25 C
Yangon

ဒိုက်ဦးဗဟို အကျဉ်းထောင်တွင် ဆေးဝါး စောင့်ရှောက်မှု လုံလောက်စွာ မရရှိ၍ နိုင်ငံရေးအကျဉ်းသား ကိုလင်းလင်းထွန်း သေဆုံး

Must read

ဒိုက်ဦးဗဟို အကျဉ်းထောင်တွင် ဆေးဝါး စောင့်ရှောက်မှု လုံလောက်စွာ မရရှိ၍ နိုင်ငံရေးအကျဉ်းသား ကိုလင်းလင်းထွန်း သေဆုံး

ရန်ကုန်၊ မေ ၁၁

ပဲခူးတိုင်း၊ ဒိုက်ဦး ဗဟိုအကျဉ်းထောင်တွင် ဆေးဝါး စောင့်ရှောက်မှု လုံလောက်စွာ မရရှိ၍ နိုင်ငံရေး အကျဉ်းသား ကိုလင်းလင်းထွန်း သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM)မှ ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၈ ရက်နေ့ ည ၈ နာရီခန့်တွင် ဒိုက်ဦး အကျဉ်းထောင်တွင်း၌ ပြင်ပဆေးရုံသို့ အရေးပေါ် ဆေးဝါးကုသမှုခံယူရန် လိုအပ်လျှက်ရှိသည့် အသက် ၃၂ နှစ်အရွယ် နိုင်ငံရေး အကျဉ်းသား ကိုလင်းလင်းထွန်း(ခ)လယ်ဝေးသည် အကျဉ်းထောင်ပြင်ပ၌ အသက်သေဆုံးခဲ့ရကြောင်း သိရသည်။

ကိုလင်းလင်းထွန်းသည် မေလ ၇ ရက်နေ့တွင် ကျန်းမာရေး အခြေအနေ အရေးပေါ်ဖြစ်ချိန်၌ အကျဉ်းထောင် အာဏာပိုင်များအနေဖြင့် အချိန်နှင့် တပြေးညီ ထောင်ပြင်ပဆေးရုံသို့‌ ပို့ဆောင်ပေးခြင်းမရှိခဲ့ဘဲ အသက်သေဆုံးခါနီး အချိန်ရောက်မှသာ ပြင်ပဆေးရုံကို ပို့ဆောင်ခဲ့သည့်အတွက် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။

“၂၀၂၄ ခုနှစ်ဟာ အကျဉ်းထောင်တွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိလို့ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားများလာတဲ့ နှစ် ၁ နှစ်ဖြစ်လာပါတယ်။ ဒါဟာ နိုင်ကျဉ်းတွေအတွက် အရမ်းကို စိုးရိမ်ရတဲ့ အခြေအနေတစ်ခု ဖြစ်လာ‌နေတဲ့အတွက် ICRC အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေအနေနဲ့ အကျဉ်းသားအခွင့်အရေးအရ အကျဉ်း‌သားတွေကို လုံလောက်သော ဆေးဝါးစောင့်ရှောက်မှု့ အပြည့်အဝရရှိစေရေး မဖြစ်မ‌နေ ကြိုးစားဆောင်ရွက်ပေးဖို့ လိုအပ်တဲ့ အခြေအနေရောက်နေပြီဖြစ်ကြောင်း ကျဆုံးနိုင်ငံရေးအကျဉ်းသား၊ အကျဥ်းသူတွေရဲ့ ကိုယ်စား တောင်းဆိုပါတယ်” ဟု နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM)မှ ကိုသိုက်ထွန်းဦးက ပြောဆိုသည်။

ကိုလင်းလင်းထွန်းသည် ပုဒ်မ ၅၀ (ည) ဖြင့် ထောင်ဒဏ် ၁၀ နှစ် အမိန့်ချခံထားရသည့် လယ်ဝေးမြို့ ဒေသ ပြည်သူ တစ်ဦးဖြစ်ပြီး ဖမ်းဆီးခံရပြီး‌နောက် စစ်ကြောရေးမှ ရရှိခဲ့သည့် ပြင်းထန်ဒဏ်ရာများကြောင့် ဒိုက်ဦးအကျဉ်းထောင်အတွင်း ဆေးဝါးစောင့်ရှောက်မှု ရရှိရန် မကြာခဏတောင်းခံခဲ့ရပြီး လုံလောက်သော ဆေးဝါးစောင့်ရှောက်မှု မရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဒိုက်ဦး အကျဉ်းထောင်အတွင်း ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့မှ မေလ ၈ ရက်နေ့ထိ ၃ လတာအတွင်း ဆေးဝါး စောင့်ရှောက်မှု လုံလောက်စွာ မရရှိ၍ ပုဒ်မ ၅၀၅(က)/၁၄၂ ဖြင့် ထောင်ဒဏ် ၈ နှစ် အမိန့်ချမှတ်ခံထားရသူ အသက် ၆၈ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ဦးအေး‌ဝင်းသည် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း၊ ပုဒ်မ ၅၀၅/၅၂(က)/၅၀(ည) တို့ဖြင့် ထောင်ဒဏ် ၁၄ နှစ် အမိန့်ချမှတ်ခံထားရသူ အသက် ၆၄ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ဦးခင်စိုး သည် မတ်လ ၆ ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article