36 C
Yangon

အာဆီယံရုပ်ရှင်ပွဲတော်တွင် စစ်ကောင်စီကိုယ်စားလှယ်ကို ဖိတ်ကြားခဲ့မှုအတွက် ယူကေတက္ကသိုလ် ဖိအားများနှင့် ရင်ဆိုင်နေရ

Must read

အာဆီယံရုပ်ရှင်ပွဲတော်တွင် စစ်ကောင်စီကိုယ်စားလှယ်ကို ဖိတ်ကြားခဲ့မှုအတွက် ယူကေတက္ကသိုလ် ဖိအားများနှင့် ရင်ဆိုင်နေရ

မြန်မာအစိုးရက မည်သူဖြစ်ရမည်ကို ဆုံးဖြတ်ရမည်မှာ မြန်မာပြည်သူများသာဖြစ်၊ အာဆီယံ မဟုတ်ဟုဆို

ရန်ကုန်၊ ဧပြီ ၂၉

ယူကေအစိုးရတက္ကသိုလ် University of London, the School of Oriental and African Studies (SOAS) သည် ပြီးခဲ့သည့်ရက်သတ္တပတ်က စစ်အုပ်စု၏ ယူကေနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ထွန်းအောင်ကျော် ပါဝင်တက်ရောက်သည့် အာဆီယံရုပ်ရှင်ပွဲတော်ကို လက်ခံကျင်းပခဲ့ပြီးနောက် ဝေဖန်မှုများ ရင်ဆိုင်နေရပြီး၊ ခုခံကာကွယ်ဖို့ ရုန်းကန်ကြိုးပမ်းလျက်ရှိသည်။

ထွန်းအောင်ကျော်သည် အဆိုပါအခမ်းအနားဖွင့်ပွဲနှင့် မြန်မာရုပ်ရှင်ပြပွဲသို့ တက်ရောက်ခဲ့သည်။ အကြမ်းဖက်စစ်အုပ်စုသည် အဆိုပါအခမ်းအနားတွင် ထွန်းအောင်ကျော်၏ ပါဝင်တက်ရောက်မှုကို ၎င်တို့ ထိန်းချုပ်ထားသည့် မီဒီယာနှင့် စစ်အုပ်စု၏ နိုင်ငံခြားရေးဝန်ကြီးဌာန Facebook စာမျက်နှာတို့တွင် ရေးသားဖော်ပြခဲ့ပြီး၊ ဝါဒဖြန့်ချီရေးအတွက် အသုံးပြုခဲ့သည်။

စစ်အုပ်စုထုတ်ပြန်ခဲ့သည့် ဓာတ်ပုံတစ်ပုံတွင် အာဆီယံ ကိုယ်စားလှယ်များ၊ ထွန်းအောင်ကျော်နှင့် SOAS ပါမောက္ခ ရေချယ်ဟာရစ်ဆင်တို့သည် လက်ချင်းချိတ်၍ ပါဝင်သည်ကို တွေ့ရသည်။ ရေချယ်ဟာရစ်ဆင်သည် the SOAS School of Languages, Cultures and Linguistics ကျောင်း၏ ပါမောက္ခတစ်ဦး ဖြစ်သည်။ ဓာတ်ပုံတွင် တွေ့ရသည့် အဆိုပါ ရုပ်ရှင်ပွဲတော်၏ နောက်ခံပိတ်ကားတွင် အာဆီယံနှင့် SOAS လိုဂိုတံဆိပ်များကို ထင်ရှားစွာ တွေ့ရ သည်။

စစ်အုပ်စုက တရားဝင်သံအမတ်ကြီး ဦးကျော်စွာမင်းအား ၄င်း၏ရာထူးမှ လူယူဖယ်ရှားကာ ယခင်စစ်တပ်ပိုင်းလော့တစ်ဦးဖြစ်သည့် ထွန်းအောင်ကျော်အား လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ အကြီးအကဲအဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

တနင်္ဂနွေနေ့တွင် တက်ကြွလှုပ်ရှားသူများ၏ ဝေဖန်မှုများ ရှိလာပြီးနောက် SOAS က “အာဆီယံရုပ်ရှင်ပွဲတော်သည် မည်သည့်အစိုးရအပေါ်မှ SOAS ၏ ထောက်ခံမှုကို ကိုယ်စားပြုခြင်း မရှိပါ” ဟု လူမှု ကွန်ယက် X (ယခင် တွစ်တာ) ပေါ်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ရ

အဆိုပါရုပ်ရှင်ပွဲတော်ကို အာဆီယံလန်ဒန်ကော်မတီ (ALC) က စီစဉ်ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ Centre of South East Asian Studies နှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် SOAS တွင် လက်ခံကျင်းပခဲ့ခြင်း ဖြစ်သည်။

