28 C
Yangon

တိုက်ကြီးမြို့နယ်တွင် စစ်မှုထမ်းရန် ခေါ်ဆောင်ခံရသည့် အစ္စလမ်ဘာသာဝင် အမာနွတ်လာ စစ်တပ်ထဲတွင် နှိပ်စက်ခံရပြီး သေဆုံး၊ အလောင်း၏ ကိုယ်ခန္ဓာတွင် ရိုက်နှက်ဒဏ်ရာများ ရှိနေ

Must read

တိုက်ကြီးမြို့နယ်တွင် စစ်မှုထမ်းရန် ခေါ်ဆောင်ခံရသည့် အစ္စလမ်ဘာသာဝင် အမာနွတ်လာ စစ်တပ်ထဲတွင် နှိပ်စက်ခံရပြီး သေဆုံး၊ အလောင်း၏ ကိုယ်ခန္ဓာတွင် ရိုက်နှက်ဒဏ်ရာများ ရှိနေ

■ ဝက်သားဟင်းဖြင့် ထမင်းကျွေးပြီး မစားလျှင် ၀ိုင်းဝန်း ရိုက်နှက်ခဲ့ရာ သေဆုံးအချိန်အထိ ပါးစပ်မှ သွေးထွက်နေခဲ့

ရန်ကုန်၊ ဧပြီ ၁

ရန်ကုန်တိုင်း၊တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ မီးလောင်စခန်းကျေးရွာမှ စစ်မှုထမ်းရန် ခေါ်ဆောင်ခံရသည့် အစ္စလမ်ဘာသာဝင် အမာနွတ်လာသည် စစ်တပ်ထဲတွင် ညှဉ်းပန်းနှိပ်စက်ခံရပြီး သေဆုံးသွားကြောင်း ၎င်း၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၉ ရက်နေ့ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်း၊တိုက်ကြီးမြို့နယ်၊ဥက္ကံမြို့ ၊မီးလောင်စခန်းရွာမှ စစ်မှုထမ်းရန် မဲပေါက်ထားသည့် အမာနွတ်လာကို စစ်တပ်က လာရောက်ခေါ်ဆောင်သွားကြောင်း၊ ယင်းနောက် မတ်လ ၃၁ ရက်နေ့ တွင် မင်္ဂလာဒုံစစ်ဆေးရုံတွင် ကွယ်လွန်သွားပြီဟု မိသားစုထံ အကြောင်းကြားလာကြောင်း ၊ စစ်တပ်ထဲ ရောက်ရှိချိန် မွတ်စလင်မှန်းသိလျက်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့က ဝက်သားဟင်းဖြင့် ထမင်းစားခိုင်းကြောင်း၊ မစားလျှင် ရိုက်နှက်သည်ဟု မိသားစုထံ အကြောင်းကြားကြောင်း၊ မိသားစုအနေဖြင့် ၎င်းထံ လာရောက်လျှင် ထမင်းချိုင့် ယူလာရန်နှင့် ထမင်းမစားရသည်မှာ ၂ ရက်ကြာမြင့်ပြီဟု ပြောဆိုကြောင်း သိရှိရသည်။

“သူ့ကို ခေါ်သွားတုန်းက အကောင်းပါ။ ကျန်းကျန်းမာမာ ရှိပါတယ်။ မနေ့က ဆုံးသွားပြီဆိုပြီး အကြောင်းကြားတယ်။ မနေ့ ညနေ ၃ နာရီမှာ အလောင်းပြန်ထုတ်လို့ရတယ်။ ဇနီးနဲ့ ကလေး ၂ ယောက် ကျန်ခဲ့ပါတယ်။ တော်တော်လေးဒုက္ခ ရောက်ကုန်တယ်။ မနေ့ မနက်က သူ မဆုံးခင် သူ့ ဦးလေးကိုဖုန်းဆက်လာပါတယ်။ ထမင်းချိုင့်ယူပြီး သူ့မိန်းမကို သူ့ဆီလွှတ်ပေးဖို့။ ထမင်းမစားရတာ ၂ရက်ရှိပြီတဲ့။ သူ့ကိုမွတ်စလင် မှန်းသိတော့ ဝက်သားဟင်းတွေနဲ့ထမင်းအတင်းကျွေးတယ်။ မစားရင်ရိုက်တယ်လို့ပြောပါတယ်။ ရိုက်နှက်ထားတာ သေသွားတာတောင် ပါးစပ်ကသွေးတွေပါထွက်နေတုန်း။ ဆက်တဲ့ဖုန်းကလည်း သူများဆီကနေ အကူအညီ တောင်းဆက်တာ” ဟု မိတ်ဆွေဖြစ်သူက ရှင်းပြသည်။

အမာနွတ်လာ၏အလောင်းကို မိသားစုက ပြန်လည်ရရှိချိန်တွင်လည်း ခန္ဓာကိုယ်တွင် ရိုက်နှက်ဒဏ်ရာများ မြင်ရကြောင်း နာရေးကို ကူညီသူတချို့က ပြောဆိုကြသည်။

ဓာတ်ပုံ- ပါးစပ်မှ သွေးများ ထွက်နေသည့် အမာနွတ်လာ၏ ရုပ်အလောင်း

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article