30 C
Yangon

နာမည်ဆိုးဖြင့် ကျော်ကြားသည့် သာယာ၀တီထောင်တွင် နိုင်ငံရေးအကျဉ်းသား LGBT မောင်ရဲရင့်ကို(ခ) ရဲရဲ မုဒိမ်းကျင့်ခံရ

Must read

နာမည်ဆိုးဖြင့် ကျော်ကြားသည့် သာယာ၀တီထောင်တွင် နိုင်ငံရေးအကျဉ်းသား LGBT မောင်ရဲရင့်ကို(ခ) ရဲရဲ မုဒိမ်းကျင့်ခံရ

ရန်ကုန်၊ မေ ၄

ပဲခူးတိုင်း၊ သာယာ၀တီအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား LGBT မောင်ရဲရင့်ကို(ခ) ရဲရဲ မုဒိမ်းကျင့်ခံရကြောင်း မြန်မာ နိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်း သားများကွန်ရက် (PPNM)မှ ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ပထမအပတ်အတွင်း LGBTQ+ နိုင်ငံရေးအကျဉ်းသား ရဲရင့်ကို ခေါ် ရဲရဲသည် အင်းစိန်ထောင်မှ သာယာဝတီထောင်သို့ ထောင်ပြောင်းရွှေ့ခြင်းခံခဲ့ရပြီး သာယာဝတီထောင်၏(က)ကြီးတိုက်တွင် သီးခြားနေထိုင်ရစဉ် တစ်တိုက်တည်းနေသေဒဏ်ကျ ရာဇဝတ်အကျဉ်းသား ပြူးကြီးက နိုင်ငံရေးအကျဉ်း သား ရဲရင့်ကို ခေါ် ရဲရဲကို မုဒိန်းကျင့်ခဲ့ကြောင်း ၊ ရဲရင့်ကို(ခ)ရဲရဲက မုဒိန်း ကျင့်မှုကို ခုခံ ငြင်းဆန်သည့်အတွက် သေဒဏ်ကျအကျဉ်းသားပြူကြီးက ကျောက်ခဲဖြင့် ဦးခေါင်းကို ရိုက်နှက်ခဲ့ကြောင်း၊ ထို့ကြောင့် ဦးခေါင်းကွဲပြီး အကျဉ်းထောင်ဆေးရုံတွင် သွားရောက်၍ ခေါင်းကွဲဒဏ်ရာကို ချုပ်ခဲ့ရကြောင်း သိရှိရသည်။

နိုင်ငံရေးအကျဉ်းသား ရဲရင့်ကို ခေါ် ရဲရဲသည် ၂၀၂၁ခုနှစ် စက်တင်ဘာလအ တွင်း အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ပုဒ်မ ၅၀(ဈ)၊ပုဒ်မ ၅၁(ဂ)၊ပုဒ်မ၅၄၊ပုဒ်မ၁၇(၁)အပြင် အခြားလက်နက်ပုဒ်မများဖြင့် ထောင်ဒဏ် ၉၆ နှစ် အမိန့်ချမှတ်ခြင်းခံထားရသူလည်း ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသား ရဲရင့်ကို ခေါ် ရဲရဲ ကဲ့သို့ LGBTQ+ များသည် ထောင်တွင်း ဖိနှိပ်မှုများအပြင် လိင်ပိုင်းဆိုင်ရာ ခြိမ်း ခြောက်ခံရမှုများစွာကြုံနေရကြောင်း၊ အခြားရာဇဝတ်အကျဉ်းသားများ၏ မုဒိန်းကျင့်ခြင်းမှ ကင်းဝေးစေရန်အတွက် အကျဉ်း ထောင်များအတွင်း ကောင်းမွန်သည့်အကာအကွယ် အစောင့်အရှောက်ရှိသင့်ကြောင်း မြန်မာ နိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူ နိုင်ငံရေးအကျဉ်းသားများထဲတွင် LGBTQ+ များ ပါဝင်ပြီး LGBTQ+ များသည် အကျဉ်းထောင်တွင်း၌ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ခြင်းများ ရင်ဆိုင်နေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရှိရသည်။

LGBTQ+ များသည် အကျဉ်းထောင်အာဏာပိုင်များ၏ ဖိနှိပ်မှုကို အခြားနိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူများ နည်းတူရင်ဆိုင်ကြရသည့်အပြင် အခြားရာဇဝတ်မှုဖြင့် အကျဉ်းကျထားကြသည့် နှစ်ကြီးအကျဉ်းသားများ၏ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း၊အမြတ်ထုတ်ခြင်း(မုဒိန်းကျင့်ခြင်း) အန္တရာယ်များနှင့်ပါ ရင်ဆိုင်ကြရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောကြားသည်။

“ဒီလိုမျိုးနိုင်ငံရေးအကျဉ်းသားတွေထဲမှာမှ LGBTQ+ တွေက ပိုပြီးမှ လူစိတ်ဝင်စားမှုနည်းတာကို ခံရတဲ့ issue တစ်ခုအနေနဲ့ ဖြစ်နေတယ်။အကျဉ်းထောင်တွေထဲမှာ ဒီလိုမျိုးအကျဉ်းထောင်တွေထဲမှာ LGBTQ+ တွေဟာ အကျဥ်းထောင်အာဏာပိုင်တွေရဲ့ ဖိနှိပ်မှုအပြင် အကျဉ်းထောင်တွေတွင်းမှာ ရှိနေတဲ ရာဇဝတ်အကျဉ်းသားတွေရဲ့ လိင်ပိုင်းဆိုင်ရာ အာသာပြေမှု အန္တရာယ်တွေနဲ့ များစွာရင်ဆိုင်နေရတယ်ဆိုတာကိုလည်း ပြည်သူတွေကို သတင်းစကားပါးစေလိုတဲ့ ဆန္ဒနဲ့ အခုလိုမျိုး ထုတ်ပြန်တာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောကြားသည်။

ထို့ပြင် အကျဉ်းထောင်များအတွင်း ကျူးလွန်မှုဖြစ်စဉ်အပေါ်တွင် ကျူးလွန်သူ အခြားရာဇဝတ်အကျဉ်းသားများကို အကျဉ်းထောင်အာဏာပိုင်များအနေဖြင့် ထိရောက်သည့်ပြစ်ဒဏ်ပေးခြင်း အရေးယူဆောင်ရွက်ခြင်းမရှိသည့်အတွက် ယခုကဲ့သို့ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်း အဓမ္မပြုကျင့်ရန် ကြိုးစားနေကြခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ ကိုသိုက်ထွန်းဦးက ပြောကြားသည်။

“အကျဉ်းထောင်အာဏာပိုင်တွေ အနေနဲ့လည်း ဒီလိုမျိုး အဓမ္မပြုကျင့်မှု၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုကို ကျူးလွန်တဲ့ တခြားရာဇဝတ်အကျဉ်းသားတွေကို ထိရောက်ပြင်းထန်တဲ့ အပြစ်ပေးအရေးယူမှုမျိုးတွေ လုပ်ဖို့ လိုအပ်တယ်။ ဒီလိုမျိုးအရေးယူမှုမျိုး မလုပ်တာတွေက ဒီလိုကျူးလွန်နေတဲ့ တခြားရာဇဝတ်အကျဉ်းသားတွေကို အားပေးအားမြှောက် ပြုတယ်လို့ ပြောချင်ပါတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ ကိုသိုက်ထွန်းဦးက ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article