30 C
Yangon

AA က သိမ်းပိုက်ထားသော မြို့နယ်များကို လေကြောင်းဖြင့် စစ်ကောင်စီက ဗုံးကျဲနေသဖြင့် နေ့စဉ် ပြည်သူများ သေဆုံးနေရ၊ စစ်တပ်ကြောင့် ပြည်သူ ၁၇၉ ဦး သေဆုံးခဲ့ရဟုဆို

Must read

AA က သိမ်းပိုက်ထားသော မြို့နယ်များကို လေကြောင်းဖြင့် စစ်ကောင်စီက ဗုံးကျဲနေသဖြင့် နေ့စဉ် ပြည်သူများ သေဆုံးနေရ၊ စစ်တပ်ကြောင့် ပြည်သူ ၁၇၉ ဦး သေဆုံးခဲ့ရဟုဆို

ရန်ကုန်| ဧပြီ ၇

ရက္ခိုင့်တပ်တော် AA သိမ်းပိုက်ထားသော မြို့နယ်များကို စစ်ကောင်စီက လေကြောင်းဖြင့် နေ့ညပါမကျန် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများမှာ သေဆုံးမှုများ မြင့်တက်လာနေပြီး ပြည်သူများမှာ စိုးရိမ် ထိတ်လန့်မှုများ ဖြစ်နေကြရသည်။

ပလက်ဝ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ၊ ရသေ့တောင်၊ တောင်ပြိုစသော မြို့များကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ထားပြီး ကျန်ရှိနေသည့်မြို့များကို တစိတ်ဒေသ သိမ်းပိုက်ထားသည်။

ယင်းကဲ့သို့ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နေမှုကြောင့် အရပ်သားပြည်သူများမှာ နေ့စဉ်ရက်ဆက် သေဆုံးမှုများ မြင့်တက်လာနေပြီး လက်ရှိတွင်လည်း ပြည်သူများမှာ ထိတ်လန့်နေရကာ ကျီးလန့်စာစား ဖြစ်နေရကြောင်း မင်းပြားမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

“ဒရုန်းတွေ၊ ဂျက်တိုက်လေယာဉ်တွေက နေ့ည မကျန် ဝဲပါတယ်။ ပြီးခဲ့တဲ့ ခုရက်ပိုင်းကဆို င/စိုင်းရိုင်းချောင်းဖက်ကို ပေါင်း ၅၀၀ ရှိတဲ့ ဗုံးကြဲချခဲ့ပါတယ်။ သုံးယောက်ထက်မနည်းသေတယ်။ ပြီးတော့ သာဒေမွတ်ဆလင်ကျေးရွာမှာဆိုရင် ဗုံးချသွားတာ ကျေးရွာကလေးတွေ မကျန် ၃၀ နီးပါး သေတယ်။ ကျမတို့ ပြည်သူတွေက အခုဆိုရင် ထိတ်လန့်ကြောက်နေရပြီး ကျီးလန့်စာစား ဖြစ်နေပါပြီ။ ဘယ်နေ့ ကိုယ့်ဆီကို အလှည့်ကျမလဲဆိုတာ တွေးပြီး ကြောက်နေရတယ် “ဟုပြောသည်။

၂၀၂၃ နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၀၂၄ မတ်လ ၂၁ ရက်နေ့အထိ ရခိုင်ပြည် စစ်ပွဲအတွင်း အပြစ်မဲ့အရပ်သားပြည်သူ ၁၇၉ ဦး သေဆုံးခဲ့ရပြီး သေဆုံးသူ ၁၇၉ ဦးထဲတွင် အမျိုးသမီး ၆၄ ဦးနှင့် အမျိုးသား ၁၁၅ ဦးပါဝင်ကြောင်း ULA/AA ၏ HDCO က ဧပြီလ ၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ယင်းအထဲတွင် မင်းပြားမြို့နယ် ခြိမ်တောင်အုပ်စု သာဒေ မွတ်ဆလင်ကျေးရွာကို စစ်ကောင်စီက မတ်လ ၁၈ ရက် နံနက် ၁ နာရီအချိန်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့၍ မွတ်ဆလင် ၂၁ ဦးသေဆုံးကာ ၁၅ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။

အသက် ၃၀ အရွယ် သာဒေ မွတ်ဆလင်ကျေးရွာက အမျိုးသမီးတစ်ဦးက “ကျမတို့ကတော့ ရွာမှာ မအိပ်ရဲတော့ပါဘူး။ ရွာနဲ့ဝေးတဲ့နေရာတွေမှာပဲ အိပ်နေရတယ်။ လူတော်တော်များများလည်းရွာတွေမှာ မနေရဲကြတော့ဘူးလေ။ နေ့တိုင်းလာပြီးတော့ လေကြောင်းက ဗုံးကြဲတာတွေ၊ ဒရုန်းနဲ့ပစ်ချနေတာတွေ လုပ်တော့ ကိုယ့်မျက်စီရှေ့မှာ လူတွေ သေဆုံးနေရတယ်။ အဲဒါတွေ မြင်နေရတော့ ဘေးလွတ်ရာမှာ သွားအိပ်နေရတာပေါ့ “ဟုပြောသည်။

အလားတူ ပြီးခဲ့သည့် ဧပြီလ ၂ရက်နေ့နှင့် ၃ ရက်နေ့ နံနက်ပိုင်းတို့တွင် မင်းပြားမြို့နယ် င/စိုင်းရိုင်းချောင်းနှင့် မြေပုံမြို့နယ် ကမ်းထောင်းကြီးကို စစ်ကောင်စီက လေကြောင်းမှ ပစ်ခတ်မှုကြောင့် အရပ်သား ၆ ဦးသေဆုံးခဲ့ပြီး ၁၇ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီက ယင်းလုပ်ရပ်သည် ရခိုင်ပြည်ရှိ အရပ်သား ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ လူမျိုးတုံး သတ်ဖြတ်နေခြင်း ဖြစ်ကြောင်း ရခိုင့်လူ့အခွင့်အရေးမြှင့်တင်သူများအဖွဲ့၏ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။

“စစ်ကောင်စီက ရခိုင်မှာ စစ်ရှုံးနေတာကို ဝန်ခံတာမရှိဘူး။ AA ဆီမှာစစ်ရှုံးနေတာကို ရှုံးမဲမဲပြီးတော့ အရပ်သားပြည်သူတွေ နေထိုင်တဲ့ နေရာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုတွေ တစ်လျှောက်လုပ်နေတယ်။ ပေါင် ၃၀၀ ရှိတဲ့ ဗုံးတွေ၊ ပြီးတော့ ပေါင် ၅၀၀ ရှိတဲ့ ဗုံးတွေနဲ့ ပစ်ချတယ်။ ဒါက ရည်ရွယ်ချက်ရှိရှိ လူမျိုးတုံး သတ်ဖြတ်နေတာဖြစ်တယ်။ ကျနော်တို့ဆီမှာ အထောက်အထားတွေ အပြည့်အစုံရှိပါတယ်။ နိုင်ငံတကာက အရေးယူနိုင်တဲ့အထိ ကျနော်တို့ ဆောင်ရွက်သွားမှာပါ”ဟုပြောသည်။

အာဏာသိမ်းနောက်ပိုင်း နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ ၄၈၅၂ ဦး ရှိခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ဧပြီလ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထို့ပြင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၆၄၈၃ဦးရှိပြီး ထိုအထဲမှ ၂၀၃၁၀ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ ၈၉၀၇ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article