25 C
Yangon

ရွှေက္ကိုလ်မြို့သစ်ရှိ ကျားဖြန့် အွန်လိုင်းငွေလိမ်လည်ဂိုဏ်းများနှင့် လောင်း ကစားလုပ်ငန်းများ ပုံမှန် လည်ပတ်နေသည့်အပြင် အလုပ်သမား အသစ်များ အရှိန်အဟုန်ဖြင့် ခေါ်ယူနေ

Must read

ရွှေက္ကိုလ်မြို့သစ်ရှိ ကျားဖြန့် အွန်လိုင်းငွေလိမ်လည်ဂိုဏ်းများနှင့် လောင်း ကစားလုပ်ငန်းများ ပုံမှန် လည်ပတ်နေသည့်အပြင် အလုပ်သမား အသစ်များ အရှိန်အဟုန်ဖြင့် ခေါ်ယူနေ

ရန်ကုန်၊ မေ ၁၅

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေက္ကိုလ်မြို့သစ်ရှိ ကျားဖြန့် အွန်လိုင်းငွေလိမ်လည်ဂိုဏ်းများနှင့် လောင်းကစားလုပ်ငန်းများ ပုံမှန် လည်ပတ်နေသည့်အပြင် အလုပ်သမား အသစ်များ အရှိန်အဟုန်ဖြင့် ခေါ်ယူနေကြောင်း ရွှေက္ကိုလ်မြို့သစ်တွင် အလုပ်လုပ်ကိုင်နေသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ထိုင်းနိုင်ငံက မိုဘိုင်းလ်အင်တာနက်လိုင်းများ ဖြတ်တောက်ခြင်း၊ ဖိုက်ဘာအင်တာနက်လိုင်းများ ဖြတ်တောက်ခြင်းများ လုပ်ဆောင်သော် လည်း ရွှေက္ကိုလ်မြို့သစ်အတွင်းတွင် အင်တာနက်များ လုံး၀ ပြတ်တောက်ခြင်းမရှိကြောင်း၊ BGF က ရွှေက္ကိုလ်အပါအဝင် မြ၀တီမြို့နယ်တစ် ၀ိုက်တွင် အွန်လိုင်း လုပ်ငန်းများ လုပ်ဆောင်နေသော နိုင်ငံခြားသားများအားလုံး အောက်တိုဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား ထွက်ခွာသွားကြရန် ညွှန်ကြားချက် ထုတ်ပြန်ထားသော်လည်း တရုတ်အများစု ရွှေက္ကိုလ်မြို့သစ်ထဲတွင် ရှိနေဆဲဖြစ်ကြောင်း၊ တရုတ်နှင့် ထိုင်း အလုပ်သ မားတချို့ နေရပ်ပြန်မှုရှိသော်လည်း ထွက်ခွာသွားကြသည့် ပမာဏမှာ အနည်းငယ်မျှသာရှိကြောင်း၊ ရွှေက္ကိုလ်မြို့သစ်အတွင်း လုပ်ငန်းများမှာ ပုံမှန် လည်ပတ်နေသည့်အပြင် အရှိန်အဟုန်ဖြင့် ကြီးထွားနေကြောင်း ရွှေက္ကိုလ်မြို့သစ်အတွင်းတွင် ရောက်ရှိနေသူ CDM တစ်ဦးက ပြောဆိုသည်။

