26 C
Yangon

အကျဉ်းထောင်များတွင် သောက်ရေသုံးရေ မလုံလောက်ဘဲ သန့်ရှင်းမှု မရှိခြင်းကြောင့် ဝမ်းရောဂါ၊ ကျောက်ကပ်ရောဂါနှင့် အရေပြားရောဂါများ ဖြစ်ပွားမှု များပြားနေပြီး အပူဒဏ်ကို ဆိုးဝါးစွာခံစားနေရ

Must read

အကျဉ်းထောင်များတွင် သောက်ရေသုံးရေ မလုံလောက်ဘဲ သန့်ရှင်းမှု မရှိခြင်းကြောင့် ဝမ်းရောဂါ၊ ကျောက်ကပ်ရောဂါနှင့် အရေပြားရောဂါများ ဖြစ်ပွားမှု များပြားနေပြီး အပူဒဏ်ကို ဆိုးဝါးစွာခံစားနေရ

ရန်ကုန်၊ မေ ၁၄

မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် သောက်ရေသုံးရေ မလုံလောက်ဘဲ သန့်ရှင်းမှု မရှိခြင်းကြောင့် ဝမ်းရောဂါ၊ ကျောက်ကပ်ရောဂါနှင့် အရေပြားရောဂါများ ဖြစ်ပွားမှု များပြားနေပြီး အပူဒဏ်ကို ဆိုးဝါးစွာခံစားနေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ယက် (PPNM) ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မိတ္ထီလာ အကျဥ်းထောင်တွင် အကျဥ်းသားများသည် ပုံမှန် ဆပ်ပြာမတိုက်မှီ ရေ ၁၀ ခွက်၊ဆပ်ပြာ တိုက်ပြီး ရေ ၁၀ ခွက်ချိုးရပြီး ရေရှားသော အခါများတွင် စုစုပေါင်း ရေ ၁၅ ခွက် ခန့်သာချိုးရလေ့ရှိကြောင်း၊ ထောင်က ရေမပေးနိုင်၍ ရေကား ၁ စီးလျှင် ၆၅၀၀၀ ကျပ်ခန့်ဖြင့် နိုင်ငံရေးအကျဥ်းသားများစု၍ ရေဝယ်ချိုးရပြီး အလှည့်ကျ ချိုးရသည့်အတွက် ရေခွက်မလောက်၍ ဝဝလင်လင် မချိုးရသည့်အပြင် နံနက်မျက်နှာသစ်လျှင် ရေ ၃ ခွက်ဖြင့်သာ လောက်ငှအောင် သစ်နေရကြောင်း သိရှိရသည်။

ပုသိမ် အကျဥ်းထောင်ရှိ အမျိုးသမီးဆောင်တွင် ရေတင်စက် မကြာခဏ ပျက်လေ့ရှိပြီး အခြားအဆောင်နှင့်ပေါင်းကာ ခွက်အရေအတွက်ဖြင့် ရေချိုးရကြောင်း၊ ပြည်အကျဥ်းထောင်တွင်လည်း အပြင်မှ ရေသန့်ဝယ်မသောက်နိုင်သောသူများသည် ထောင်မှတိုက်သော ရေသာသောက်ရပြီး ပြန်လွတ်လာသောသူများသည် ကျောက်ကပ်ရောဂါများ ဖြစ်ပွားလျှက်ရှိကြောင်း သိရသည်။

