35 C
Yangon

ရိုဟင်ဂျာများကို တပ်သားသစ်များအဖြစ် စစ်ကောင်စီနှင့် ARSA က ပူးပေါင်းစုဆောင်းနေပြီး ရှေ့တန်းတွင် လူသားဒိုင်းအဖြစ် အသုံးပြုနေဟု အမေရိကန် USIP က ထုတ်ဖော်

Must read

ရိုဟင်ဂျာများကို တပ်သားသစ်များအဖြစ် စစ်ကောင်စီနှင့် ARSA က ပူးပေါင်းစုဆောင်းနေပြီး ရှေ့တန်းတွင် လူသားဒိုင်းအဖြစ် အသုံးပြုနေဟု အမေရိကန် USIP က ထုတ်ဖော်

ရန်ကုန်၊ မေ ၉

ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာမွတ်စလင်များကို တပ်သားသစ်များအဖြစ် စစ်ကောင်စီနှင့် ARSA တပ်ဖွဲ့က ပူးပေါင်းစုဆောင်းနေပြီး ရှေ့တန်းစစ်မျက်နှာတွင် လူသားဒိုင်းအဖြစ် အသုံးပြုနေကြောင်း အမေရိကန်အခြေစိုက် United States Insititute of Peace (USIP) က ယနေ့ ထုတ်ပြန်ပြောဆိုသည်။

စစ်ကောင်စီက ဖေဖော်ဝါရီလတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းကြောင်း ကြေညာပြီး တပ်ဖွဲ့ဝင်အင်အားတိုးမြှင့်ရန် အဆိုပါ ဥပဒေကို အသုံးပြုလာကြောင်း၊ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ မွတ်စလင်များသည် နိုင်ငံသားဖြစ်ခွင့်အတွက် ငြင်းဆိုခံရသော်လည်း စစ်သားအဖြစ် စုဆောင်းခံရရန် ပစ်မှတ်ထားခံရကြောင်း၊ မွတ်စလင် လူငယ်များကို ရက်အနည်းငယ်သာ စစ်သင်တန်းပေးပြီး ရှေ့တန်းစစ်မြေပြင်သို့ စေလွှတ်ကြောင်း၊ အထူးသဖြင့် မွတ်စလင်လူငယ်များကို လူသားဒိုင်းအဖြစ် စစ်ကောင်စီက အသုံးပြုနေကြောင်း USIP က ပြောဆိုသည်။

ARSA အဖွဲ့ဝင်များသည် စစ်ကောင်စီအတွက် တိုက်ခိုက်နေသည်မှာ ဖြစ်နိုင်ခြေရှိပြီး ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများမှ ARSA အဖွဲ့ဝင်များက မြန်မာဘက်သို့ ယခုရက်ပိုင်းအတွင်း အများအပြားသွားရောက်နေကြသည်ကို ရိုဟင်ဂျာဒုက္ခသည်များက သတိပြုမိကြောင်း၊ ARSA အဖွဲ့နှင့် စစ်ကောင်စီအကြား ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ ARSA တပ်သားများကို စစ်ကောင်စီအတွက် တိုက်ခိုက်ပေးရန် ARSA တပ်မှူးများက ညွှန်ကြားမှုများလည်းရှိကြောင်း၊ ARSA က စစ်ကောင်စီအတွက် ရိုဟင်ဂျာ လူငယ်များကို တပ်သားသစ်များအဖြစ် စုဆောင်းရာတွင်လည်း ပါဝင်ပတ်သက်နေကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကောင်စီက ARSA အဖွဲ့မှ တိုက်ခိုက်ရေးအဖွဲ့ဝင်ဟောင်းများကို စစ်ဘက်ဆိုင်ရာ အတွေ့အကြုံများ ပို့ချရန် ပြန်လည် ခန့်ထားမှုများလည်းရှိကြောင်း၊ အဆိုပါ အချက်အလက်များက ARSA အဖွဲ့သည် မြန်မာစစ်ကောင်စီက ဖန်တီးထားသည်ဆိုသော အချက်ကို ပိုမို ခိုင်မာစေကြောင်း USIP က ဆိုသည်။

AA အနေဖြင့် ရိုဟင်ဂျာမွတ်စလင်များကို စစ်ကောင်စီနှင့် မပူးပေါင်းရန် သတိပေးပြီး စစ်ကောင်စီနှင့် ARSA ၏ လှုပ်ရှားမှုများကို သတင်းပေးရန် ညွှန်ကြားကြောင်း၊ သို့ရာတွင် AA က ရိုဟင်ဂျာမွတ်စလင်များကို စစ်သားအဖြစ် ခေါ်ယူမှု မရှိကြောင်း သိရှိရသည်။

စစ်ကောင်စီက သေနတ်ထောက်၍ စစ်ထဲခေါ်သွင်းခံရသူ အသက် ၂၂ နှစ်အရွယ် ရိုဟင်ဂျာ မွတ်စလင် လူငယ်တစ်ဦး က စစ်ရေးအတွေ့အကြုံမရှိသော ရိုဟင်ဂျာ လူငယ် ၅၀ ကို မည်သည့်အတွက်ကြောင့် အတွေ့အကြုံရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကိုယ်တိုင် မလုပ်နိုင်သော AA ကို တိုက်ခိုက်ရေး စစ်ဆင်ရေး များတွင် အသုံးပြုနေသလဲဟု မေးခွန်းထုတ်ခဲ့ပြီး နယ်စပ်ကို ဖြတ်သန်းကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။

လွတ်မြောက်လာသော ရိုဟင်ဂျာလူငယ်၏ အဆိုအရ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်များ ပိတ်ပင်ထားသည့်အတွက် ရိုဟင်ဂျာမိသားစုများအနေဖြင့် တိုက်ပွဲနှင့်ဝင်ရောက်စီးနင်းမှုများမှ ပုန်းအောင်းနိုင်ရန် နေအိမ်ခြံဝင်းများတွင် ကျင်းများတူးထားရကြောင်း ပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးလွတ်မြောက်သွားသော စစ်မှုထမ်းများနှင့် ပြည်သူတချို့မှာ ကော့ဘဇားသို့ ရောက်ရှိသည့်တိုင် မလုံခြုံသေးဘဲ ဘင်္ဂလားဒေ့ရှ်က ထွက်ပြေးလာသူများကို မြန်မာပြည်သို့ပြန်လည်ပို့ဆောင်မှုများ ရှိနေကြောင်း၊ ဧပြီလအစောပိုင်း ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့သော ရိုဟင်ဂျာ မိသားစုကို ဘင်္ဂလားဒေ့ရှ်အာဏပိုင်များက မြန်မာဘက်သို့ ပြန်ပို့ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article