25 C
Yangon

တီးတိန်မြို့ပေါ်တွင် စစ်မှုထမ်း ဥပဒေဖြင့် လူစုဆောင်းနေသော ခရိုင် လဝက ဦးစီးမှူး မိုးသူကို PDF Zoland တပ်ဖွဲ့က အရှင် ဖမ်းဆီး

Must read

တီးတိန်မြို့ပေါ်တွင် စစ်မှုထမ်း ဥပဒေဖြင့် လူစုဆောင်းနေသော ခရိုင် လဝက ဦးစီးမှူး မိုးသူကို PDF Zoland တပ်ဖွဲ့က အရှင် ဖမ်းဆီး

ရန်ကုန်၊ ဧပြီ ၁၄

ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်တွင် စစ်မှုထမ်း ဥပဒေဖြင့် လူစုဆောင်းနေသော ခရိုင် လဝက ဦးစီးမှူး မိုးသူကို အရှင် ဖမ်းဆီးခဲ့ကြောင်း PDF Zoland တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဧပြီလ ၁၄ ရက် နံနက်ပိုင်းက တီးတိန်မြို့ပေါ်ရှိ လူငယ်များကို အကြမ်းဖက် စစ်တပ်အတွက် အတင်း အဓမ္မ စစ်မှုထမ်းစေခိုင်းရန် စုဆောင်းရာတွင် ကူညီပေးနေသူ ခရိုင် လဝက ဦးစီးမှူး အသက် ၅၉ နှစ်အရွယ် မိုးသူကို PDF Zoland က အရှင် ဖမ်းဆီးခဲ့ပြီး စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ဒီနေ့ မနက်ပဲ ဖမ်းဆီးလိုက်တာ ဖမ်းဆီးလိုက်တဲ့အချိန်မှာ ဝန်ထမ်းကဒ်ပြားတွေနဲ့ စာရွက်စာတမ်း တွေ သိမ်းဆည်းရရှိခဲ့တယ်။ လောလောဆယ်တော့ ထိန်းသိမ်းထားတုန်းပဲ ဥပဒေနဲ့အညီ အရေးယူမယ် ကျွန်တော်တို့ ဖမ်းတယ်ဆိုတာက သတင်းအပြည့်အစုံရှိမှပဲ ဖမ်းတာ သူ့မှာတော့ သား ၂ ယောက် ရှိတယ်” ဟု PDF Zoland တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ပြီးခဲ့သည့် မတ် ၂၅ ရက်နေ့ကလည်း PDF Zoland တပ်ဖွဲ့၏ သတိပေးချက်ကို လေးစားလိုက်နာခြင်း မရှိဘဲ အကြမ်းဖက် စစ်ကောင်စီ၏ အတင်းအဓမ္မ စစ်သား စုဆောင်းရေးတွင် ကူညီပေးနေသူ စည်ပင် ဌာနမှ လက်ထောက်အင်ဂျင်နီယာ ကပ်ဆွင်းခွါလ်၊ မွေး/ကုဌာနမှ ဒုကြီးကြပ်ရေးမှူး ခွါလ်လျန်းမုန် ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ စာရေး လျန်းလမ်ခိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦး စီးမှူး ရှင်းခန့်ခွာလ်နှင့် လဝက အငယ်တန်းစာရေး နန်ဆွင်းဂင့် တို့ကို ဖမ်းဆီးခဲ့ပြီး လက်ရှိချိန်ထိ ထိန်းသိမ်းထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article