29 C
Yangon

ကန်ပက်လက်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၃ ဦးဒဏ်ရာရ၊ ထီးလင်းရှိ အထက်ကျော်ရွာကို စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ်

Must read

ကန်ပက်လက်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၃ ဦးဒဏ်ရာရ၊ ထီးလင်းရှိ အထက်ကျော်ရွာကို စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ်

ရန်ကုန် ဧပြီ ၁၉

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ရှိ ကျေးရွာ ၃ရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ဧပြီလ ၁၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် လွီးစုံရွာကို စက်သေနတ်ကြီးများဖြင့် လှည့်ပတ် ပစ်ခတ်ခြင်းကြောင့် အသက် ၉ နှစ်အရွယ် ကလေးငယ် ၁ ဦး မျက်လုံးအောက် ရှပ်ထိ ဒဏ် ရာရရှိခဲ့ပြီး အသက် ၁၃ နှစ်အောက် ကလေးငယ် ၁ ဦး ခါး၌ ဒဏ်ရာရရှိခဲ့ကြောင်း၊ ကောက်ဆောင်းကျေးရွာမှ အသက် ၅၇ နှစ်အရွယ် အရပ်သားပြည်သူ ၁ ဦးသည်လည်း အကြမ်းဖက် စစ်တပ်၏ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပေါင်ကို ဗုံးစ ထိမှန်ခဲ့ကြောင်းသိရှိရသည်။

ကန်ပက်လက်မြို့နယ်ရှိ အောက်ကန့်အုပ်စု၊ အုံရွာအနီးဝန်းကျင်ကို အကြမ်းဖက် စစ်တပ်က ရဟတ်ယာဉ်ဖြင့် အကြမ်းဖက် စစ်သားများ ချရန် ပြင်ဆင်နေစဉ် ချင်းကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် စစ်သားများ မချနိုင်ဘဲ ပြန်သွားရပြီးနောက် နာရီပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က အုံကျေးရွာကို ပေါင် ၅၀၀ ဗုံးကျဲချ တိုက်ခိုက်ခြင်းကြောင့် စာသင်ကျောင်းဆောင် ၁ လုံး၊ ဝန်ထမ်း အိမ်ရာ ၂ လုံး၊ အရပ်သား ပြည်သူ့နေအိမ် ၂ လုံး ပျက်စီးသွားခဲ့ပြီး ရွာသူရွာသားများ ထွက်ပြေး တိမ်းရှောင် နိုင်ခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်သည် အုံရွာ အပါအဝင် အနီးဝန်းကျင်ရှိ လွီးစုံရွာ၊ ကောက်ဆောင်းရွာတို့ကိုလည်း လေယာဥ်လေးစီးဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ပြီး အုံရွာကို ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး လွီးစုံကျေးရွာကိုလည်း စက်သေနတ်ကြီးများဖြင့် လှည့်ပတ်ပစ်ခတ်ခဲ့ကြောင်းသိရှိရသည်။

လက်ရှိ အချိန်တွင် အကြမ်းဖက် စစ်တပ်က လေကြောင်း တိုက်ခိုက်မှုကြောင့် အုံရွာ၊ လွီးစုံရွာနှင့် ကောက်ဆောင်းရွာတို့မှ ဒေသ ပြည်သူ ၃၀၀ ဝန်းကျင်သည် ရပ်ရွာထဲကို မပြန်ရဲသေးဘဲ လက်ရှိ အချိန်အထိ တောတောင်ထဲတွင် စစ်ဘေးရှောင်နေကြရပြီး စစ်ရှောင်များအတွက် အရေးပေါ် စားနပ်ရိက္ခာနှင့် အမိုးအကာများ လိုအပ်နေကြောင်းသိရှိရသည်။

အလားတူ မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ အထက်ကျော်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းဖြင့် ၂ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်နှင့် မွန်းလွဲ ၃ နာရီခန့်တွင် အထက်ကျော်ရွာ မြောက်ဘက် ဂိတ်တဲအနီးကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာ ၃ ကြိမ် ပစ်ခတ်ခဲ့ပြီး ရဟတ်ယာဉ် MI-35 ဖြင့် ၁ ကြိမ်လာရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဂိတ်အနီးတွင်ရပ်ထားသောကား ၁ စီး ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

“တိုက်ပွဲဖြစ်ပွားတာလည်း မရှိပါဘူး။ ပြည်သူတွေ ထိခိုက်တာလည်း မရှိဘူး။ ကား ၁ စီးတော့ ပျက်စီးသွားတယ်လို့ ကြားသိရတယ်။ ပထမ အကြိမ်က ၁ နာရီဝန်းကျင်လောက် MI-35 ဝဲပြီး ပစ်တာ ဒုတိယ အကြိမ် ကတာ့ ၃ နာရီဝန်းကျင် လာတယ်” ဟု ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article