ရွှေတိဂုံ တန်ဆောင်းတွင် ရွှေနှင့်ငွေပေါင်းထားသော နဂါး အုပ်မိုးထားသည့် အမည်းရောင်ဘုရား၊ အမည်းရောင်သန်လျက် အပါအဝင် ထူးဆန်းသော ယတြာများ စစ်ကောင်စီက ပြုလုပ်ခဲ့၊ ဆယ်တော်မူဘုရားတွင်လည်း ဂါထာရွတ်ပွဲများ လုပ်ဆောင်ခဲ့
ရန်ကုန်၊ မတ် ၁၅
အကြမ်းဖက်စစ်ကောင်စီက ရွှေတိဂုံစေတီတော်အတွင်းရှိ ဘုရားတန်ဆောင်းတစ်ခုတွင် အမည်းရောင် ဘုရား၊ အမည်းရောင် သန်လျက်ကို အုပ်မိုးထားသော ရွှေနှင့်ငွေနဂါးရုံ ဘုရားကို ပြုလုပ်ပြီး ထူးဆန်းသော ယတြာချေမှုများလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ယတြာကို မေလ ၁၃ ရက်နေ့တွင် စစ်ကောင်စီက ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ မေလ ၁၃ ရက်နေ့တွင်ပင် ရွှေတိဂုံစေတီရှိ ဆယ်တော်မူဘုရား အပါအဝင် တစ်နိုင်ငံလုံး တပ်ရင်းတပ်ဖွဲ့များတွင် ဆယ်တော်မူဘုရားဂါထာများ ရွတ်ဆိုရန် မင်းအောင်လှိုင်က ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။
စစ်ကောင်စီက နဂါးရုံဘုရားတည်ထားမှုများကို မကြာခဏ လုပ်ဆောင်လေ့ရှိရာ ရွှေတိဂုံစေတီတော်တွင် ယတြာချေသည့် ရွှေနှင့်ငွေနဂါးရုံထားသည့် အမည်းရောင်ဘုရား၊ အမည်းရောင် သန်လျက်တို့မှာ လက်ရှိ စစ်တပ် ကျဆုံးနေသည့် နိုင်ငံရေးအခြေအနေကို အဖတ်ဆယ်သည့် ယတြာဖြစ်နိုင်သည်ဟု သုံးသပ်မှုများလည်းရှိသည်။
ထို့ပြင် နိုင်ငံတစ်ဝန်း တပ်ရင်းတပ်ဖွဲ့များတွင် ဆယ်တော်မူဘုရားပုံတော်ကို ကပ်ပြီး ဆယ်တော်မူဘုရားဂါထာ၊ ပရိတ်တော်နှင့် ဂုဏ်တော်ကို ရွတ်ဖတ်ပူဇော်ကြရန် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က မေလ ၁၃ ရက်နေ့ တွင် ညွှန်ကြားခဲ့သည်။
ဆယ်တော်မူ ဘုရားသည် ရွှေတိဂုံ စေတီ၏ အင်္ဂါဒေါင့် နှင့် ဂေါပကရုံးတို့ အကြားရှိ အာရုံခံ တန်ဆောင်းတွင် တည်ရှိနေပြီး ယင်းဆယ်တော်မူဘုရား၏ ဓာတ်ပုံများကို နိုင်ငံတစ်ဝန်းရှိ တပ်ရင်း၊ တပ်ဖွဲ့များတွင် ကိုးကွယ်ကြရန်၊ ဆယ်တော်မူဘုရား၏ ဂါထာတော်ကိုလည်း နေ့ည မပြတ်အဓိဋ္ဌာန်ဖြင့် ရွတ်ဆိုကြရန် ညွှန်ကြားခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် မင်းအောင်လှိုင်က လွန်ခဲ့သော လပိုင်းအတွင်း ဆယ်တော်မူဘုရားသို့ လျှို့ဝှက် လာရောက်ပြီး ယတြာချေခဲ့ကြောင်း သိရှိရသည်။
လက်ရှိတွင် စစ်ကောင်စီက ဆယ်တော်မူဘုရားပုံတော်၊ ဆယ်ဘုရားဂါထာစာအုပ်များကို သိန်းချီရိုက်နှိပ်၍ တပ်ရင်းတပ်ဖွဲ့များအားလုံးနှင့် ဌာနဆိုင်ရာတချို့ကို ဖြန့်ဝေခဲ့ကြောင်းသည်။
ဆယ်တော်မူမြတ်စွာဘုရားဂါထာကို ရွတ်ဖတ်ရသောအကျိုးကျေးဇူးများအနေဖြင့် အခက်အခဲ ကံဆိုးကံညံ့များမှ ကံဆယ်တော်မူခြင်းက အဓိက ဖြစ်ပြီး အခြားသော အကျိုးရလဒ်များအနေဖြင့် လူချစ်လူခင် ပေါများခြင်း၊ ကျန်းမာ ၊ ချမ်းသာခြင်း၊ အန္တရာယ်ဆိုးများ ကွင်းရှောင်ခြင်း၊ ရန်သူမျိုး ၅ပါးဘေးမှ ကင်းဝေးစေခြင်း ၊ မိမိ ပြောဆိုသမျှ စကားအားလုံး အောင်မြင်ခြင်း ၊ လာဘ်လာဘ ပေါများခြင်း ၊ ထီပေါက်ခြင်း (သို့) ထီပေါက်သကဲ့သိုငွေဝင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း ဆယ်တော်မူဘုရားဂါထာစာအုပ်တွင် ရေးသားထားသည်။
ဆယ်တော်မူ ဆင်းတုတော်၏ မူလဒါယကာမှာ မြန်မာတိုင်းရင်းဆေးဆရာကြီး ဆရာမြိုင် ဖြစ်ပြီး ရွှေတိဂုံစေတီတော် ဦးဘတင်တန်ဆောင်း အတွင်း အပူဇော်ခံထားကြောင်း၊ ဆယ်တော်မူဘုရားသည် မင်းမြောက်တန်ဆာ ဆင်ယင်သော ဉာဏ်တော် ၂ ပေ ခန့်ရှိသည့် ထိုင်တော်မူ ရုပ်ပွားတော်ဖြစ်ပြီး စက္ခုန္ဒြေချသော မျက်လုံးတော်သည် ရံဖန်ရံခါ၌ ထူးခြားစွာ ဖွင့်တော်မူနေကြောင်း၊ မျက်လုံးတော်ဖွင့်၍ အပူဇော်ခံသည့် ဓာတ်ပုံနှစ်ပုံကို ထိုတန်ဆောင်းထဲ၌ ပြသထားကြောင်း ရွှေတိဂုံစေတီတော်နှင့်သက်ဆိုင်သော စာအုပ်စာတမ်းတချို့တွင် ရေးသားဖော်ပြထားချက်အရ သိရှိရသည်။