“ရွှေက္ကိုလ်နဲ့ မြဝတီမြို့နယ်ထဲမှာ ကျားဖြန့်လုပ်ငန်းတွေဟာ ပုံမှန်အတိုင်းဆက်လက်လုပ်ကိုင်နေကြတဲ့အပြင် နေ့စဥ်နှင့်အမျှ လူတွေ ခေါ်ယူနေပါတယ်။ ကျားဖြန့်ကုမ္ပဏီတွေရဲ့ HRအများစုဟာ Telegram မှာ Groupတစ်ခုဖွဲ့ထားပြီး အလုပ်ခေါ်စာတွေ စဥ်ဆက်မပြတ် ခေါ်နေတယ်။ အဓိက ရွှေက္ကိုလ်ထဲမှာ နိုင်ငံခြားသားတွေ ဆက်ရှိနေတုန်းပဲ။ တရုတ်တွေလည်း ပုံမှန်ပဲ သွားကြ၊ လာကြ စားကြသောက်ကြပဲ။ အင်တာနက် လိုင်းတွေလည်း ထိုင်းက ဖြတ်တယ်ဆိုတဲ့ သတင်းတွေ တက်ပေမယ့် ဒီမှာတော့ အင်တာနက် ပြတ်သွားတာလည်းမရှိဘူး။ အားလုံးပုံမှန်ပဲ။ လူတွေတောင် တိုးခေါ်နေတယ်” ဟု ရွှေက္ကိုလ်မြို့တွင်းရောက်ရှိနေသူတစ်ဦးက ရှင်းပြသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ဒေသတစ်ဝိုက်တွင် Online လုပ်ငန်းဆောင် ရွက်နေသော နိုင်ငံခြားသား အားလုံး အောက် တိုဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား ထွက်ခွာပေးရန် စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် BGF က မေလဆန်းပိုင်းတွင် ကြေညာခဲ့ကြောင်း၊ ကရင်ပြည်နယ် မြဝတီမြို့နယ် ဒေသတစ်ဝိုက်ရှိ Online လုပ်ငန်းဆောင်ရွက်နေကြသော နိုင်ငံခြားသားများ အားလုံး မေလ ၁ ရက်နေ့မှ အောက်တိုဘာလ ၃၁ ရက်နေ့အတွင်း ထွက်ခွာပေးရန်၊ တရားမဝင် နယ်စပ်ဖြတ်ကျော် ခိုးဝင်ရောက်ရှိလာသော နိုင်ငံခြားသားများသည် ၎င်းတို့ လာရာ လမ်းအတိုင်း သတ်မှတ်ရက် အတွင်း ထွက်ခွာပေးရမည် ဖြစ်ပြီး အောက်တိုဘာလ ၃၁ ရက်နေ့ နောက်ပိုင်း တွေ့ရှိခဲ့ပါက ထိရောက်စွာ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း BGF က ကြေညာခဲ့သည်။

“အထဲမှာ အလုပ်လုပ်နေတဲ့ တရုတ် အပါအဝင် နိုင်ငံခြားသားတွေဆီက ဒီလအတွက်တောင် ထိုင်းဘတ်၂ သောင်းနီးပါးကောက်နေလို့ တချို့ပေးပြီးသွားပြီ။ ကျားဖြန့်လုပ်ငန်းတွေလည်း ဆက်လက် လည်ပတ်နေတုန်းပါပဲ။ နှင်ထုတ်တယ်ဆိုတာ ဟန်ပြ ကြေညာချက်လို့ပဲ ပြောရမယ်။ အခု အဝင်အထွက်တွေကိုလည်း BGF ကပဲ ထိန်းချုပ်ပြီး အဝင်ပဲ များနေပါတယ်” ဟု ရွှေက္ကိုလ်အတွင်းသို့ ထိုင်းမှ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ပေးနေသူ မြ၀တီမြို့မှ နယ်ခံကုန်သည် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုခဲ့သည်။ လုံခြုံရေး စိုးရိမ်ရသည့်အတွက် နာမည်ထုတ်ဖော်ရေးသားခြင်းမပြုရန် အဆိုပါ နယ်ခံကုန်သည်သတင်းရင်းမြစ်က မေတ္တာရပ်ခံခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်တွင် ထောက်ပို့လုပ်ငန်းများ အဓိက လုပ်ဆောင်နေသူ နာမည်ကျော်တစ်ဦးကလည်း မြ၀တီမြို့သိမ်းတိုက်ပွဲတွင် BGF က အကျိုးအမြတ်ထုတ်သွားသကဲ့သို့ပင် ဖိအားများလာ၍ ကျားဖြန့် နှိမ်နင်းသယောင် ဟန်ပြ ကြေညာချက်ထုတ်မှု အဖြစ် သုံးသပ်ပြောဆိုသည်။

