ရန်ကုန်၊ မေ ၄
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က အင်အားသုံး စစ်ရေးလှုပ်ရှားနေ၍ ပြည်သူများ သတိပြုနေထိုင်ကြရန် People Defense Force – ShweGu က ယနေ့ မေလ ၄ ရက်နေ့တွင် အသိပေး ထုတ်ပြန်လိုက်သည်။
ရွှေကူ KPDF တပ်ရင်း နယ်မြေအတွင်းရှိ ပြည်သူများသည် လတ်တလော အကြမ်းဖက် စစ်တပ်၏ စစ်ရေးလှုပ်ရှားနေမှုများကြောင့် စစ်တပ် စစ်ကြောင်းများ၊ ဂိတ်များ၊ ကာကင်းစခန်းများနှင့် နီးကပ်စွာ သွားလာနေထိုင်ခြင်းမပြုဘဲ ရှောင်ရှားနေထိုင်ကြရန်နှင့် စစ်တပ် စစ်ကြောင်းများ၊ လက်နက်ခဲယမ်းများ၊ ရိက္ခာများကို သယ်ယူပို့ဆောင်ခြင်း မပြုလုပ်ကြရန် ပြောဆိုထားသည်။
“စစ်တပ်က စစ်ရေးလှုပ်ရှားမှုတွေ ရှိနေပါတယ်။ ဒါ့ကြောင့် ပြည်သူတွေက နီးကပ်စွာ သွားလာလှုပ်ရှားကြတဲ့အခါ မလိုလားအပ်တဲ့ ထိခိုက်မှုမျိုးတွေဖြစ်လာမှာစိုးရိမ်တာကြောင့် စစ်ရေးအသိ သတိရှိရအောင် ထုတ်ပြန်ပေးတာပါ” ဟု People Defense Force – ShweGu မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ထို့ပြင် မဘိမ်း-မြစ်ဆုံ၊ ငါးအိုး-ရွှေကူ နယ်မြေများ၌ ကုန်းမြေ၌ ဖြစ်စေ၊ ရေပြင်၌ဖြစ်စေ အသံကျယ်လောင်ဆူညံစွာ ထွက်ပေါ်နိုင်သည့် စက်ယန္တရား အသုံးပြု လုပ်ငန်းများကို ညနေ ၆ နာရီမှ နံနက် ၉ နာရီထိ ရပ်နားထားကြရန်လည်း အသိပေးပြောဆိုထားပြီး အသိပေးချက်များကို လိုက်နာဆောင်ရွက်ခြင်းမပြုပါက နောက်ဆက်တွဲဖြစ်ပေါ်လာမည့် ပြဿနာများကို တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါကြောင်း People Defense Force – ShweGu က ပြောဆိုထားသည်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုတွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ နေအိမ်များ မီးလောင်နေကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မေလ ၄ ရက်နေ့ နံနက်ပိုင်းမှာစတင်ပြီး ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုအတွင်း အကြမ်းဖက် စစ်တပ်နှင့် KIA ပူးပေါင်းတပ်တို့ တိုက်ပွဲ ပြင်းထန်နေခြင်းဖြစ်ပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ကျေးရွာများကို ဆက်တိုက်ပစ်ခတ်နေခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်သည် လုံးခင်းရွာထဲကို ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်များ မီးလောင်နေကြောင်း သိရသည်။
“စစ်ခွေးတွေပစ်လိုက်တဲ့ လက်နက်ကြီးကျည်က လုံးခင်း Jl နားက တက်တူးဆိုင်ကို ကျတာလို့ သိရပါတယ်။ မီးလောင်နေတယ်။ လူထိခိုက်တာတော့ မကြားမိဘူး။ တိုက်ပွဲကမပြီးသေးဘူး။ အခုထိ ချနေတုန်းပဲ” ဟု ဒေသသတင်းရင်းမြစ်ကပြောဆိုသည်။
ယနေ့ နံနက်ပိုင်းတွင်လည်း ဖားကန့်ဗျူဟာကုန်း၌ တပ်စွဲ ထားသော စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ လုံးခင်းကျေးရွာအုပ်စု ၊ ကုဋေရွာ လမ်းဆုံ၌ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသားတစ်ဦး အပြင်းအထန် ဒဏ်ရာရရှိထားကြောင်း၊ ထို့အပြင် လယ် ပြင်ကျေးရွာအတွင်းရှိ နေအိမ်ပေါ်သို့လည်း လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက် ကွဲခဲ့ရာ ကလေး ငယ်တစ်ဦးက ထိမှန် ဒဏ်ရာရရှိထားကြောင်း သိရသည်။




