားသော အချက်အလက်များသည် အောက်ခြ အုပ်ချုပ်ရေးအဖွဲ့များနှင့် စစ်တပ်၏ ရွေးချယ်ရေးအဖွဲ့များ၏ လုပ်ပိုင်ခွင့်ကို သတ်မှတ်ပေးထားခြင်းဖြစ်ကြောင်း၊ ပြဋ္ဌာန်းချက်များသည် တိကျခြင်းမရှိဘဲ သရေပင်းကဲ့သို့ လိုအပ်သလို ဆွဲဆန့်နိုင်၊ ကျုံ့နိုင် ရှိခြင်းကြောင့် လာဘ်ပေးလာဘ်ယူမှုများ အကြီးအကျယ် ဖြစ်ပေါ်မည်မှာသေချာကြောင်း တရားလွှတ်တော်ရှေ့နေတစ်ဦးက သုံးသပ်သည်။

“ဥပဒေနဲ့အညီ ခေါ်ချင်မှလည်း ခေါ်မယ်။ သူတို့ စစ်အင်အားလိုရင် ပေါ်တာဆွဲပြီးလည်းခေါ်မှာပဲ။ ဒါပေမယ့် နည်းဥပဒေ ပြဋ္ဌာန်းချက်တွေကတော့ လုပ် ပိုင်ခွင့် တွေ သတ်မှတ်ပေးလိုက်တာ။ စစ်မှုမထမ်းချင်ရင် ငွေပေးလို့ လွတ်နိုင်တဲ့ ဂယ်ပေါက်တွေတော့ အများကြီးဖြစ်လာတယ်။ ဂယ်ပေါက်ကနေ လွတ်အောင်ရှောင်ပြီး အဝေးဆုံးပြေးလို့ရနိုင်တယ်။ အကျင့်ပျက် ခြစားမှုတွေကတော့ အကြီးအကျယ်ဖြစ်မယ်။ အခုတောင် လူစားထိုးရင် သိန်း ၁၀၀၊ ၁၅၀ စျေးခေါ်နေကြပြီ။ နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေးကဏ္ဍမှာ လူငယ်အရင်းအမြစ်တွေ အကုန် ပျောက်ဆုံးပြီး ပြိုကျနေပြီ”ဟု တရားလွှတ်တော်ရှေ့နေက သုံး သပ် ပြောဆိုသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article