25 C
Yangon

ရန်ကုန်-မန္တလေး လမ်းဟောင်း အနီးရှိ စိုက်တန်းခင်ရွာကို စစ်ကြောင်းထိုးလာသော စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား

Must read

ရန်ကုန်-မန္တလေး လမ်းဟောင်း အနီးရှိ စိုက်တန်းခင်ရွာကို စစ်ကြောင်းထိုးလာသော စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား

ရန်ကုန်၊ မေ ၉

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်း အနီးရှိ စိုက်တန်းခင်ရွာတွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၈ ရက်နေ့တွင် ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်း အနီးရှိ စိုက်တန်းခင်ရွာကို အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များ အနီးကပ် ဝင်ရောက် တိုက်ခိုက်ရာ တိုက်ပွဲ ၄ နာရီကျော်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၁၆ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း သိရသည်။

အဆိုပါ စိုက်တန်းခင်ရွာ၌ တော်လှန်ရေး တပ်ဖွဲ့များက ၅ ရက်ကြာ တပ်စွဲခဲ့ပြီး အကြမ်းဖက် စစ်တပ်က မေလ ၈ ရက်နေ့တွင် အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်း ၃ ကြောင်းခွဲကာ ကျေးရွာကို ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကျန်တော်တို့ စိုက်တန်းခင်ရွာမှာ တပ်ထိုင်လိုက်တော့ သူတို့ စစ်ကြောင်းမထိုးသေးဘူး။ ဒရုန်းတွေနဲ့ လာကျဲတာတွေရှိတယ်။ လက်နက်ကြီးတွေကတော့ နေ့တိုင်းထုတာပေါ့။ စတက်တဲ့နေ့တည်းက လက်နက်ကြီးတွေ အဲရွာကို တော်တော်ပစ်တာ နေ့စဉ်ပစ်တာ မနေ့က နံနက်ကျတော့ ညောင်ပင်သာဘက်က စစ်ကြောင်း ၁ ကြောင်းဝင်လာတာတယ်။ ကညွတ်ကွင်းဘေး ထွန်းသာယာရွာဘေးကနေ ၁ ကြောင်းဝင်လာတယ်။ ပြီးတော့ ၄၃၉ တပ်ရင်း အရှေ့ ကွင်းဝိုင်းရွာဘက်ကနေ စစ်ကြောင်း ဝင်တယ်။ ကွင်းဝိုင်းရွာနဲ့ စိုက်တန်းခင်ရွာကလည်း ၁ မိုင်လောက်ကွာလို့ သူတို့ ကွင်းဝိုင်းထိပဲ တက်တယ်။ ကျွန်တော်တို့ ဘက်ကို မတက်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဘက်ကို ဝိုက်ပြီးလာတော့ ကျွန်တော်တို့က အနောက်ကနေ ပြန်ထွက်လို့ ရတဲ့ အပေါက်တစ်ပေါက်ပဲရှိတယ်။ ဘေးဘက်နဲ့ အရှေ့ကကျတော့ သူတို့ရှိတယ်။ ကျွန်တော်ရှိတာသိရဲ့နဲ့ တမင်ထိုးတက်တာ စစ်ကြောင်း ၃ ကြောင်းလာပြီးတော့ ၂ ကြောင်းက ဝင်တိုးလာတယ်ပေါ့။ သူတို့တိုးလာတော့ မပစ်ဘဲနဲ့ နံနက် ၇ နာရီလောက်မှာခွာပေးလိုက်တယ်။ အနောက်ဘက်ကို နည်းနည်းခွာပေးလိုက်တာပေါ့။ ပြီးမှ မွန်းလွဲ ၁ နာရီလောက်မှ ကျန်တော်တို့ ပြန်တက်တာ တက်ပြီးတော့ သူတို့ ရွာထိပ်မှာရှိတဲ့ နေရာကို ချဉ်းကပ်ပြီးတော့ အနီးကပ် ဝင်ပစ်တာပေါ့။ စစ်ခွေး ၁၆ ကောင်လောက်တော့ သေတယ်။ ဒဏ်ရာရတာ သူလည်းများတယ်” ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

လက်ရှိချိန်ထိ အကြမ်းဖက် စစ်တပ်က စိုက်တန်းခင်ရွာထဲ၌ ရှိနေပြီး တော်လှန်ရေး တပ်ဖွဲ့များလည်း ကျေးရွာ အနီးအနား၌ ရှိနေသောကြောင့် တိုက်ပွဲများ ထပ်မံ ဖြစ်ပွားနိုင်ကာ စစ်ရေးတင်းမာလျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article