25 C
Yangon

စစ်တပ်အတွက် အကျိုးဖြစ်ထွန်းစေသော တရုတ်မြန်မာဝမ်ပေါင်နှင့်မြန်မာယန်စီ ကြေးနီသတ္ထုတွင်း စီမံကိန်းများ ပြန်လည်ပတ်ရန် ပြင်ဆင်နေမှု လုံး၀ လက် မခံ

Must read

စစ်တပ်အတွက် အကျိုးဖြစ်ထွန်းစေသော တရုတ်မြန်မာဝမ်ပေါင်နှင့်မြန်မာယန်စီ ကြေးနီသတ္ထုတွင်း စီမံကိန်းများ ပြန်လည်ပတ်ရန် ပြင်ဆင်နေမှု လုံး၀ လက် မခံ

■ ယုတ်မာနေသော အကြမ်းဖက်စစ်တပ်ကို တရုတ်အစိုးရနှင့် တရုတ်ကုမ္ပဏီတို့က ပူးပေါင်းဆောင်ရွက်နေလျှင် မြန်မာပြည်သူက ဒဏ်ခတ်မည်ဟု သတိ ပေး

ရန်ကုန်၊ မေ ၁၅

စစ်တပ်အတွက် အကျိုးဖြစ်ထွန်းစေသော တရုတ်မြန်မာဝမ်ပေါင်နှင့်မြန်မာယန်စီ ကြေးနီသတ္ထုတွင်း စီမံကိန်းများ ပြန်လည်ပတ်ရန် ပြင်ဆင်နေမှု လုံး၀ လက် ခံ မည်မဟုတ်ကြောင်း စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက ယမန် နေ့ တရားဝင် ကြေညာထုတ်ပြန်သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင်းရှိ မြန်မာဝမ်ပေါင်နှင့် မြန်မာယန်စီ ကြေးနီသတ္ထုတွင်း စီမံကိန်းများသည် အကြမ်းဖက်စစ်တပ်က ပြည်သူ့အာဏာကို အဓမ္မ သိမ်းယူမှုကြောင့် အလုပ်သမားများ၏ CDM လှုပ်ရှားမှုဖြင့် ရပ်နားထားနိုင်ခဲ့ကြောင်း၊ သို့သော် ယခုအခါတွင် ပြည်သူလူထုကို အကြမ်းဖက်ရက်စက်၊ သတ်ဖြတ်၊ မုဒိမ်းကျင့်၊ မီးရှို့ဖျက်ဆီးနေသော အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုကို စစ်စခန်းသဖွယ် နေရာပေးပြီး တရုတ်နှင့်စစ်တပ် အကျိုးစီးပွားအတွက် ပြန်လည် လည်ပတ်ရန် အပူတပြင်း ကြိုးစားလျက်ရှိကြောင်း၊ ထိုအခြေအနေကို ဒေသခံပြည်သူလူထုအပါအဝင် ပြည်သူလူထုအပေါင်းက လုံးဝလက်ခံ ငြိမ်သက်နေမည် မဟုတ်ကြောင်း စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက လေးနက်စွာ သတိပေး ထုတ်ပြန် သည်။

မြန်မာဝမ်ပေါင်နှင့်မြန်မာယန်စီ ကြေးနီသတ္ထုတွင်း စီမံကိန်းများကြောင့် ဒေသခံ ပြည်သူအများမှာ အကြမ်းဖက်စစ်တပ်၏ သတ်ဖြတ်မှု၊ မီးရှို့မှု၊ ဖမ်းဆီးခံရမှုနှင့် အခြားသောလူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို ကာလကြာရှည် ခံစားရလျက်ကြောင်း၊ တရုတ်နှင့်စစ်တပ်၏ အကျိုးစီးပွားကိုသာ ရှေးရှုပြီး ပြည်သူလူထု အသံကို မျက်ကွယ်ပြုထားသည့်အပြင် ပိုမိုဆိုးရွား သော စစ်ရာဇဝတ်မှုများကို ထပ်မံကျူးလွန်လျက်ကြောင်း၊ ပြည်သူလူထုအပေါ် ရက်စက်ယုတ်မာနေသော အကြမ်းဖက်စစ်တပ်နှင့် ပူးပေါင်း ဆောင်ရွက်နေသော တရုတ်ကုမ္ပဏီများကို ပြည်သူလူထုက အကြမ်းဖက်စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက် နေမှုအား ချက်ချင်းရပ်တန့်ပြီး ပြည်သူလူထုအသံကို အလေးအနက်ထားရန် စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တိုက်တွန်းသည်။

