25 C
Yangon

စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေဖြင့် စစ်သားစုဆောင်းမှုများ မြို့နယ်ပေါင်း ၁၇၂ ခုတွင် အတင်းအကျပ် လုပ်နေ၊ အောက်ခြေ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များ၏ ငွေညှစ်ခြိမ်းခြောက်မှုများ အလွန်ဆိုးရွားစွာ ဖြစ်ပွားနေ

Must read

စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေဖြင့် စစ်သားစုဆောင်းမှုများ မြို့နယ်ပေါင်း ၁၇၂ ခုတွင် အတင်းအကျပ် လုပ်နေ၊ အောက်ခြေ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များ၏ ငွေညှစ်ခြိမ်းခြောက်မှုများ အလွန်ဆိုးရွားစွာ ဖြစ်ပွားနေ

ရန်ကုန်၊ မတ် ၂၄

စစ်မှုထမ်းဥပဒေ အရ မြန်မာနိုင်ငံ ရဲ့ မြို့နယ် ပေါင်း ၁၇၂ မြို့နယ် မှာ စတင်ပြီး စစ်သားစုဆောင်းတာတွေ လုပ် ဆောင်နေတယ်လို့ Data For Myanmar အဖွဲ့ က ထုတ်ပြန်ထားတဲ့ စာရင်းဇယား တွေ အရသိရှိရပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အသက်ဝင်ကြောင်း ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ကြေညာခဲ့ပြီးနောက် စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်လာတာဖြစ်ပါတယ်။

Data For Myanmar အဖွဲ့ က မတ်လ ၂၂ ရက်နေ့အထိ စုစည်းထားတဲ့ အချက်အလက်တွေအရ မြို့နယ်ပေါင်း ၁၇၂ မြို့နယ် မှာ စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ဖို့ စာရင်းကောက်ယူတာ၊ မဲနှိုက်ရွေးချယ်တာ၊ စစ်မှုထမ်းအသက်အရွယ်ရောက်သူအဖြစ် မှတ်ပုံတင်စာရင်းသွင်းဖို့ ဆင့်ခေါ်တာတွေ စတင်လုပ်ဆောင်နေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

လူဦးရေများတဲ့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ နေပြည်တော်ကောင်စီထဲက မြို့နယ်အများစုနဲ့၊ ကျန်တိုင်းနဲ့ ပြည်နယ်တွေက မြို့နယ်တွေမှာလည်း စတင်အကောင်အထည် ဖော်နေပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသ တွေထဲက မြို့နယ် အချို့မှာတော့ မြို့ပေါ်ရပ်ကွက်တွေနဲ့ နီးစပ်ရာ ကျေးရွာကိုသာ ဦးစားပေး လုပ်ဆောင်နေတာကိုတွေ့ ရတယ်လို့ Data For Myanmar ရဲ့ စစ်တမ်း အရသိရှိရပါတယ်။

စစ်မှုထမ်းဥပဒေအတွက် နည်းဥပဒေ ထုတ်ပြန်ထားခြင်းမရှိသေးတဲ့အပြင် အကောင်အထည်ဖော်တဲ့ လုပ်ငန်း စဉ်အဆင့်ဆင့်အပေါ် ပြည်သူတွေက ဝေဖန်ကန့်ကွက်မှုတွေလည်း ထွက်ပေါ်နေပါတယ်။

စစ်ကောင်စီ ဟာ ကချင်ပြည်နယ်က မြို့နယ် ၅ ခု ၊ ကရင်ပြည်နယ် က မြို့နယ် ၂ ခု ၊ ချင်းပြည်နယ် က မြို့နယ် ၅ ခု ၊ စစ်ကိုင်းထဲ က မြို့နယ် ၁၅ ခု ၊ တနင်္သာရီတိုင်း က မြို့ ၇ ခု၊ ပဲခူးတိုင်း က မြို့နယ် ၁၇ ခု ၊ မကွေးတိုင်းထဲက မြို့ ၁၁ ခု ၊ မန္တလေး တိုင်းထဲ က မြို့နယ် ၁၃ ခု၊ မွန်ပြည်နယ် က မြို့ နယ် ၆ ခု ၊ ရခိုင်ပြည်နယ် က မြို့နယ် ၉ ခု ၊ ရန်ကုန်တိုင်း က မြို့ နယ် ၃၂ မြို့ ၊ ရှမ်းပြည်နယ် တောင်းပိုင်း က ၁၃ မြို့ ၊ ရှမ်းပြည်နယ် မြောက်ပိုင်းက ၆ မြို့ နယ်၊ ရှမ်းပြည်နယ် အရှေ့ပိုင်းက ၂ မြို့ ၊ ဧရာဝတီတိုင်း က ၂၁ မြို့ နဲ့ နေပြည်တော် က ၈ မြို့နယ်တို့မှာ အဓမ္မ စစ်သားစုဆောင်းနေတာဖြစ်ပါတယ်။

