25 C
Yangon

မြန်မာနိုင်ငံတွင် မိသားစုအကျိုးစီးပွားရှိနေသူတစ်ဦးအား ထိုင်းက နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်

Must read

မြန်မာနိုင်ငံတွင် မိသားစုအကျိုးစီးပွားရှိနေသူတစ်ဦးအား ထိုင်းက နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်

မေ ၁၂၊ ၂၀၂၄

မကြာသေးမီက ထိုင်းနိုင်ငံ၏ အစိုးရဝန်ကြီးအပြောင်းအလဲများအတွင်း သြစတြေးလျနဲ့ ကနေဒါ သံအမတ်ဟောင်း ဖြစ်သူ Maris Sangiampongsa ကို နိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ် ခန့်အပ်ခဲ့သည်။

နှစ်ပေါင်းများစွာ သံတမန်အဖြစ် ဆောင်ရွက်ခဲ့သော အသက် ၆၆ နှစ်အရွယ် Mr. Maris သည် ဆေးဘက်ဆိုင်ရာ ထိုင်း-ကနေဒါ ဆေးခြောက်ကုမ္ပဏီ Siam Medtech Development ၏ CEO တစ်ဦးလည်းဖြစ်သည်။ ကုမ္ပဏီဝဘ်ဆိုဒ်ပါ ဖော်ပြချက်အရ ၎င်းအနေဖြင့် ချင်းမိုင်မြို့တွင် “ကမ္ဘာလုံးဆိုင်ရာ ဆေးဝါးအဖြစ်အသုံးပြုသော ဆေးဘက်သုံးဆေးခြောက် အချက်အချာနေရာတစ်ခု” ကို ဖော်ဆောင်နေပြီး ကမ္ဘာ့စျေးကွက်ကို တင်ပို့နေသည် ဟုလည်း ဆိုထားသည်။

တဖက်တွင် နိုင်ငံခြားရေးဝန်ကြီးသစ်၏ သားဖြစ်သူ ‘Chian’ Kulachet Sangiampongsa သည် မြန်မာပြည်တွင် သိသာထင်ရှားသော စီးပွားရေး ချိတ်ဆက်များ ရှိနေသည်။ သူသည် ‘အက်ဒီ’ သန်းဆွေ ဆိုသူနှင့်အတူ ရန်ကုန်အခြေစိုက် Hlaing Sang ကုမ္ပဏီ၏ ဒါရိုက်တာအဖြစ် တာဝန်ယူ လုပ်ဆောင်လျက် ရှိသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) အချက်အလက်များအရ ၎င်းကုမ္ပဏီကို ၂၀၁၈ ခုနှစ်တွင် မှတ်ပုံတင်ခဲ့ပြီး၊ လက်ကားရောင်းဝယ်ရေးလုပ်ငန်းများအပြင် သိုလှောင်ရုံနှင့် သယ်ယူပို့ဆောင်ရေး အထောက်အကူပြု လုပ်ငန်းများကိုပါ လုပ်ဆောင်နေကြောင်း ဖော်ပြထားသည်။ အဆိုပါ ဝဘ်ဆိုဒ်တွင် ကုမ္ပဏီနှင့် ပတ်သက်သော နောက်ထပ်အချက်အလက်များကိုမူ ဖော်ပြထားခြင်း မရှိပေ။

ဝယ်လင်တန်မြို့ ဗစ်တိုးရီးယားတက္ကသိုလ်နှင့် ထိုင်းနိုင်ငံ Assumption တက္ကသိုလ် ဘွဲ့ရတဦးဖြစ်သူ တွဲဖက်ဒါရိုက်တာ ‘အက်ဒီ’ သန်းဆွေသည် Onon Holdings ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော Myanmar’s Crane Cross Company နှင့် ပတ်သက်ဆက်နွယ်မှု ရှိနေသည်။ Onon Holdings Limited သည် ရန်ကုန်မြို့တွင် တည်ထောင်ထားသော အိမ်ခြံမြေ၊ ဟိုတယ်နှင့် ကုန်ထုတ်လုပ်ငန်းများဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတခုဖြစ်သည်။

‘Chain’ Kulachet Sangiampongsa သည် မော်တော်ယာဥ်ရောင်းဝယ်ရေးနှင့် ဝဘ်ဆိုဒ်ဖန်တီးသည့် လုပ်ငန်းများအပါအဝင် မတူကွဲပြားသော လုပ်ငန်းအမျိုးမျိုးကို လုပ်ဆောင်နေသည့် ထိုင်းကုမ္ပဏီများနှင့်လည်း ပတ်သက်ဆက်နွှယ်နေသည်။

ယခုနှစ်ပိုင်းမှ စတင်၍ မြန်မာအရေး ပဋိပက္ခများအပေါ် ထိုင်းနိုင်ငံဘက်က သံတမန်ရေးရာ ကြိုးပမ်းမှုများနှင့် အလေးထားချဥ်းကပ် ဆောင်ရွက်နေပြီး၊ ထိုင်း-မြန်မာ ဆက်ဆံရေးနှင့် ပတ်သက်၍ အရေးပါသည့် ယခုလိုကာလမျိုးတွင် မြန်မာနိုင်ငံတွင် မိသားစုအကျိုးစီးပွား ရှိနေသူတစ်ဦးကို နိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ် ထိုင်းအစိုးရက ခန့်အပ်လိုက်ခြင်း ဖြစ်သည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကလည်း အဆိုပါ ဆက်စပ်မှုများနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ သူမက Sangiampongsa အနေဖြင့် မိသားစု၏ မြန်မာစီးပွားရေး လုပ်ဖော်ကိုင်ဖက်များနှင့် ပတ်သက်သည့် ရင်းနှီးမြှုပ်နှံမှုများ၊ ငွေရင်းမြစ်များအပါအဝင် ၎င်းတို့မိသားစု၏ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းနှင့် ပတ်သက်သည်များကို ထုတ်ဖော်ပြောကြားရန် တောင်းဆိုခဲ့သည်။

ဆက်လက်၍ သူမက မြန်မာစစ်တပ်၊ ၄င်း၏ခရိုနီများနှင့် ထိုင်းနိုင်ငံတို့၏ ရှည်လျားသည့် စီးပွားရေးဆက်ဆံမှု သမိုင်းကြောင်းကို မီးမောင်းထိုးပြခဲ့ပြီး “ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ် မိသားစု၏ ရင်းနှီးမြှုပ်နှံမှုများသည် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ကိုယ်ကျိုးစီးပွား ပဋိပက္ခ သို့မဟုတ် ညစ်ညမ်းသော သဘောတူညီချက်များ မရှိစေရန် ပွင့်လင်းမြင်သာမှု ရှိစေဖို့ အရေးကြီးကြောင်းလည်း ပြောကြားခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article