လက်ရှိတွင် ပြည်သူလူထုမှာ ကာလရှည်ကြာ ရက်ရှည်စစ်ဘေးရှောင်အဖြစ် ခက်ခဲပင်ပန်းစွာ ရှောင်တိမ်းနေကြရကြောင်း၊ ထိုကဲ့သို့ ဒုက္ခများစွာနှင့်ရှောင်တိမ်းနေကြရသည်မှာ အကြမ်းဖက် စစ်ကောင်စီက တရုတ်စီမံကိန်းများလည်ပတ်နိုင်ရန် လုံခြုံရေးအကြောင်းပြ၍ မုံရွာ – ပုသိမ် လမ်းပိုင်းကို စိုးမိုးပြီး ဒေသခံလူထုကို ဖိအားပေး အကြပ်ကိုင်နိုင်ရန် ကြိုးပမ်းနေခြင်းကြောင့်ဖြစုကြောင်း၊ လတ်တလော အခြေအနေအရ အကြမ်းဖက်စစ်တပ်၏ တရုတ်စီမံကိန်းများကို လုံခြုံရေးအရ အကာအကွယ်ပြုရန် ပြည်သူပိုင်လမ်းများကို ဧပြီလ ၂၃ ရက်နေ့မှ ယနေ့အချိန်အထိ အကြမ်းဖက်စစ်အုပ်စု နေရာယူထားမှုကြောင့် ဒေသခံပြည်သူအမြောက်အများ ခက်ခက်ခဲခဲ တိမ်းရှောင်နေကြရကြောင်း၊ ထိုသို့ အဆိုပါလမ်းပိုင်းကို နေရာရယူထားပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများလည်း လုပ်ဆောင်လျက် ရှိနေကြောင်း၊ ထို့ပြင် တရုတ်ကုမ္ပဏီများ၏ သတ္တုတွင်း စီမံကိန်းများ ပြန်လည်လည်ပတ်နိုင်ရန် ကြိုးပမ်းမှု နှင့်အတူ အကြမ်းဖက်စစ်ကောင်စီက ဒေသခံအလုပ်သမားများကို ငွေကြေးအရသိမ်းသွင်းခြင်း၊ ခြောက်လှန့်၍ စည်းရုံးခြင်းများ ပြုလုပ်နေကြောင်း၊ တော်လှန်ရေးအင်အားစုများနှင့် ဒေသခံပြည်သူများကို ညီညွတ်ရေးပြိုကွဲစေရန်နှင့် တော်လှန်ရေးအား အနှောက်အယှက်ပြုရန် ပစ်မှတ်ထား ဆောင်ရွက်နေလျက် ရှိကြောင်း သိရှိရသည်။

လတ်တလော ဖြစ်ပေါ်နေသော အခြေအနေများမှာ ပြည်သူကိုရက်စက်ယုတ်မာနေသော အကြမ်းဖက်စစ်တပ်အား တရုတ်အစိုးရနှင့် တရုတ်ကုမ္ပဏီတို့က ပူးပေါင်းဆောင်ရွက်နေမှုကြောင့်ပင် ဖြစ်ကြောင်း၊ တရုတ်အစိုးရနှင့်တရုတ်ကုမ္ပဏီများ ဖြစ်သော မြန်မာဝမ်ပေါင်၊ မြန်မာယန်စီ ကြေးနီစီမံကိန်း တာဝန်ရှိသူတို့သည် ပြည်သူလူထုအသံကိုအလေးထားရန် စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တိုက်တွန်းသည်။

