မြင်းခြံတွင် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသာ စစ်ကြောင်းကို တိုက်ခိုက်၊ ပခုက္ကူနှင့် မြိုင်မြို့နယ်ရှိ စစ်စခန်းနှင့် စစ်ကားတို့ကို တိုက်ခိုက်မှု စစ်သား ၃ ဦး ဒဏ်ရာရ
ရန်ကုန်၊ ဧပြီ ၁၀
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တောပုရွာကို မီးရှို့ဖျက်ဆီးနေသော စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း မန္တလေးခရိုင် တပ်ရင်း ၆ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် မီဒီယာကိုပြောကြားသည်။
ဧပြီလ ၈ ရက်နေ့တွင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တောပုရွာကို မီးရှို့ ဖျက်ဆီးနေသော အကြမ်းဖက် စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ဧပြီလ ၈ရက်နေ့ မွန်းလွဲ ၁နာရီဝန်းကျင်က မြင်းခြံမြို့နယ် တောပုရွာကို စစ်ကြောင်းထိုးလာတဲ့ ခွေးတွေက ရွာကို မီးရှို့ဖျက်ဆီးနေစဉ်မှာပဲ ကျွန်တော်တို့ ၄ ဖွဲ့ပေါင်းပြီး တိုက်တာပါ။ ဒရုန်းနဲ့ပါ ချတာ စစ်ခွေး အလောင်းတွေကို ကားနဲ့ လာသယ်သွားတယ်လို့ ကြားတယ်လို့” မန္တလေးခရိုင် တပ်ရင်း ၆ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်မီဒီယာကို ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မန္တလေးခရိုင် တပ်ရင်း ၆ NDA (mdy)တပ်ဖွဲ့၊ မြင်းခြံ ပကဖ ၊တံတားဦး ပကဖ နှင့် MGN 35 မြင်းခြံပြောက်ကျားတပ်ဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
ထို့ပြင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ လက်ပုကန်ကျေးရွာ၌ တပ်စွဲထားသော စစ်သားများ ပခုက္ကူမြို့သို့ ကား ဖြင့်ပြန် လာစဉ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း Young Force – UG တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကိုပိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဧပြီလ ၉ ရက် ညနေ ၄ နာရီခန့်က ပခုက္ကူမြို့နယ်၊ လက်ပုကန်ကျေးရွာဘုန်းကြီးကျောင်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်သား အချို့သည်ပခုက္ကူမြို့သို့ ၆ ဘီးကားတစ်စီးဖြင့် ပြန်လာစဉ် လက်ပုကန်ကျေးရွာနှင့် ချောက်ကန်ကျေးရွာအကြားအရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ၁ ဦးမှာ နားမကြားတော့သည်အထိ ပြင်းထန်ခဲ့ကြောင်း သိရ သည်။
“လက်ပုကန်ဘုန်းကြီးကျောင်းထဲကနေ ပခုက္ကူကို ပြန်တဲ့ကားပေါ့၊ ၆ ဘီးကားနဲ့ပြန်တာ၊ ကားပေါ်မှာ ခွေးတွေလည်းပါတာပေါ့။ လက်ပုကန်နဲ့ချောက်ကန်ကြားထဲမှာ တစ်ပွိုင့်ဆွဲခဲ့တာ၊ အတွင်းသတင်း အရ စုံစမ်းသိရတာတော့ ၃ ယောက်ထိတယ်၊ တစ်ယောက်က နားလုံးဝမကြားတော့ပဲနဲ့ စိတ်က ယောက်ချောက်ခြားဖြစ်နေတယ်လို့ သိရတယ်။ကားလည်း ထိခိုက်ပျက်စီးမှုရှိတယ်၊မိုင်းဆွဲပြီးတော့ ချက်ချင်းပြန်ထွက်သွားနိုင်တာမျိုးမရှိဘူး၊ အချိန်အတော်ကြာကြာပြင်ပြီးမှ ဆက်မောင်းသွားတာ။” ဟု Young Force – UG တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကိုပိန်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို Pakokku People’s Defense Force၊ Earthquake People’s Defense Force၊ Burma Revolution Rangers နှင့် ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ (Young Force UG) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အလားတူ ပခုက္ကူမြို့နယ် ရေလာလေးပျူစခန်းနှင့် မြိုင်မြို့နယ်၊ တွင်းမပျူစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Young Force – UG တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကိုပိန်က ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဧပြီလ ၇ ရက်နေ့က ပခုက္ကူမြို့နယ်၊ ရေလာလေးပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးသီး ၁၂ လုံး၊ မြိုင်မြို့နယ်၊ တွင်းမကျေးရွာ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးသီး ၁၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ပစ်မှတ်နေရာများကို ကျရောက်ပေါက်ကွဲမှုရှိခဲ့ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီး ထိခိုက်သေဆုံး မှုကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
“ရေလာလေးပျူစခန်းနဲ့ တွင်းမပျူရွာကို လေးလက်ဒရုန်းနဲ့ တချိန်တည်း၊ တပြိုင်တည်း ချခဲ့တာ။ ၁၂ လုံးစီပေါ့။ သူတို့အထိုင်ချထားတဲ့နေရာတွေကျပြီးပေါက်ကွဲမှုတော့ရှိတယ်။ အဆောက်အအုံထိခိုက် ပျက်စီးတွေတော့ရှိတယ်။ စစ်ခွေးတွေ ထိခိုက်သေဆုံးမှုရှိ၊ မရှိကတော့ သူတို့နယ်မြေထဲဖြစ်တဲ့ အ တွက် စုံစမ်းလို့မရသေးဘူး” ဟု Young Force – UG တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုပိန်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို Young Force UG (ပခုက္ကူမြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ-၂) နှင့်မဟာ မိတ်တပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။