အဆိုပါထုတ်ပြန်ချက်တွင် SOAS အနေဖြင့် မည်သူကို ဖိတ်ကြားမည်ဆိုသည်ကို ရွေးချယ်ခဲ့ခြင်း မရှိကြောင်းကိုလည်း ပြောကြားထားသည်။

SOAS ၏ ထုတ်ပြန်ချက်တွင် စစ်အုပ်စုအား နိုင်ငံတကာစင်မြင့်တစ်ခု ပေးအပ်ခဲ့ခြင်းအတွက် စိတ်မကောင်းခြင်း သို့မဟုတ် တောင်းပန်ခြင်း အလျင်းပါဝင်ခြင်း မရှိရုံမျှမက မြန်မာနိုင်ငံတွင်း အကြပ်အတည်းကိုလည်း ထည့်သွင်းရေးသားခဲ့ခြင်း မရှိသည့်အပေါ် မြန်မာတက်ကြွလှုပ်ရှားသူများကလည်း ဝေဖန်ခဲ့ကြသည်။

Justice For Myanmar က တက္ကသိုလ်များသည် မြန်မာအကြမ်းဖက်စစ်အုပ်စုအား တရားဝင်မှုပေးအပ်သည့် ထိုသို့သောပွဲများကို လက်ခံကျင်းပရန် ငြင်းဆိုသင့်သည်ဟု ဆိုသည်။ Burma Campaign UK မှ ဒါရိုက်တာ Mark Farmaner က အဆိုပါပွဲကို လက်ခံကျင်းပခဲ့သည့် လုပ်ရပ်နှင့် ပတ်သက်၍ SOAS တွင် မည်သူက အတည်ပြုခဲ့သနည်း ဆိုသည့်အပေါ် မေးခွန်းထုတ်ခဲ့ပြီး၊ တက္ကသိုလ်အခမ်းအနားတစ်ခုတွင် ဟောပြောရန် ၄င်းအား ဖိတ်ကြားခံရသည့်အခါများတွင် သူ့အနေနှင့် လက်မခံခင် စစ်ဆေးမှုများ ပြုလုပ်လေ့ရှိကြောင်းလည်း မှတ်ချက်ပေးခဲ့သည်။

သို့ရာတွင် မြန်မာနိုင်ငံဆိုင်ရာအီးယူသံအမတ်ကြီး Ranieri Sabatucci က အဆိုပါအခမ်းအနားကို SOAS က လက်ခံကျင်းပပေးခဲ့ခြင်းနှင့် အကြမ်းဖက်စစ်အုပ်စုအား အာဆီယံ၏ တရားဝင်မှုပေးအပ်ခြင်း များအပေါ် တွစ်တာပို့စ်ရေးသား၍ ကာကွယ်ပြောဆိုခဲ့သည်။ “ဒီနေရာမှာ ရွေးချယ်ဖို့က အာဆီယံနဲ့ ဆက်ဆံရေးတစ်ရပ် ထားရှိမလား မရှိဘူးလားဆိုတာပါပဲ။ ၎င်းတို့ကို မည်သူကကိုယ်စားပြုရမည်ဆိုတာ ဆုံးဖြတ်ဖို့က အာဆီယံထက် မည်သူတစ်ဦးတစ်ယောက်မျှ မဟုတ်ပါ။ အီးယူတွင်လည်း တတိယအင် အားစုတစ်ခုခုက မိမိတို့ကို မည်သူက ကိုယ်စားပြုပါဆိုတာမျိုး ပြောဆိုတာကို ဘယ်တော့မှ လက်ခံမည် မဟုတ်ပါ” ဟု ရေးသားခဲ့သည်။

သို့သော် မြန်မာပြည်သူအများအပြားက အသိအမှတ်ပြုလက်ခံထားသည့်အတိုင်း မြန်မာအစိုးရက မည်သူဖြစ်သည်ကို ဆိုသည်ကိုဆုံးဖြတ်ရမည်မှာ မြန်မာပြည်သူများသာ ဖြစ်ပါသည် … အာဆီယံ မဟုတ်ပါ။

Civil Disobedience Movement အကောင့်ဖြင့် အီးယူသံအမတ်ကြီး ပို့စ်အား မှတ်ချက်ပြန်ပေးရာတွင် “အီးယူအဖွဲ့ဝင် တစ်နိုင်ငံချင်းစီရဲ့ အစိုးရမည်သူ ဖြစ်သည်ကို အီးယူက မဆုံးဖြတ်နိုင်သလို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရက မည်သူဖြစ်ကြောင်း အာဆီယံက မဆုံးဖြတ်သင့်ပါ။ ဒါဟာ ဘာမှ ရှုပ်ထွေးတဲ့ကိစ္စမဟုတ်ပါ” ဟု ရေးသားထားသည်ကိုလည်း တွေ့ရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article