မြစ်ကြီးနားအကျဥ်းထောင်တွင်လည်း သောက်ရေသုံးရေအတွက် အကျဥ်းသားများထံမှ ပိုက်ဆံကောက်၍ ထောင်မှရေများ သောက်ရကြောင်း၊ အင်းစိန်ဗဟို အကျဥ်းထောင်တွင် မီးမလာသောအချိန်ကများ၍ အကျဥ်းသားများမှာ ရေကိုခွက်အရေအတွက်ဖြင့်ချိုးရသည့်အပြင် ရေမသန့်ခြင်း၊ ဝလင်စွာမချိုးရခြင်းကြောင့် အပူနာများနှင့် ယားနာများ ဆိုးဝါးစွာ ဖြစ်ပွားလျက်ရှိပြီး ချိုးရေမဝရုံမက သုံးရေများပင် မပေးနိုင်တော့၍ အကျဥ်းသားများအနေဖြင့် အခက်အခဲများစွာ ရင်ဆိုင်နေရကြောင်း၊ သာယာဝတီထောင်တွင်လည်း ၄ နာရီမီးလာ ၄ နာရီမီးပျက်သောကြောင့် ရေပေးဝေမှုများ မလုံလောက်ကြောင်း သိရှိရသည်။

ပခုက္ကူထောင်တွင်လည်း ၁ ရက်လျှင် ၂ နာရီသာ တန်းဖွင့် လမ်းလျှောက်ခွင့်ပေးပြီး ကျန်အချိန်များတွင် သော့ခတ်၍ အိပ်ဆောင်အတွင်း၌ ပိတ်ထားလျှက်ရှိကြောင်း၊ ရေချိုးချချိန်မှာလည်း အညာနွေ အပူဆုံးအချိန် နေ့လည် ၁ နာရီဖြစ်ပြီး တစ်ခန်းလျှင် လူ ၅၀ ဖြင့် ကျဥ်းကျဥ်းကြပ်ကြပ်နေရကြောင်း၊ ဖျာပုံအကျဉ်းထောင်တွင်လည်း ရေချိုးရာတွင် ခွက်ရေကန့်သတ်ချက်ဖြင့် ချိုးရကြောင်း သိရသည်။

မြင်းခြံ ဗဟိုအကျဥ်းထောင်တွင် နွေရာသီပူရုံသာမက အလယ်ပိုင်းဒေသဖြစ်၍ ရေလုံလောက်စွာမရဘဲ အကျဥ်းသားများသည်တနေကုန် နေပူခံထားသော ကန်ထဲမှ ချိုးရေများကို ညနေ ၄ နာရီခန့်တွင်ချိုးရပြီး ရေများသည်ရေပူများဖြစ်ရုံမက မကြာခဏရေညှိများတက်၍ အဆိုပါ ရေညှိရေပူများကို မကြာခဏချိုးရလေ့ရှိပြီး တစ်ခါမှ ယားနာမပေါက်ဖူးသူများပင် ယားနာများ၊ ပွေး၊ ဝဲ၊ညှင်းများ စသောရောဂါများ ခံစားနေရကြောင်း သိရှိရသည်။

ဂန့်ဂေါအချုပ်ထောင်တွင်လည်း အချုပ်သားများမှာ သောက်ရေကို ကိုယ်တိုင် ဝယ်သောက်ကြရပြီး ချိုးရေအတွက် မော်တာပြင်ရန် ပိုက်ဆံလည်း ကိုယ်တိုင်စိုက်ပေးရကာ ရဲစခန်းအတွက် မီတာခပါ ပေးနေရပြီး ရေဖိုး တစ်လ စုစုပေါင်း ၈သိန်းကျော်ကုန်ကျကာ အကျဥ်းသားများမှာ ခွဲတမ်းနှင့် ရေ ၁ ဦးလျှင် တစ်ပုံးသာ ချိုးရပြီး အတွင်းခံသာလျှော်ခွင့်ပေးကြောင်း၊ ကသာအကျဥ်းထောင်တွင် ယခင်က တစ်ရက် ၁၈ ခွက်သာ ရေချိုးရပြီး ရေရှားလျှင် ၁၂ ခွက်သာ ချိုးရလေ့ရှိကာ လက်ရှိတွင် ချိုးရေမှာအနည်းငယ် ပြန်လည်အဆင်ပြေလာသော်လည်း သောက်ရေများမှာ ကျောက်စရစ်ခဲစများနှင့်အနယ်အမှုန်များပါလေ့ရှိကြောင်း သိရသည်။

