28 C
Yangon

ကုလသမဂ္ဂ အစီရင်ခံစာတစ်စောင်တွင် တရားမဝင် စစ်အုပ်စုကို “မြန်မာနိုင်ငံအစိုးရ” အဖြစ် ပုံဖော်ထားပြီး စစ်အုပ်စုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန် တွန်းအားပေးထား

Must read

ကုလသမဂ္ဂ အစီရင်ခံစာတစ်စောင်တွင် တရားမဝင် စစ်အုပ်စုကို “မြန်မာနိုင်ငံအစိုးရ” အဖြစ် ပုံဖော်ထားပြီး စစ်အုပ်စုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန် တွန်းအားပေးထား

ဝေဖန်မှုများ ထွက်ပေါ်ခဲ့အပြီး UNCDF က အဆိုပါအစီရင်ခံစာအား ၀က်ဘ်ဆိုဒ်မှ ပြန်ဖြုတ်ချခဲ့

ရန်ကုန်၊ ဧပြီ ၂၀

ကုလသမဂ္ဂ ငွေလုံးငွေရင်းဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ (UNCDF) သည် ၂၀၂၃ ခုနှစ် အတွင်းထုတ်ပြန်ခဲ့သော “မြန်မာနိုင်ငံ၏ စီးပွားရေး ပြန်လည်ထူထောင်ရေးနှင့် ဒစ်ဂျစ်တယ်အသွင်ပြောင်းရေးဆိုင်ရာ ရှုထောင့်များ” ဆိုသည့် စစ်တမ်းတစ်စောင်ကို အခြေခံ၍ အစီရင်ခံစာတစ်စောင်ကို ယခုလအတွင်း ထုတ်ဝေခဲ့သည်။ ၄င်းအစီရင်ခံစာသည် “မူဝါဒ၊ စည်းမျဉ်း၊ ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံ၊ ဒစ်ဂျစ်တယ် ဆန်းသစ်တီထွင်မှုနှင့် ကျွမ်းကျင်မှုများ” ကို ဦးတည်ထားသည်ဟု UNCDFက ဆိုသည်။

UNCDF သည် အဆိုပါအစီရင်ခံစာတွင် မြန်မာစစ်ကောင်စီကို “မြန်မာနိုင်ငံအစိုးရ” ဟု တိတိပပ မဖော်ပြမထားသော်လည်း၊ အစီရင်ခံစာပါ ဖော်ပြချက်များသည် စစ်ကောင်စီကို မြန်မာအစိုးရသဖွယ် ကြိမ်ဖန်များစွာ ပုံဖော်ရေးသားထားသည်။

အစီရင်ခံစာတွင် ဒစ်ဂျစ်တယ်အသွင်ပြောင်းရေးဟု အင်တာနက်နှင့် သတင်းအချက်အလက်များ၏ အရေးပါပုံကို ညွှန်းဆိုထားသော်လည်း၊ အဆိုပါ အစီရင်ခံစာတွင် စစ်ကောင်စီ၏ “ပြည်သူများအပေါ် အီလက်ထရွန်နစ် စောင့်ကြည့်ခြင်း၊ အင်တာနက်နှင့်ဆင်ဆာ အကြီးအကျယ် ဖြတ်တောက်ခြင်းနှင့် ဒစ်ဂျစ်တယ် အာဏာရှင်စနစ်ကို တည်ဆောက်ရန် ကြိုးပမ်းနေမှုများ” အပေါ် ထုတ်ဖော်ပြောဆိုထားခြင်း မရှိပေ။ လူ့အခွင့်အရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကိုလည်း ဖော်ပြထားခြင်း အလျင်းမရှိပေ။

စစ်အုပ်စုနှင့် စီးပွားရေးလုပ်ဆောင်မှုအားလုံး ရှောင်ရှားရန်နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံသို့ အဆိုပြုလွှာအသစ်များ မတင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က လမ်းညွှန်ချက်များ ချမှတ်ထားပြီးဖြစ်သော်လည်း UNCDF သည် လက်တွေ့တွင် စစ်ကောင်စီအောက်တွင် ဒစ်ဂျစ်တယ်စီးပွားရေး၌ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလုပ်ဆောင်ရန်နှင့် စစ်အုပ်စုနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရန် တွန်းအားပေးနေသည် ဟု တက်ကြွလှုပ်ရှားသူများအဖွဲ့ဖြစ်သည့် Justice for Myanmar (JFM) အဖွဲ့က ဝေဖန်ပြောဆိုသည်။

အစီရင်ခံစာတွင် “ရှုပ်ထွေးသော စီးပွားရေးအခြေအနေ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ” နှင့် “နိုင်ငံရေးနှင့် လူမှုရေး မငြိမ်သက်မှုများ၊ မတည်ငြိမ်မှုများ” စသည်တို့ကို ဖော်ပြထားသော်လည်း၊ တရားမဝင် စစ်အုပ်စုသည် မြန်မာနိုင်ငံ အကျပ်အတည်းများ၏ မူလဇစ်မြစ် ဆိုသည့် နောက်ခံအကြောင်းရင်းကိုမူ ဖော်ပြထားခြင်း မရှိဟုလည်း JFM ကဆိုသည်။

