28 C
Yangon

ဘူးသီးတောင်မြို့တွင် နေအိမ် ထောင်ချီ မီးရှို့ခံနေရပြီး စစ်ကောင်စီနှင့် ARSA၊ ARA အကြမ်းဖက်အဖွဲ့တို့ ပူးပေါင်း မီးရှို့ ခဲ့

Must read

ဘူးသီးတောင်မြို့တွင် နေအိမ် ထောင်ချီ မီးရှို့ခံနေရပြီး စစ်ကောင်စီနှင့် ARSA၊ ARA အကြမ်းဖက်အဖွဲ့တို့ ပူးပေါင်း မီးရှို့ ခဲ့

ရန်ကုန်| ဧပြီ ၂၄

ရခိုင်ပြည် ဘူးသီးတောင်မြို့ပေါ်တွင် နေအိမ်ထောင်နှင့်ချီ မီးရှို့ဖျက်ဆီးခံနေရပြီး ယင်းမီးရှို့မှုမှာ စစ်ကောင်စီနှင့် ARSA, ARA အကြမ်းဖက်အဖွဲ့တို့ ပူပေါင်း မီးရှို့ခဲ့ဖြစ်ကြောင်း ဒေသခံများနှင့် သတင်းရင်းမြစ်များ က ပြောဆိုသည်။

စစ်ကောင်စီ သင်တန်းပေးထားသော အကြမ်းဖက်မွတ်ဆလင်လက်နက်ကိုင်အချို့နှင့် ARSA, ARA အကြမ်းဖက်အဖွဲ့တို့သည် ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်နေ့ကတည်းက အရပ်သားနေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး မီးရှို့ဖျက်ဆီးနေခြင်းဖြစ်သည်။

ယင်းအကြမ်းဖက်များ မီးရှို့ဖျက်ဆီးသည့်အထဲ မွတ်ဆလင်များအပါအဝင် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် နိုင်ငံတကာအဖွဲ့ နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF ရုံးလည်း ပါဝင်ပြီး ဟိန္ဒူအိမ်များနှင့် ရခိုင်အိမ်များ အများဆုံး မီးရှို့ဖျက်ဆီးခံနေရသည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ကျနော်တို့ သတင်းကြားသလောက် မီးရှို့ခံရတဲ့ နေအိမ် ၅၀၀၀ လောက်တောင် ရှိနေပြီလို့ သိရပါတယ်။ MSF ရုံးလည်းပါတယ်။ ဟိန္ဒူဘာသာဝင်နေအိမ်တွေ၊ ရခိုင်တိုင်းရင်းသား နေအိမ်တွေပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ရုံးခန်းတွေ နေအိမ်တွေပါကြတယ်။ အကြမ်းဖက်အဖွဲ့တွေကို စစ်ကောင်စီက နောက်ကနေ ကြိုးကိုင်နေတယ်။ အားပေးအားမြှောက်လုပ်ပေးနေတယ် ” ဟု ပြောသည်။

မီးရှို့ခံရသည့် နေအိမ်များမှာ အမှတ် (၃)၊ အမှတ် (၄)၊ အမှတ် (၅)၊ အမှတ် (၇) စသည့် ရပ်ကွက်က နေအိမ်အများဆုံးပါဝင်ကြောင်း သိရသည်။

ရသေ့တောင်မြို့သိမ်းတိုက်ပွဲ ဖြစ်ပြီးနောက် ဘူးသီးတောင်၊ မောင်တောသို့ AA က ချီတက်လာရာ တိုက်ပွဲကိုရှောင်သည့်အနေဖြင့် ယင်းမြို့ရှိ ဒေသခံပြည်သူများမှာ ဘေးကင်းရာသို့ တိမ်းရှောင်နေကြချိန် စစ်ကောင်စီသည် အကြမ်းဖက်အဖွဲ့များဖြင့် ပူးပေါင်းကာ လူနေအိမ်များကို မီးရှို့နေခြင်းဖြစ်သည်။

အာဏာသိမ်း စစ်ကောင်စီက ARSA, ARA တို့နှင့် ပူးပေါင်းကာ ရခိုင်ပြည်အတွင်း လူမျိုးရေးပြဿနာများ ဖြစ်ပွားစေရန် ဖန်တီးပေးခြင်းမရှိဟု ငြင်းဆိုထားသော်လည်း မြေပြင်တွင် အကြမ်းဖက်အဖွဲ့များကို လက်နက်များတပ်ဆင်ပေးကာ သွေးထိုးလှုံ့ဆော်နေသည်ဟု မောင်တောခရိုင်က မွတ်ဆင်များနှင့် ပြည်ပရှိ မွတ်ဆလင်ခေါင်းဆောင်များက ပြောဆိုကြသည်။

