26 C
Yangon

မင်းလှနှင့် မင်းတုန်း နယ်စပ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ဘက်မှ ၂ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ များပြား

Must read

မင်းလှနှင့် မင်းတုန်း နယ်စပ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ဘက်မှ ၂ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ များပြား

ရန်ကုန်၊ မေ ၃

မကွေးတိုင်း၊ မင်းလှမြို့နယ်နှင့် မင်းတုန်းမြို့နယ် အစပ်တွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း Southern Magway People’s Defence Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ တပ်မ ၈၈ မှ စစ်သားများ ၊ ပျူစောထီးများနှင့် စစ်မှုထမ်း သင်တန်းဆင်းများ ပါဝင်သော စစ်ကြောင်းသည် အထက်မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာများကို ဝင်ရောက် မွှေနှောက်နေစဉ် အထက်မင်းလှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မဟာမိတ်တပ်ဖွဲ့များနှင့် ယင်းနေ့ နံနက် ၇ နာရီ ၄ဝ မိနစ်ခန့်မှ စတင်ကာ မင်းလှ-မင်းတုန်းမြို့နယ် အစပ်ကျောက်စည်ရွာအနီးတွင် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်း ထိတွေ့တိုက်ပွဲအတွင်း တော်လှန်ရေး တပ်ဖွဲ့များက အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ၂ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း သိရှိရသည်။

မေလ ၂ ရက်နေ့တွင် အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တိုက်ပွဲဖြစ်ပွားရာ နေရာမှ သေဆုံးသွားသော စစ်သား အလောင်းများနှင့် ဒဏ်ရာရရှိသူများကို သယ်ဆောင်ပြီး ပုသိမ်-မုံရွာ လမ်းမကြီးဘက်သို့ ကားများဖြင့် ဆုတ်ခွာလာစဉ် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ ဖြတ်တောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုမိုင်းဆွဲ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ကား ၁ စီး ပျက်စီးပြီး ထိခိုက် ဒဏ်ရာရရှိသူများပြားကာ ဒဏ်ရာရ အရာရှိများကိုလည်း မင်းလှမြို့ကို သယ်ဆောင်ရန် စီစဉ်နေကြောင်း သိရှိရသည်။

“စစ်ခွေးတွေ ထိခိုက်မှုတော့များတယ်။ ၁၅ ကောင်ထက်မနည်း ထိခိုက်မှုရှိတယ်။ အရေအတွက် အတိအကျတော့ အတည်မပြုနိုင်သေးဘူး” ဟု Southern Magway People’s Defence Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို အထက်မင်းလှ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) နှင့်အတူ မဟာမိတ်ညီနောင် တပ်ဖွဲ့များ ဖြစ်ကြသော မကွေးတောင်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ West Rivers Army ၊ Key Of Revolution စသည့် မဟာမိတ်များ ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး အင်အားစုများအနေဖြင့် ဆက်လက်၍ တော်လှန်ရေး အရှိန်မြှင့်တင်တော့မည်ဖြစ်သောကြောင့် ပြည်သူများ အနေဖြင့် အချိန်နှင့်တပြေးညီ ထုတ်ပြန်လာမည့် ကြေညာချက်များအပေါ်တွင် လိုက်နာဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးနိုင်ကြပါရန် Southern Magway People’s Defence Force က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article