26 C
Yangon

မတ္တရာ၊ ရေစကြိုနှင့် တနင်္သာရီ မြို့နယ် တို့တွင် စစ်ကြောင်းနှင့် စစ်တပ် တပ်စွဲထားသော နေရာများကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

Must read

မတ္တရာ၊ ရေစကြိုနှင့် တနင်္သာရီ မြို့နယ် တို့တွင် စစ်ကြောင်းနှင့် စစ်တပ် တပ်စွဲထားသော နေရာများကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ မေ ၁၄

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း မတ္တရာမြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုဘိုတောက်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၇ ရက်နေ့တွင် မတ္တရာမြို့နယ်၊ တံငါကျေးရွာမှ အင်အား ၅၀ ခန့်ပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ဇီးဖြူ ကုန်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာစဉ် ကျေးရွာအနီး၌ မတ္တရာမြို့နယ် ပကဖ မှ မိုင်း ၅ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးခဲ့ပြီး အများအပြား အထိအခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

“ဒီစစ်ရေးက မေလ ၇ ရက်နေ့က ဖြစ်စဉ်တစ်ခုပါ နံနက် ၅ နာရီခန့် က မတ္တရာမြို့နယ် တံငါကျေးရွာကနေပြီးတော့မှ ဒီအကြမ်းဖက် စစ်ကောင်စီက အင်အား ၅၀ ခန့်နဲ့ မတ္တရာမြို့နယ် ကျောင်းကုန်းကျေးရွာ၊ ဇီးဖြူကုန်ကျေးရွာဘက်ကို စစ်ကြောင်းထိုတဲ့ဖြစ်စဉ်ပါ။ အဲဒီမှာ စစ်တပ် စစ်ကြောင်းထိုးလာတာနဲ့ ကျွန်တော်တို့ မတ္တရာမြို့နယ် ပကဖ ကနေပြီးတော့မှ မိုင်း ၅ လုံးတိတိနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်။ အဲဒီဖောက်ခွဲ တိုက်ခိုက်မှုမှာ နယ်မြေခံ ကင်းထောက်အဖွဲ့တွေနဲ့ စစ်ကောင်စီ တပ်သားတွေ သေဆုံးမှုသတင်းကို လိုက်တဲ့အခါမှာတော့ ၅ ကောင်သေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူများတယ်လို့ သိရတယ်” ဟု မတ္တရာမြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုဘိုတောက်က ပြောဆိုသည်။

ထို့ပြင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဟင်္သာပျူစောထီးရွာနှင့် ဆင်မရဲ ပျူ‌စောထီးရွာ တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၁တပ်ရင်း (27 Revolution Forces) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၇ ရက်နေ့တွင် ရေစကြိုမြို့နယ်၊ ဟင်္သာပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၁၅ လုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ မေလ ၈ ရက်နေ့တွင် ဆင်မရဲပျူ‌စောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များက ထပ်မံ ဒရုန်းဖြင့် ဗုံးသီး ၂၅ လုံး ကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုများအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၁တပ်ရင်း (27 Revolution Forces) ၊ Urban Underground Revolution Force ဆင်ရိုင်း ရာဇာ‌ပြောက်ကျားတပ်ဖွဲ့၊ နယ်စည်းမခြား ဖရီးဒန်းဖက်ဒရယ်စစ်ကြောင်း ၁၊ ပခုက္ကူခရိုင် လိုကယ်တပ်ပေါင်းစု၊ ညီနောင်သုံးဖော် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Royal Pakokku Underground နှင့် ရေစကြိုမြို့နယ် ပကဖ အဖွဲ့တို့က ပူးပါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ တနင်္သာရီမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားနေကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း – ၁ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် တနင်္သာရီမြို့နယ် အတွင်း စစ်ကြောင်းထိုးလာသော အင်အား ၇၀ ဝန်းကျင်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဘန်ကြုပ်ရွာအနီးတွင် မြိတ်ခရိုင်၊ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ နှင့် တောင်ပိုင်းညီနောင်စစ်ကြောင်းတို့က စောင့်ကြိုတိုက်ခိုက်ခဲ့ရာ မိနစ် ၄၀ ခန့် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦးထက်မနည်း ဒဏ်ရာရကာ ပြည်သူ့ကာကွယ်ရေး ရဲဘော် ၄ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယနေ့ မေလ ၁၄ ရက်နေ့ နံနက် ၈ နာရီခန့်တွင်လည်း ဘန်လင်ရွာ အနောက်ဖက် ဆီအုန်းတောအတွင်း ဝင်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရှိရသည်။

“တိုက်ပွဲက မပြီးသေးဘူး ဆက်ဖြစ်နေတုန်းပါပဲ စစ်ခွေး သေဆုံးမှုစာရင်းကို အတည်မပြုနိုင်သေးဘူး” ဟု မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း – ၁ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article