ကလေးအကျဥ်းထောင်တွင်လည်း သောက်ရေမှာ နုန်ုးအနယ်များပါ၍ ရေစစ်ဖြင့် စစ်ချလည်းမရသောရေများကို နှစ်ရှည်သောက်နေရကာ ချိုးရေများမှာလည်း ၂ ရက် ၃ ရက်ကြာသောအခါ အနီရောင်များ ပေါက်လာပြီး ရေညှိများဖြင့် ရေများကိုသာ ချိုးရလေ့ရှိပြီး အကျဥ်းသားများမှာ ပွေး၊ ဝဲ အရေပြားရောဂါများ စွဲကပ်လျှက်ရှိကြောင်း၊ ထို့ပြင်အဆိုပါ အကျဥ်းထောင်တွင်အဆိုးရွားဆုံးမှာ သန်သန်မာမာရှိသော အကျဥ်းသားများသည်ပင်လျှင် အာဟာရလုံလောက်စွာ မရခြင်း ကျန်းမာရေးနှင့် မညီညွတ်သောအစားအသောက်များ၊ သောက်သုံးရေများကြောင့် ထုံကျဥ်ဝေဒနာများ ခံစားရ၍ ခြေထောက်များသေးလာကာ လမ်းလျှောက်လျှင်ပင် နှစ်ယောက်တွဲလျှောက်ရသည်အထိ ဆိုးရွားစွာကျန်းမာရေး ချို့ယွင်းလျှက်ရှိသည်။

“သောက်သုံးရေနဲ့ ချိုးရေ မလုံလောက်တဲ့ ရှာပါးမှုတွေက အာဏာသိမ်းပြီးတည်းက နှစ်စဉ် ကြုံတွေ့နေရတယ်ဆိုပေမယ့် ဒီနှစ်ကတော့ အပူဒဏ်ကို အပြင်းထန်ဆုံး ခံစားရတဲ့ နှစ် ၁ နှစ်ဖြစ်တဲ့ အခါမှာ အကျဉ်ထောင်တွေထဲမှာရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေကတော့ သောက်သုံးရေနဲ့ ချိုးရေ မလုံလောက်မှုတွေကြောင့်မို့လို့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ကျောက်ကပ်ရောဂါနဲ့ ပွေး၊ ဝဲ အရေပြားရောဂါတွေ အရမ်းများလာတယ်။ တန်းပိတ်ချိန်တွင် များလာတဲ့အတွက် ပြည်ပက ပြည်သူတွေထက် ဆိုးဝါးတဲ့ ပူလောင်မှုဒဏ်ကို အပြင်းထန်ဆုံးခံနေကြရတယ်ဆိုတာကတော့ ပြည်သူတွေကို သတင်းစကားပါးချင်ပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ယက် (PPNM) ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောဆိုသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများ ကွန်ယက် (PPNM) မှ သောက်ရေသုံးရေ ဆိုးဝါးလျှက်ရှိသော ထောင်များကို စာရင်းပြုစု၍ လက်လှမ်းမှီသမျှ ကောက်ယူ သတင်းထုတ်ပြန်ခြင်းဖြစ်ပြီး မြေပြင်တွင် လက်ရှိထက် ပိုမို၍ဆိုးရွားနိုင်ကြောင်း၊ PPNM အနေဖြင့် အကျဥ်းထောင်များကို မျက်ခြေမပြတ် စုံစမ်းလျှက်ရှိပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်သူများ ကျူးလွန်ခံရသူများကို စနစ်တကျ မှတ်တမ်းတင်ထားပြီး ကျူးလွန်သူများသည် ၎င်းတို့၏ ကျူးလွန်မှုအတွက်တာဝန်ခံရမည်ဖြစ်ကြောင်း PPNM ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article