25 C
Yangon

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရ

Must read

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရ

ရန်ကုန်၊မေ ၁၆

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်နှင့် လယ်ဒိုမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဧပြီလ ၃ ရက်နေ့တွင် မူးမြို့နယ်အတွင်း စစ်ကြောင်းထိုးခဲ့သော အကြမ်းဖက် စစ်တပ်၏ တပ်မ ၇၇ ၊ ၉၂ ၊ ၉၃ ၊ ၄၄ မှ အကြမ်းဖက် စစ်သားများ ထောင်ထားခဲ့သော မြေမြုပ်မိုင်း နင်းမိမပြီး ရေလဲကျေးရွာမှ အသက် ၂၀ အရွယ် စောကျူကျူနှင့် ဝိုင်းတူရွာမှ ဇင်ရာအောင်တို့ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းနေ့တွင် အကြမ်းဖက် စစ်တပ်၏ ခမရ−၄၃၉ တပ်ရင်းက ပစ်ခတ်သော လက်နက်ကြီး ၂ လုံး ကင်းမွန်ချိုကျေးရွာ အတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၅၇ နှစ်အရွယ် ဦးဝင်းနိုင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ထို့ပြင် ခမရ-၄၃၉ တပ်ရင်းက ငတိုးခင် ကျေးရွာထဲကို လက်နက်ကြီး ၁ လုံး ထပ်မံ ပစ်ခတ်ခဲ့ရာ အသက်၅၂ နှစ်အရွယ် ဒေါ်မသီ လက်နက်ကြီးထိမှန် သေဆုံးပြီး အသက် ၁၄ နှစ် မောင်ကောင်းခန့်သူရလွင် ထိခိုက် ဒဏ်ရာရ ရှိခဲ့ရသည်။

ထို့ပြင် ဧပြီလ ၃ ရက်နေ့ နံနက် ၁၀နာရီ ၁၅ မိနစ်ခန့်တွင်လည်း အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ၁ လုံး ဘုရားလှဟ ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ အသက် ၆၅ နှစ် ဦးတင့်ကြည် လက်နက်ကြီး ထိမှန် သေဆုံးခဲ့ပြီး အသက် ၆၁ နှစ် ဒေါ်ကွယ်ထောနှင့် အသက် ၃၄ နှစ်အရွယ်ရှိ တင်ဇာဦး တို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကာ ည ၁၁ နာရီ ၃၀ မိနစ် အချိန်တွင် ဝိုင်းကြီးကျေးရွာ အတွင်း လက်နက်ကြီး ၁ လုံး ထပ်မံ ပစ်ခတ်ခဲ့ ကြောင်း သိရှိရသည်။

မေလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ် နှင့် ည ၇ နာရီ ၄ မိနစ်ခန့် အကြမ်းဖက် စစ်တပ်၏ ခမရ−၄၃၉ တပ်ရင်းက ပစ်ခတ်သော လက်နက်ကြီး ၂ လုံး ဝိုင်းကြီးကျေးရွာ အတွင်း ပစ်ခတ်ခဲ့ကြောင်း၊ မေလ ၂ ရက်နေ့ နံနက် ၃ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ−၄၃၉ တပ်ရင်းက လက်နက်ကြီး ၁ လုံး ဟော်ခိုဝေါ်ကျေးရွာအတွင်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။

မေလ ၂ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် အသက် ၅၂ နှစ် အရွယ် ဦးကိုပွေသည် ရေလဲကျေးရွာကို ပစ္စည်းပြန်ယူစဉ် အကြမ်းဖက် စစ်တပ်၏ တပ်မ ၇၇ ၊ ၉၂ ၊ ၉၃ ၊ ၄၄ မှ စစ်သားများ ထောင်ထားသည့် မိုင်းနင်းမိပြီး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းနေ့ ည ၁၀ နာရီခန့်တွင် ခမရ-၄၃၉ တပ်ရင်း ဝိုင်းကြီးကျေးရွာနှင့် လူအပ်ကျေးရွာ အတွင်းကို ဟောင်ဝှစ်ဇာ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

မေလ ၁၂ ရက်နေ့တွင် နံနက် ၁၁ နာရီခန့်တွင် ခမရ−၄၃၉ တပ်ရင်းက သင်္ကန်းကုန်းကျေးရွာ အတွင်းသို့ ဟောင်ဝှစ်ဇာ လက်နက်ကြီး ၁ လုံးအား ပစ်ခတ်ခဲ့ရာ အသက် ၄၃ နှစ်အရွယ် မစု နှင့် အသက် ၃၉ နှစ်အရွယ် ကိုသန်းစိုးနိုင်တို့ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ လယ်ဒိုမြို့နယ်မြို့နယ်အတွင်း မေလ ၁၃ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်နှင့် ညနေ ၄ နာရီခန့်တွင် ပိန်းဇလုပ် အခြေစိုက် ခလရ-၂၆၄ တပ်ရင်းက ၁၅၅ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီး ၁၀ လုံး ပစ်ခတ်ခဲ့ရာ လက်ကောက်ဝ ကျေးရွာ၊ ချောင်းကြိုးကျေးရွာ၊ မအူပင်ကျေးရွာ၊ သရက်ချောင်းနှင့် ကော်သာစေး ကျေးရွာ အနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ည ၈ နာရီ ခန့်တွင် ပိန်းဇလုပ် အခြေစိုက် အကြမ်းဖက် စစ်တပ်က ၁၅၅ မမ ဟောင်ဝှစ်ဇာ နှင့် ၁၂၀ မမ လက်နက်ကြီး ၃ လုံးအား ထပ်မံ ပစ်ခတ်ခဲ့ရာ တုံးတံတားကျေးရွာနှင့်သရက်ပင် ကျေးရွာအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

မေလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ ၅၃ မိနစ်ခန့်တွင် ပိန်းဇလုပ် အခြေစိုက် ခလရ−၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ အားကြိတ်ကွင်းရွာ အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၃၅နှစ် အရွယ် နော်အေးထွေး လက်နက်ကြီး ကျည်စ ထိမှန်ပြီး ဒဏ်ရာရရှိခဲ့ကြောင်းKNU ဗဟို ထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article