ထို့အပြင် UNCDF နှင့် မြန်မာနိုင်ငံအခြေပြု ကုလသမဂ္ဂအဖွဲ့အစည်းများအနေဖြင့် မြန်မာ့အကျပ်အတည်း၏ မူလဇစ်မြစ်ဖြစ်သည့် အကြမ်းဖက်စစ်အုပ်စုနှင့် ၄င်းတို့ကျူးလွန်သော ရာဇဝတ်မှုများမှ ပြစ်ဒဏ်ဆက်လက်ကင်းလွတ်နေမှုများအပေါ် ထုတ်ဖော်ပြောဆိုသင့်ပြီး၊ ယခု UNCDF အစီရင်ခံစာသည် အလွန်ပင် တာဝန်မဲ့ကာ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး ကြိုးပမ်းရုန်းကန်နေသည့် မြန်မာလူထု၏ အားထုတ်မှုကို ထိခိုက်စေသည်ဟု ထပ်မံပြောဆိုထားသည်။

အစီရင်ခံစာတွင် “UNCDF သည် “ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးရာတွင် “တည်ဆဲအစိုးရ” မူဝါဒများနှင့် စည်းမျဉ်းများ” ၏ ထိရောက်မှုဆိုင်ရာ မေးခွန်းများကို မေးမြန်းခဲ့သည်” ဟု စစ်ကောင်စီကို လက်ရှိအစိုးရသဖွယ် ပုံဖော်ရေးသားထားသည်။

“ဒစ်ဂျစ်တယ်စီးပွားရေး ကျွမ်းကျင်မှုရှိစေရေးများနှင့် ပတ်သက်၍ “ပညာရေးအဖွဲ့အစည်းများ၊ စက်မှုလုပ်ငန်းနှင့် ”အစိုးရ”တို့အကြား ပူးပေါင်းဆောင်ရွက်မှုများက အရေးကြီးကြောင်း UNCDF က ထပ်မံကောက်ချက်ချ ပြောဆိုထားသည်” ဟုလည်း UNCDF က ၄င်းနှင့်လက်ရှိ ပူးပေါင်းလုပ်ဆောင်နေသော စစ်ကောင်စီအား အစိုးရနေရာတွင်ထား၍ မှတ်ချက်ပြုထားသည်။

လက်ရှိ UNCDF သည် စစ်ကောင်စီအောက်တွင် လုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိပြီး၊ အစီရင်ခံစာတွင် ၄င်းမကြာခဏ ညွှန်းဆိုပြောဆိုနေသော “အစိုးရ” ဟူသည် ၄င်းလက်ရှိလုပ်ကိုင်နေသည့် မြန်မာစစ်အုပ်စုကို ညွှန်းဆိုနေသည်မှာ သိသာထင်ရှားနေသည်။

ကုလသမဂ္ဂ ငွေလုံးငွေရင်းဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ (UNCDF) သည် မြန်မာစျေးကွက်ကို ဦးဆောင်နေသူများက ပြုလုပ်သော စစ်တမ်းတစ်ခုအပေါ် အခြေခံ၍ “ဒစ်ဂျစ်တယ်မိုးကုတ်စက်ဝိုင်းသို့ သွားလာခြင်း- မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့ရေးနှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုအပေါ် ရှုထောင့်များ” ဆိုသည့် အစီရင်ခံစာကို ယခုရက်သတ္တပတ်အတွင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းအစီရင်ခံစာသည် အကြမ်းဖက်စစ်အုပ်စုအား မြန်မာအစိုးရသဖွယ် ကြိမ်ဖန်များစွာ ပုံဖော်ရေးသားထားပြီး၊ စစ်အုပ်စုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်ရန် တိုက်တွန်းထားကြောင်း Justice For Myanmar မှ ပြစ်တင်ဝေဖန်ခဲ့ပြီးနောက်၊ UNCDF က ၎င်း၏ ၀က်ဘ်ဆိုဒ်မှ အဆိုပါအစီရင်ခံစာကို ဖယ်ရှားခဲ့သည်။

UNCDF ၏အစီရင်ခံစာနှင့် ပတ်သက်၍မေးမြန်းရန်အတွက် ခေတ်သစ်မီဒီယာက UNCDF ထံ ဆက်သွယ်ခဲ့သော်လည်း ယခုသတင်းတင်သည့်အချိန်အထိ အဆက်အသွယ် မရရှိခဲ့ပေ။ အလားတူ အဆိုပါအစီရင်ခံစာအား ယနေ့နံနက်အစောပိုင်းတွင် ဝင်ရောက်ဖတ်ရှုနိုင်ခဲ့သော်လည်း၊ ညနေပိုင်းအရောက်တွင် အဆိုပါ အစီရင်ခံစာ လင့်ခ်သည် UNCDF ပင်မစာမျက်နှာကိုသာ ပြန်လည်ညွှန်းဆိုနေပြီး ဝင်ရောက်ဖတ်ရှုနိုင်ခြင်းမရှိတော့ပေ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #မြန်မာနိုင်ငံအစိုးရ #စစ်အုပ်စုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article