မြန်မာနိုင်ငံတွင်းရှိ တရုတ်ကုမ္ပဏီများနှင့် တရုတ်အစိုးရ၏ အကျိုးစီးပွားများကို အကာအကွယ်ပေးနိုင်မည်မှာ ဒေသတွင်း ပြည်သူလူထုသာ ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူလူထုကို နည်းမျိုးစုံဖြင့် ဒုက္ခပေးနေသော အကြမ်းဖက်စစ်တပ်၏ တပ်သားများ မုံရွာ – ပုသိမ် လမ်းပိုင်းတွင် နေရာယူထားမှုအား ချက်ချင်းဆုတ်ခွာ ပေးနိုင်ရန်နှင့် ဒေသတွင်း တရုတ်ကြေးနီစီမံကိန်းများ လည်ပတ်စေပြီး အကြမ်းဖက်စစ်တပ် ဝင်ငွေရနိုင်စေရန် ကြိုးပမ်းမှုများအား ချက်ချင်း ရပ်တန့်ပေးရန် လေးနက်စွာ အသိပေးကြောင်း၊ ထို့ပြင် တရုတ်အစိုးရနှင့် တရုတ်ကုမ္ပဏီတို့အနေဖြင့် နှစ်နိုင်ငံအကျိုးစီးပွားနှင့်အိမ်နီးချင်းပီပီ ငြိမ်းချမ်းစွာအတူယှဥ်တွဲ နေထိုင်နိုင်ရန်မှာ ပြည်သူလူထုအသံကိုအလေးထားပြီး ပြည်သူထောက်ခံသော အမျိုးသားညီညွတ်ရေးအစိုးရနှင့်သာ ပူးပေါင်း ဆောက်ရွက်ရန် တိုက်တွန်းထားသည်။

တရုတ်အစိုးရအနေဖြင့် ဒေသပြည်သူလူထု၏အသံနှင့် ပြည်သူလူထု၏ဆန္ဒကို အလေးအနက်မထားဘဲ ပြည်သူကို ထပ်မံလျစ်လျူရှု ဥပေက္ခာ ပြုမည်ဆိုပါက ပြည်သူ့ ဒဏ်ခတ်မှုကို မဖြစ်မနေ ခံကြရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် နှစ်နိုင်ငံဆက်ဆံရေးနှင့် နှစ်နိုင်ငံအကျိုးစီးပွားများ ပိုမိုခိုင်မာစွာ ဆောင်ရွက်နိုင်ရန်မှာ အကြမ်းဖက်စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်နေမှုကို ရပ်တန့်ပြီး ပြည်သူ့အသံ၊ ပြည်သူ့သဘောထားကို အလေးထားဆောင်ရွက်ပေးရန် စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက သတိပေး ထုတ်ပြန်ထားသည်။

စစ်ကိုင်းဒေသသပိတ်အင်အားစုတွင် ယင်းမာပင်၊ ဆားလင်းကြီး၊ ကနီ၊ ပုလဲ၊ ကလေး၊ မုံရွာ မြို့နယ်တို့မှ သပိတ်အဖွဲ့များ၊ ကျောင်းသားသမဂ္ဂများနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသော အဖွဲ့အစည်းပေါင်း ၄၄ ခုပါဝင်သည်။

ဓာတ်ပုံ- ၂၀၂၃ ခုနှစ်၊ မေလ ၇ ရက်နေ့ လက်ပံတောင်းတောင် ဒေသပြည်သူများ ဦးဆောင်ကာ “China…Stop Killing Myanmar People by Supporting Fascist Criminals” စာတန်း ကိုင်ဆောင်ကာ တရုတ်အလံကို မီးရှို့ပြီး တရုတ်အစိုးရကို ဆန့်ကျင် ကန့်ကွက် ချီတက် ဆန္ဒပြခဲ့စဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article