Data For Myanmar အဖွဲ့ က ထုတ်ပြန်တဲ့ စာရင်းထဲမှာတော့ စစ်ကောင်စီ နဲ့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေတဲ့ ကရင်နီပြည်နယ် က စာရင်းတွေကိုတော့ မတွေ့ရပါဘူး။

ဒါ့အပြင် စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေက ငွေညှစ်မှုတွေ တစ်နိုင်ငံလုံးမှာ ဆိုးဆိုးရွားရွားဖြစ်ပွားနေတယ်လို့ ပြည်သူတွေက ပြောဆိုကြပါတယ်။

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ မုန်းဇလဲကျေးရွာ ဥက္ကဋ္ဌ မြင့်ကြည်က စစ်မှုမထမ်းလိုလျှင် ညောင်ပင်စောက်ကျေးရွာနဲ့ အင်းနက်ရွာ နှစ်ရွာပေါင်းပြီး ၃ လကို တစ်ကြိမ် သိန်း ၉၀ ပေးရမယ်လို့ မတ်လ ၂၀ ရက်နေ့မှာ အစည်းအဝေး ခေါ်ယူပြီး တရားဝင် ပြောဆိုပါတယ်။ အဲဒီလို သိန်း ၉၀ ပေးဖို့အတွက် ရွာတွေမှာရှိတဲ့ အိမ်ထောင်စုတွေအနေနဲ့ တစ်လကို တစ်အိမ်ကို အနည်းဆုံး ငွေကျပ် ၂သောင်းကနေ ၃ သောင်းအထိ မိသားစု အခြေနေပေါ်မူတည်ပြီး ကောက်ခံမယ်လို့ ဆိုပါတယ်။

အလားတူ ဧရာဝတီ တိုင်းဖျာပုံခရိုင် အမာမြို့နယ်ခွဲ ဒေးဒလူအုပ်စု ကကပိုင်ကျေးရွာမှာ အုပ်ချုပ်ရေးမှူး သောင်းရွှေနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင် ကြည်ခိုင်တို့က အသက်၁၈ နှစ်ကနေ အသက် ၃၅နှစ်အတွင်း စာရင်းဝင်လူငယ်တွေကို စစ်ထဲမဝင်ချင်ရင် တစ်ဦးလျှင် ငွေကျပ် ၂၈ သိန်းပေးရမယ်လို့ တောင်းခံပါတယ်။ ဒါ့အပြင် အိမ်ထောင်စုတစ်စုကို ငွေကျပ် ၃ သောင်း လစဉ် ပေးရမယ်လို့ အမိန့်ထုတ်ပြီး ငွေတောင်းခံနေတယ်လို့ သိရပါတယ်။

ထို့အတူ ဧရာဝတီတိုင်း ဖျာပုံမြို့နယ် ဒေါ်ညိမ်းကျေးရွာမှာ စစ်မှုထမ်းမယ့်လူစာရင်းကို ကျေးရွာအုပ်ချုပ်ရေးမှူး စည်သူကျော်က ပြုစုရာမှာ မှန်ကန်မျှတမှုမရှိတဲ့အတွက် အစည်းအဝေးပျက်သွားခဲ့ပါတယ်။ ရွာမှာ စစ်မှုထမ်းဖို့ လူ ၄ ဦး ရှာဖွေရမှာဖြစ်ပြီး အဲဒီလူ ၄ ဦး ရှာဖို့အတွက် ငွေကျပ် သိန်း ၁၀၀ ကုန်မယ်ဆိုပြီး အိမ်ထောင်စု တစ်စုကို ၁ သိန်း ငွေကောက်ခံပါတယ်။

တစ်အိမ် ၁ သိန်းငွေကောက်ခံရာမှာ အုပ်ချုပ်ရေးမှူး စည်သူကျော်နဲ့အတူ စိုးမင်းထွန်း၊ ဝင်းဌေး၊ မောနင်း၊ ကိုသက်၊ စိုးနိုင်၊ အောင်စိုးမိုး၊ မောင်စိုး အပါအဝင် ၈ဦး တို့က အဖွဲ့လိုက် ကောက်ခံကြတာပါ။ ဒါ့အပြင် ကျေးရွာ နယ်မြေမှူး စိုးမင်းထွန်း ၊ ဆယ်အိမ်မှူးငွေတိုး၊ ဆယ်အိမ်မှူးအောင်စိုးမိုး၊ ရုံးစာရေးကိုသက်တို့ကလည်း စစ်မှုထမ်းဥပဒေအကြောင်းပြပြီး ပြည်သူတွေကို ဖိနှိပ် အနိုင်ကျင့်မှုတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။

ဓာတ်ပုံ- စစ်မှုထမ်းဥပဒေကြေညာပြီးနောက် နိုင်ငံတစ်ဝန်းမှ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်သင်တန်း အတင်းအကျပ် တက်ခိုင်းနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article