25 C
Yangon

နတ်တလင်းမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး၊ ရေစကြိုတွင် စစ်တပ်ဂိတ်ကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

နတ်တလင်းမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး၊ ရေစကြိုတွင် စစ်တပ်ဂိတ်ကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ မတ် ၃၁

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြိုနယ်အတွင်း၌ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း နတ်တလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Phoenix D F တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၃၀ ရက် နံနက် ၁၀ နာရီ ၂၅ မိနစ်အချိန်က နတ်တလင်းမြို့နယ်၊ တောင်ညိုရဲစခန်းမှ အင်း ၄၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက်စစ်ကြောင်းသည် ကွင်းစမ်းရွာထိပ် ကျွန်းခင်းထဲမှနေ၍ တော်လှန်ရေးတပ်ဖွဲ့ဝင်များရှိသည့် နေရာသို့ ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်ခံရသော်လည်း တော်လှန် ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် မတ်လ ၃၀ ရက် ည ၉ နာရီ မိနစ် ၃၀ အချိန်တွင် အကြမ်းဖက်စစ်သားများရှိရာ သရက်စမ်း ကျေးရွာ အနီးသို့ သွားရောက်ပြီး ၄၀ မမ ၊ ၆၀ မမများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကာ အကြမ်းဖက်စစ် သား၊ ထိ ခိုက်သေဆုံးမှုရှိ၊ မရှိ သိရှိနိုင်ရန် ဆက်လက် စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။

ယနေ့မတ်လ ၃၁ ရက် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် ယင်းအကြမ်းဖက်စစ်များကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ၄၀ မမဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် နံနက် ၉ နာရီ ၄၅ မိနစ် အချိန်၌ စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

“စစ်ကြောင်းက ၂ ကြောင်းဗျ၊ တစ်ကြောင်းက တောင်ညိုရဲစခန်းကနေ ထွက်တာဗျ၊ နောက်တစ် ကြောင်းကတော့ မကျီးပင်ကလို့ သိရတယ်၊ ခွေးတစ်ကောင်သေတာက တောင်ညိုစခန်းကနေ ထွက်လာတဲ့ စစ်ကြောင်း။ လက်ရှိမှာတော့ သရက်စမ်းရွာအနီးတဝိုက်မှာ တစ်ကြောင်းနဲ့ စမ်းကြီးမှာ တစ်ကြောင်း ရှိနေတာဗျ” ဟု နတ်တလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Phoenix D F တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုများကို သာယာဝတီခရိုင်၊ အမှတ် ၁ တပ်ရင်း-၃၈၀၁ တပ်ခွဲ ၂ PHOENIX D F နှင့် တပ်ခွဲ ၄ – BRA (Bamar Revolution Army) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

ယခုအခါတွင် ပဲခူးရိုးမအတွင်းသို့ အကြမ်းဖက်စစ်တပ်က စစ်ကြောင်း ၂ ကြောင်းဖြင့် လှည့်လည် လျက်ရှိရာ တော်လှန်ရေးတပ်ဖွဲ့များနှင့် အချိန်မရွေး တိုက်ပွဲဖြစ်ပွားလာနိုင်ပြီး မိဘပြည်သူများ အနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများ အနီးတဝိုက်နှင့် ပဲခူးရိုးမအတွင်းသို့ ခရီးသွားလာ ခြင်း မပြုကြပါရန် အသိပေးထားသည်။

ထို့ပြင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကျောက်လှေခါး အကြမ်းဖက်စစ်တပ်ဂိတ်ကို ၆၀ မမ လက်နက်ကြီး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဘန်ကာနှင့် အဆောက်အအုံ ၂ လုံးပျက်စီးခဲ့ကြောင်း Southern YSO PDF တပ်ဖွဲ့မှ တာဝန်ခံကိုအောင်မောင်းက ရန်ကုန်ခေတ်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယမန်နေ့ မတ်လ ၃၀ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၃၀ ခန့်က ရေစကြိုမြို့နယ်၊ ပခုက္ကူ – ရေစကြိုလမ်း ပေါ်ရှိ ကျောက်လှေကား အကြမ်းဖက်စစ်တပ် ဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ၆၀ မမ လက်နက်ကြီးဖြင့် ဗုံးသီး အစစ် ၄ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ် ဂိတ်စခန်းအတွင်းသို့ ၄ လုံး စလုံး တည့်တည့်ကျရောက်ပေါက်ကွဲခဲ့ပြီး ဘန်ကာများနှင့် စစ်သားများ နေထိုင်ရာ အဆောက် အအုံ ၂ ခု ပြိုကျ ပျက်စီးခဲ့ကြောင်း သိရသည်။

“ခွေးသေထိခိုက်မှုကတော့ အတည်ပြုစုံစမ်းနေဆဲဗျ၊ တိတိကျကျ စုံစမ်းလို့ မရသေးဘူး၊ အပြန်အ လှန်ဖြစ်ခဲ့တာပဲ၊ ကျနော်တို့ဘက်ကလည်း ပစ်တယ်၊ ခွေးတွေဘက်ကလည်း ပစ်တယ်၊ ကျနော်တို့ ဘက်က လက်နက်ကြီး ၄ လုံးပစ်တယ်၊ ခွေးတွေပစ်တဲ့ လက်နက်ကြီး ပစ်ကွင်းအနီးအနားကို ကျတဲ့ အခါမှာ ခွေးတွေဘက်က အသံတိတ်သွားတယ်၊ ကျနော်တို့ဘက်ကို ကောင်တာပြန်မပစ်တော့ဘူး” ဟု Southern YSO PDF တပ်ဖွဲ့မှ တာဝန်ခံကိုအောင်မောင်းက ရန်ကုန်ခေတ်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြား သည်။

အဆိုပါ တိုက်ခိုက်မှုကို Southern YSO PDF ၊ Yesagyo Revolution Group (YRG) ၊ ဒေါင်းစစ်သည် ၊ ဒေါင်းညီနောင်၊ ပြည်သူ့အားမာန် PDF ၊ ညီနောင်သုံးဖော် ၊ ရေစကြိုမြို့နယ် ပလဖ နှင့် King Cobra တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကျောက်လှေခါး ဂိတ်ရှိ အကြမ်းဖက်စစ်သားများသည် အရက်သေစာ မူးရူးသောက်စားကာ အနီး အနားရှိ ကျေး ရွာများကို လက်နက်ကြီးများဖြင့် အကြိမ်ကြိမ် ပစ်ခတ်မှုများ ပြုလုပ်လျက်ရှိပြီး ထိုသို့ ပစ်ခတ်မှုများ ကြောင့် ပြည်သူ့နေအိမ်များ ပျက်စီးခြင်း၊ မီးလောင်ခြင်း၊ ပြည်သူလူထုများ ထိ ခိုက်ဒဏ်ရာရရှိခြင်း၊ တိရစ္ဆာန်များ သေကြေပျက်စီးခြင်းတို့ ရှိကြောင်း သိရသည်။

Southern YSO PDF အဖွဲ့အနေဖြင့် တစ်လအတွင်း ၆၀ မမ အစစ်ဗုံးသီး ၁၀ လုံးသာ တိုက်ခိုက်နိုင် ခဲ့ပြီး ခဲယမ်းလိုအပ်လျက်ရှိရာ ပြည်တွင်းပြည်ပမှ ပြည်သူများအနေဖြင့် တတ်နိုင်သမျှ ဝိုင်းဝန်း ကူညီ ပေးကြပါရန် မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article