25 C
Yangon

ဒီပဲယင်းမြို့နယ်၊ မကျည်းအုပ်ရွာ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၉ နှစ် အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၆ ဦးသေဆုံးကာ ၃၀ ဦးခန့် ထိခိုက်ဒဏ်ရာရပြီး အသက်အန္တရာယ် စိုးရိမ်ရ

Must read

ဒီပဲယင်းမြို့နယ်၊ မကျည်းအုပ်ရွာ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၉ နှစ် အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၆ ဦးသေဆုံးကာ ၃၀ ဦးခန့် ထိခိုက်ဒဏ်ရာရပြီး အသက်အန္တရာယ် စိုးရိမ်ရ

ရန်ကုန်၊ မေ ၁၂

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မကျည်းအုပ်ရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ၉ နှစ် အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၆ ဦးသေဆုံးပြီး ၃၀ ဦးခန့် ထိခိုက်ဒဏ်ရာရကာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ဒီပဲယင်းမြို့နယ်၊ မကျည်းအုပ်ရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ YAK-130 ဂျက်ဖိုက်တာ ၁စီးဖြင့် ပေါင် ၅၀၀ ဗုံး ၃ လုံး ကျဲချကာ စက်လက်များဖြင့် မကျည်းအုပ်ရွာကို ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် မကျည်းအုပ်ရွာရှိ ၉ နှစ် အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၆ ဦးသေဆုံးကာ ၃၀ ဦးခန့် ထိခိုက်ဒဏ်ရာရပြီး ဒဏ်ရာရရှိသူများလည်း အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရှိရသည်။

“စစ်ခွေးတွေက လေကြောင်းနဲ့ ပတ်ဝဲပြီး ပစ်တာကတော့ ထန်းတပင်ရွာ၊ မကျည်းအုပ်ရွာနဲ့ ကိုင်းကံရွာပေါ့။ အထိနာဆုံးကတော့ မကျည်းအုပ်ရွာပါပဲ စာသင်ကျောင်းကိုပဲ တိုက်ခိုက်သွားတယ်။ သေဆုံးကတော့ ၆ ယောက်အတည်ပြုနိုင်ပြီ အပြင်းအထန် ဒဏ်ရာရရှိတဲ့ ဦးရေ ၃၀ နီးပါးခန့် ရှိတယ်။ အသက်အန္တရာယ်စိုးရိမ်ရတဲ့ လူနာပိုများနေတယ်လို့သိရတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

သေဆုံးသူ ၆ ဦးသည် မည်သူ မည်ဝါဖြစ်သည်ကို အတည်မပြုနိုင်သေးကြောင်း၊ လက်ရှိချိန်တွင် ထိခိုက် ဒဏ်ရာရရှိသူများအတွက် ငွေကြေးနှင့် ဆေးဝါး အကူညီများ လိုအပ်နေကြောင်း၊ မကျည်းအုပ် ကျေးရွာသည် နေအိမ် ၁၅၀‌ ခန့်ရှိပြီး ရွာသားများက ယနေ့ မေလ ၁၂ ရက်န့ အထိ ပြည်သူများ ရွာထဲ မဝင်ရဲသေးဘဲ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း သိရသည်။

“အကြောင်းမဲ့ကို ပစ်သွားတာ ပစ်တာက ရွာအဝင် ဇရပ်နဲ့ ရွာထဲကို ပစ်သွားတာပါ။ ဗုံးသီးက ပေါင် ၅၀၀ ၂ လုံး နှစ်ဆင့်ကွဲ ဗုံး ၁ လုံး စုစုပေါင်း ၃ လုံး ပစ်တာ။ နေအိမ် ၃ လုံး ပျက်စီးတယ်။ သေဆုံးတဲ့သူကလည်း ၆ ဦးအထိရှိတယ်။ ဒဏ်ရာရသူ ၂၁ ဦးထဲက ၇ ဦးကလည်း စိုးရိမ်ရတဲ့ အနေထားပါ။ အခုတော့ ဆေးကုသ ပေးနရတယ်။ အခု ဒဏ်ရာရရှိသူ တွေကတော့ ဆေးကုသဖို့ အခက်အခဲ တွေနဲ့လည်းကြုံတွေရတယ်။ ဘယ်လို အခက်အခဲလဲဆို တော့ ဆေးဝါးနဲ့ ငွေကြေးအခက်အခဲပေါ့။ နေပူလို့ ရွာအဝင်က အရိပ် ကောင်းတဲ့ နေရာကို သွားပြီး အရိပ်ခိုကြရင်း အပစ်ခံလိုက်ရတယ်။ ဘာတိုက်ပွဲမှ မရှိဘူး။ ဒါသက်သက် ယုတ်မာတာလို့ ပြောရမယ်။ ဘယ်လိုဖြစ်ဖြစ် စစ်အာဏာရှင်ကတော့ အဆုံးထိကို တိုက်ထုတ်ရလိမ်မယ်” ဟု ရွှေဘိုခရိုင် တပ်ရင်း ၂၂ ပြန်ကြားရေးတာဝန်ခံ ကိုဖြိုးကြီးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article