32 C
Yangon

ထားဝယ် အကျဥ်းထောင်မှ နိုင်ငံရေး အကျဉ်းသား ကိုဝင်းသီဟကို ရဲတပ်ဖွဲ့က အကျဉ်းထောင်အတွင်းမှ ခေါ်ထုတ် သတ်ဖြတ်၊ သေဆုံးမှုကို မိသားစုထံ အသိမပေးဘဲ ဖုံးကွယ်ထား

Must read

ထားဝယ် အကျဥ်းထောင်မှ နိုင်ငံရေး အကျဉ်းသား ကိုဝင်းသီဟကို ရဲတပ်ဖွဲ့က အကျဉ်းထောင်အတွင်းမှ ခေါ်ထုတ် သတ်ဖြတ်၊ သေဆုံးမှုကို မိသားစုထံ အသိမပေးဘဲ ဖုံးကွယ်ထား

ရန်ကုန်၊ မတ် ၂၈

တနင်္သာရီတိုင်း၊ ထားဝယ် အကျဥ်းထောင်မှ နိုင်ငံရေး အကျဉ်းသား ကိုဝင်းသီဟကို အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲများက အကျဉ်းထောင်အတွင်းမှ ခေါ်ထုတ်သတ်ဖြတ်ပြီး သေဆုံးမှုကို မိသားစုထံ အသိမပေးဘဲ ဖုံးကွယ်ထားကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ၏ ဦးဆောင် ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၆ ရက်နေ့တွင် အကြမ်းဖက် စစ်‌တပ် လက်အောက်ခံ ရဲများက ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား ကိုဝင်းသီဟ ကို သက်သေခံပစ္စည်းများ လိုက်ပြရန်ဟူသော အကြောင်းပြချက်ဖြင့် ထားဝယ် အကျဥ်းထောင်မှ ခေါ်ထုတ်သွားကြောင်း သိရသည်။

ထိုသို့ ခေါ်ထုတ်ခံရပြီးနောက် မတ်လ ၁၆ ရက်နေ့မှစ၍ အကျဉ်းထောင်ကို ပြန်လည် ရောက်ရှိလာခြင်း မရှိတော့ကြောင်း စုံစမ်းသိရှိရကြောင်း၊ ကိုဝင်းသီဟသည် သက်သေခံပစ္စည်း လိုက်ပြခိုင်းစဉ် ထွက်ပြေးရန် ကြံစည်သဖြင့် ခြောက်လန့်ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးသွားကြောင်း ထားဝယ်အကျဉ်းဦးစီးဌာနမှ ပြောကြားမှုရှိသော်လည်း အလွန်ယုတ္တိကင်းမဲ့သည့် ပြောကြားမှုသာလျှင်ဖြစ်ပြီး ကိုဝင်းသီဟ သေဆုံးမှုအပေါ် မိသားစုထံ စာပို့အကြောင်းကြားခြင်း၊ ဖုန်းဆက်အသိပေးခြင်း မပြုဘဲ သတ်ဖြတ်ခဲ့မှု သတင်းကို ဖုံးကွယ်ထားကြောင်း သိရှိရသည်။

“လက်ရှိအကျဉ်းထောင်ထဲမှာရှိတဲ့ နိုင်ငံရေး အကျဉ်းသား အကျဉ်းသူတွေရဲ့ အသက်တွေဟာ အာမခံချက်မရှိဘဲနဲ့ အချိန်မရွေးခေါ်ယူသတ်ဖြတ်ခံရတဲ့ အခြေအနေမှာ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ အဲတော့ ထောင်တွေမှာပြောတဲ့ စကားအတိုင်းပဲပေါ့။ ကျွန်တော်တို့ရဲ့ အသက်တွေဟာ ၅ ကျပ်တန် မိတ္တူလောက်တောင်မှ တန်ဖိုးမရှိတော့ဘူးဆိုတဲ့ အမြင်ကိုလည်း သူတို့က ကျွန်တော်တို့ကို အဲဒီ Message ကိုပေးပြီးတော့မှ လူတစ်ယောက်ကို သတ်ဖို့အတွက်ဆိုရင် ထွက်ပြေးရန် ကြံစည်လို့ ဆိုတဲ့ အကြောင်းပြချက်မှုနဲ့တင် သတ်ဖြတ်လို့ရတယ်ဆိုတဲ့ အနေအထားတစ်ခုကို သူတို့ဖန်တီးထားပါတယ်” ဟု နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ၏ ဦးဆောင် ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောဆိုသည်။

ယင်းသို့ ဥပဒေမဲ့ သတ်ဖြတ်နေမှုများကို အကျဉ်းထောင်ပြင်ပရှိ ပြည်သူများထံ မပေါက်ကြားစေရန် ထားဝယ်အကျဉ်းထောင်အတွင်းတွင် သတင်းအမှောင်ချခံထားရသည့် အခြေအနေကို ကြုံနေကြရကြောင်း၊ အကျဉ်းထောင်ပြင်ပသို့ ဥပဒေမဲ့ ခေါ်ဆောင်ပြီး မတရား သတ်ဖြတ်ခံနေကြရသည့် ကိစ္စရပ်များအပေါ် နိုင်ငံတကာခြေနီအဖွဲ့ (ICRC) အပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်း(UN)အောက်ရှိ လူ့အခွင့်အရေးအဖွဲ့အစည်းများအနေဖြင့်လည်း အကျဉ်းထောင်များအား အမြဲတစေ စောင့်ကြည့်‌လေ့လာ၍ စစ်ဆေးဖော်ထုတ်ပြီး စစ်ကောင်စီနှင့် အကျဉ်းဦးစီးဌာနကို ပြင်းထန်သည့် ဖိအားပေးမှုများကို အမြန်ဆုံး လုပ်ဆောင်ရန် အထူးလိုအပ်လျှက်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ၏ ဦးဆောင် ကော်မတီဝင် ကိုသိုက်ထွန်းဦးက ဆက်လက်ပြောဆိုသည်။

အကျဉ်းထောင်တွင်း ဖမ်းဆီးခံ‌နေရသူ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူများသည် အခြေခံအကျဆုံးသော လူ့အခွင့်အရေးဖြစ်သည့် အသက်ရှင်သန်ပိုင်ခွင့်ဟူသည့် အခြေခံအချက်သည်ပင် အာမခံချက်မရရှိဘဲ ‌ဆုံးရှုံးလျှက်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က အသိပေးထုတ်ပြန်ထားသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article