30 C
Yangon

လဲချားမြို့မှ မန္တလေးသို့သွားရောက်သည့် လူငယ် ၁ ဦးကို ပေါ်တာဆွဲဖမ်းဆီး ငွေညှစ်မှုဖြစ်ပွား

Must read

လဲချားမြို့မှ မန္တလေးသို့သွားရောက်သည့် လူငယ် ၁ ဦးကို ပေါ်တာဆွဲဖမ်းဆီး ငွေညှစ်မှုဖြစ်ပွား

ရန်ကုန်၊ မေ ၄

ရှမ်းပြည်နယ်၊ တောင်ပိုင်း လဲချားမြို့နယ်မှ မန္တလေးမြို့သို့ သွားရောက်သော လူငယ်တစ်ဦးကို ကားဂိတ်တွင် စစ်တပ်ကဟိုဆိုကာ ဖမ်းဆီးခေါ်ဆောင်ပေါ်တာဆွဲပြီး ငွေညှစ်မှု ဖြစ်ပွားကြောင်း ဖမ်းဆီးခံရသည့် လူငယ်၏ မိသားစုဝင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၃ ရက်နေ့ ရှမ်းပြည်နယ်၊တောင်ပိုင်း လဲချားမြို့နယ်မှ မန္တလေးသို့ သွားရောက်သော လူငယ် မောင်ထွန်းမြတ်သည် မန္တလေး ကားကြီးကွင်း ရောက်ရှိချိန် လူတစ်ဦးက “ဘယ်သွားမလဲ” ၊ “ကားငှားမလား” ဟုဆိုကာ သူနှင့်လိုက်ခဲ့ရန် ခေါ်ဆောင်သွားကြောင်း၊ ယင်းနောက် မီနီအိုးဝေဖြင့် ခေါ်ဆောင်ကာ KTV တစ်ခုအတွင်းသို့ ထည့်ထားခဲ့ကြောင်း၊ KTV အတွင်းသို့ ရောက်ရှိသောအခါ လူ ၆ ဦးက လူငယ်၏ အဝတ်ထုပ်များ ပိုက်ဆံအိတ်နှင့် ဖုန်းများကို သိမ်းဆည်းကာ ကိုယ်ရေးအကျဉ်း ရိုက်နှက် စစ်မေးကြောင်း၊ စကားတစ်ခွန်းမေးတိုင်း နားရင်းတစ်ချက် ရိုက်ကြောင်း၊ ရိုက်နှက်သူများက ၎င်းတို့သည် စစ်သားများ ဖြစ်ကြောင်း၊ ဖမ်းဆီးရသော လူငယ်ကို နိုင်ငံရေးလုပ်သည် PDF နှင့်ဆက်သွယ်သည်ဆိုပြီး သတ်ပစ်လို့ရကြောင်း၊ စစ်တပ်ထဲ ပို့နိုင်ကြောင်း ပြောဆိုပြီး မိဘများထံ ဖုန်းခေါ်ခိုင်းကြောင်း၊ မိဘများနှင့် ဖုန်းအဆက်သွယ်ရသောအခါ ပြန်ပေးဆွဲသူများက ငွေကြေးတောင်းခံကြောင်း၊ ငွေလွှဲပေးသည်နှင့် ချက်ချင်း ပြန်လွှတ်ပေးမည်ဟု ပြောဆိုကြောင်း သိရှိရသည်။

“မောင်လေးက မန္တလေးကနေ ကျောက်ဆည်ကို ဆက်သွားမလို့။ အဲဒါ ကားကြီးကွင်းမှာ ကားငှားမလားဆိုပြီး လူတစ်ဦးက ဆွဲခေါ်သွားတာ။ KTV ရောက်တော့မှာ လူ ၆ ယောက်လောက်က ၀ိုင်းရိုက်ပြီး ပစ္စည်းတွေ၊ ဖုန်းတွေ၊ ပိုက်ဆံအိတ်တွေ သိမ်းတယ်။ အိမ်ကို ဖုန်းခေါ်ခိုင်းပြီး ငွေညှစ်တယ်။ ငွေကတော့ နောက်ဆုံး မတတ်နိုင်လို့ပါ တောင်းပန်တော့မှ ငွေ ၅ သိန်းချက်ချင်းလွှဲခိုင်းတယ်” ဟု ဖမ်းဆီးခံရသူလူငယ်၏ အစ်မဖြစ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ပြန်ပေးဆွဲသူများ တောင်းခံသည့် ငွေကို K Pay မှတစ်ဆင့် လွှဲပေးလိုက်ပြီးနောက် တိုင်ကြားခြင်းမပြုလုပ်ရန်၊ အသံဖမ်းမထားရန် စသည်ဖြင့် အကြိမ်ကြိမ် အော်ဟစ် ရိုက်နှက်ပြီး ဖမ်းဆီးထားသူ ကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

“ပိုက်ဆံမပေးခင်က သတ်ပစ်တယ်။ စစ်ကြောရေးပို့မယ်၊ PDF ဆိုပြီး ထောင်ချမယ် အမျိုးမျိုး ပြောတာ။ ငွေလွှဲပေးတော့လည်း မတိုင်ဖို့၊ ဖုန်းပြောတာကို Record လုပ်မထားဖို့ အကြိမ်ကြိမ်ပြောတယ်။ ငွေလွှဲတော့မှ ကလေးကို ရိုက်နှက်ပြီး ပြန်လွှတ်တယ်။ မောင်လေးက ပြောတာတော့ ဖမ်းထားတဲ့သူတွေက ဓားတွေနဲ့လို့ ပြောတယ်။ မောင်လေးပိုက်ဆံအိတ်ထဲကငွေတွေလည်း အကုန်ယူသွားပါတယ်။ ကိုင်တဲ့ဖုန်းတောင် စုတ်ပြီး သိပ်တန်ဖိုးမရှိလို့ ပြန်ပေးလိုက်တာ” ဟု ဖမ်းဆီးခံရသူ၏ အစ်မဖြစ်သူကရှင်းပြသည်။

ထို့ကြောင့် လူငယ်များအနေဖြင့် ခရီးသွားပါက တစ်ဦးတည်းမသွားဘဲ အဖော်ဖြင့်သွားရန်၊ လာရောက်ခေါ်ဆောင်သူများနောက်သို့ မလိုက်ရန်နှင့် ရွှေငွေများ အများအပြား ယူဆောင်သွားခြင်းမပြုရန် အသိပေးလိုကြောင်း ၎င်းက ပြောဆိုသည်။

“မောင်လေး ဖြစ်စဉ်ကို ပြောပြတာက လူငယ်တွေ ခရီးသွားရင် သတိထားစေချင်လို့ပါ။ ကျမမောင်လေးလိုလည်း မဖြစ်စေချင်လို့” ဟုပြောဆိုသည်။

အဆိုပါပြန်ပေးဆွဲ ငွေညှစ်ခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲတိုင်ကြားရန် မရှိဘဲ မန္တလေးရောက်ရှိနေသော မောင်ဖြစ်သူ ဘေးကင်းစွာဖြင့် အိမ်ပြန်ရောက်ရန်သာ အဓိက ဖြစ်သည်ဟု မိသားစုဘက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ- ခရီးသည်တင်ကားပေါ် တက်၍ မှတ်ပုံတင်စစ်နေသည့် အကြမ်းဖက်စ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article