“စကားပုံတောင်ရှိပါတယ်။ မြန်မာ့နိုင်ငံရေးမှာ သခင်စိုးစကားလေ နာမည်ကြီးတယ်။ ဖာခေါင်းကလုပ်တဲ့ ပြည့်တန်ဆာ ပပျေက်ရေး ဆိုတာမျိုးလိုပဲ ယုံရ ခက်ကြီးပေါ့။ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ လူမြင်ကောင်းအောင် ဖော်ရှိုးလုပ်တာ။ ဒါမျိုးတွေက အရှေ့မှာလည်း တရုတ်တွေကို ပြန်ပို့ပါပြီဆိုပြီး သူတို့ လုပ်ပြတာပဲ။ တကယ်တမ်း ကျားဖြန့်တွေက ရွှေက္ကိုလ်ထဲမှာ အပြည့်ပါပဲ” ဟု ထိုင်း-မြန်မာနယ်စပ်တွင် ထောက်ပို့လုပ်ငန်းများ အဓိက လုပ်ဆောင်နေသူ နာမည်ကျော်တစ်ဦးက သုံးသပ်ပြောဆိုခဲ့သည်။

အမေရိကန်အခြေစိုက် USIP က ကရင်ပြည်နယ်တွင် ရှမ်းပြည်မြောက်ပိုင်းမှ ကျားဖြန့် ဂိုဏ်းများ အရှိန်အဟုန်ဖြင့် ရောက်ရှိနေပြီး အမေရိကန်ကိုပစ်မှတ်ထားလာကြောင်း၊ BGF မှ ဗိုလ်မှူးကြီး စောချစ်သူ၊ ဗိုလ်မှူးတင်ဝင်းနှင့် မုတ်သုန်တို့ ကျားဖြန့် လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေကြောင်း၊ အမေရိကန်ဒေါ်လာ ၁၉၂ သန်း အမြတ်အစွန်း နှစ်စဉ်ရနေကြောင်း၊ ထိုင်း၊ အမေရိကန်တို့ အပါ အဝင် အိမ်နီးချင်း နိုင်ငံများ ပါဝင်သော အရေးယူဆောင်ရွက်ရေး အဖွဲ့ ဖွဲ့စည်းရန် အကြံပြုခြင်း စသည်ဖြင့် အသေးစိတ်အစီရင်ခံစာ ထုတ်ပြန်လာသည့် အတွက် BGF က ဟန်ပြ အရေးယူဆောင်ရွက်သည့်ပုံစံ လုပ်လာခြင်း သုံးသပ်မှုများလည်းရှိသည်။

“ပြည်သူတွေမှာ မြ၀တီကိစ္စနဲ့တင် BGF ဆိုတာ ဘာလဲသိသွားကြပါပြီ။ အခု BGF လုပ်မယ့် ကျားဖြန့် နှိမ်နင်းရေးဆိုတာလည်း ဘာမှ ယုံကြည်စရာမရှိတော့ဘူးဆိုတာ သိနေကြတာပဲ။ မြ၀တီကိစ္စမှာတင် အတော်မှတ်သွားပါပြီ” ဟု မဲဆောက်တွင်ရောက်ရှိခိုလှုံနေသော လူငယ်သပိတ်အဖွဲ့ဝင်တစ်ဦးက ပြောဆိုခဲ့သည်။

ရွှေက္ကိုလ်မြို့သစ်ကို စစ်ကောင်စီလက်အောက်ခံ စောချစ်သူ ခေါင်းဆောင်သည့် BGF အဖွဲ့က ထိန်းချုပ်ထားခြင်းဖြစ်ပြီး BGF က ရွှေက္ကိုလ်လောင်းကစားမြို့အတွင်း အလုပ်လုပ်နေသူအားလုံးကို ယခုနှစ်ဖေဖော်ဝါရီလတွင် တစ်ဦးလျှင် ထိုင်းဘတ် ၈၉၉၁ ဘတ်၊ မတ်လတွင် တစ်ဦးလျှင် ထိုင်းဘတ် ၁၉၈၈၈ ဘတ် ပေးဆောင်ရန် ကောက်ခံခဲ့ကြောင်း၊ လက်ရှိတွင်လည်း လစဉ်ကြေးများ ဆက်လက် ကောက်ခံနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article