စစ်ကောင်စီသည် ဘူးသီးတောင်မြို့တွင် လက်ရှိ ဖြစ်ပွားနေသော နေအိမ်များမီးရှို့၊ အပြစ်မဲ့ရပ်သားပြည်သူများအား ဓားစာခံအဖြစ်ဖမ်းဆီး စသည့် ပဋိပက္ခကို ၎င်းတို့ လက်သပ်မွေးစားထားသော ARSA နှင့် ARA အကြမ်းဖက်အဖွဲ့တို့ ကျူးလွန်နေသည့် လုပ်ရပ်ကို မျက်ကွယ်ပြုကာ အာရက္ခတပ်တော် AA ကို အပြစ်ပုံချထားသည်။

ဘူးသီးတောင်မြို့တွင် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများကို AA လုပ်နေသည်ဟု စစ်ကောင်စီ၏ စွပ်စွဲပြောဆိုချက်ကို ရိုနေဆန်းလွင်က ငြင်းဆိုထားပြန်သည်။

“စစ်ကောင်စီကပေါ့နော် ရိုဟင်ဂျာလူငယ်တွေကို အတင်းဖိအားပေး၊ အဓမ္မစစ်သားမစုဆောင်း၊ စစ်သင်တန်းမပေးဘူးဆိုရင် ဒီလိုမျိုး နားလည်မှုလွဲမှာ မဟုတ်ပါဘူး။ တစ်ဖက်နှင့်တစ်ဖက် အမြင်စောင်းမှာလည်းမဟုတ်ဘူး။ စစ်ကောင်စီက ပဋိပက္ခကို ဖန်တီးချင်တယ်ဆိုတာကို ကျနော် ထင်ထင်ရှားရှား တွေ့ရတယ်။ ဒီဒေသမှာ AA က ပဋိပက္ခကို ဖန်တီးနေတယ်ဆိုတာထက် စစ်ကောင်စီက သူလုပ်နေတာကို လူမမြင်အောင်ပေါ့နော် လူတွေ အထင်အမြင် နားလည်မှုလွဲအောင် တစ်ဖက်ကို အပြစ်ပုံချတာလို့ပဲ ကျနော်မြင်တယ် ခင်ဗျာ” ဟု ပြောသည်။

စစ်ကောင်စီ၏ စွပ်စွဲပြောဆိုချက်ကို AA ပြောခွင့်ရ ဦးခိုင်သုခ ကလည်း ဧပြီလ ၁၉ ရက်နေ့က ပြန်လည်တုန့်ပြန်ထားသည်။

“ဇော်မင်းထွန်းရဲ့ စွပ်စွဲပြောဆိုချက်က – ဒါကတော့ သူခိုးက လူပြန်ဟစ်တာဖြစ်တယ်ဗျ။ အကြမ်း‌ဖက် ဖက်ဆစ်စစ်ကောင်စီဟာ ရက္ခိုင်စစ်မျက်နှာမှာ သူတို့ရဲ့ ရှုံးနိမ့်မှုတွေကို ဖုံးကွယ်ဖို့အတွက် ကြိုးစားတဲ့အခါတိုင်း ကျနော်တို့ အဖွဲ့အစည်းအပေါ်မှာ ယုတ်ညံ့အောက်တန်းကျတဲ့ နိုင်ငံရေးအောက်လုံးတွေနဲ့ တောက်လျှောက် တိုက်ခိုက်နေတာဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ အာရက္ခဒေသက တဆင့်ချင်းနယ်မြေလက်လွှတ် ဆုတ်ခွါနေရတဲ့ အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီဟာ အာရက္ခဒေသမှာ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခတွေဖန်တီးထားခဲ့ဖို့ ကောက်ကျစ်စဉ်းလဲစွာ လုပ်ဆောင်နေတာတွေ့ရပါတယ်။ ” ဟု ပြောသည်။

ULA/AA အနေဖြင့် စစ်ကောင်စီနှင့် အပေါင်းပါ အကြမ်းဖက်အဖွဲ့များ၏ အာရက္ခပြည်သူများအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုများအားလုံးကို သေသေချာချာ မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ ရာဇဝတ်ကောင်များအားလုံးကို အရေးယူအပြစ်ပေးသွားမည်ဟု AA ပြောခွင့်ရ ဦးခိုင်သုခက ပြောဆိုထားသည်။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article