25 C
Yangon

လူသတ်မြန်မာစစ်အုပ်စုထံသို့ စစ်လက်နက်၊ လောင်စာဆီရောင်းချမှုနှင့် စစ်ဘက်ဆိုင်ရာ လေ့ကျင့်မှုများကို ချက်ချင်း ရပ်ဆိုင်းရန် JFM က အိန္ဒိယကို တောင်းဆို

Must read

လူသတ်မြန်မာစစ်အုပ်စုထံသို့ စစ်လက်နက်၊ လောင်စာဆီရောင်းချမှုနှင့် စစ်ဘက်ဆိုင်ရာ လေ့ကျင့်မှုများကို ချက်ချင်း ရပ်ဆိုင်းရန် JFM က အိန္ဒိယကို တောင်းဆို

ရန်ကုန်၊ မေ ၁၈

အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာစစ်အုပ်စုထံ စစ်လက်နက်၊ ဆက်စပ်ပစ္စည်း၊ နည်းပညာနှင့် လောင်စာဆီ ရောင်းချလွှဲပြောင်းမှုအားလုံးကို ချက်ချင်းပိတ်ပင်ရန်နှင့် စစ်ဘက်ဆိုင်ရာ လေ့ကျင့် သင်တန်းပေးမှု အားလုံးကိုလည်း ချက်ချင်းရပ်ဆိုင်းရန် Justice For Myanmar က တောင်းဆိုလိုက်သည်။

အိန္ဒိယအစိုးရက မြန်မာစစ်အုပ်စုအဖွဲ့ဝင်များကို ကာကွယ်ရေးဆိုင်ရာအခမ်းအနားများ တက်ရောက်ရန် ဖိတ် ကြား ခြင်းနှင့် လေ့ကျင့်သင်ကြားပေးခြင်းများကို တက်ကြွစွာ လုပ်ဆောင်လျက် ရှိကြောင်း၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်တွင် ကျင်းပခဲ့ပြီး အိန္ဒိယသမ္မတကိုယ်တိုင် တက်ရောက်စစ်ဆေးခဲ့သည့် အိန္ဒိယဗိုလ်လောင်းသင်တန်းဆင်းပွဲတစ်ခုတွင် “နိုင်ငံရပ်ခြားမိတ်ဆွေနိုင်ငံများ” မှ ဗိုလ်လောင်း ၂၁ ဦး အပါအဝင် ဗိုလ်လောင်း ၁၀၀၀ ကျော် ပါဝင်တက်ရောက်ခဲ့ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန၏ မကြာသေးမီက ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှ ဗိုလ်လောင်းများလည်း အဆိုပါအခမ်းအနားတွင် တက်ရောက်ခဲ့ကြောင်း ၊ ရေတပ်ဆိုင်ရာစစ်ကောလိပ် Goa ၏ ကထမကပြုမှုဖြင့် အိန္ဒိယရေတပ်က လက်ခံကျင်းပခဲ့သော Goa ရေကြောင်း ဆိုင်ရာအထူးအစည်းအဝေး (GMC) တွင် မြန်မာရေတပ်ချုပ် ထပ်မံ ပါဝင်တက်ရောက်ခဲ့ ကြောင်း သိရှိရသည်။

အိန္ဒိယနိုင်ငံ၏ “Aatma Nirbharta” လှုပ်ရှားမှု၏ အစိတ်အပိုင်းအဖြစ် အိန္ဒိယပြည်တွင်း သင်္ဘောတည်ဆောက်ရေးလုပ်ငန်းကို မိတ်ဆက်ပြသရန် အဆိုပါအစည်းအဝေးအတွင်း “အိန္ဒိယနိုင်ငံတွင် ပြုလုပ်သည်” ဆိုသည့် ပြပွဲတစ်ခုကို ပူးတွဲကျင်းပခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် ဇွန်လတွင် အိန္ဒိယကာကွယ်ရေးဝန်ကြီး Shri Giridhar Aramane သည် မြန်မာနိုင်ငံသို့ တရားဝင်အလည်အပတ်ခရီး လာရောက်ခဲ့ပြီး၊ အာဏာသိမ်းခေါင်းဆောင် စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း၊ အနောက်နိုင်ငံများက ဒဏ်ခတ်ပိတ်ဆို့ထားသော မြန်မာကာကွယ်ရေးဝန်ကြီး မြထွန်းဦးနှင့်လည်း တွေ့ဆုံခဲ့ပြီး မြန်မာ့ရေတပ် ခေါင်းဆောင် မိုးအောင်၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်းတို့နှင့်လည်း အစည်းအဝေးများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါလုပ်ရပ်များက အိန္ဒိယက မြန်မာ စစ်အုပ်စုနှင့် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မှုနှင့် ကြံရာပါပတ်သက်မှုကို ညွှန်ပြနေကြောင်း၊ ယင်းသို့ စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုသည် ရိုဟင်ဂျာများအပေါ် စစ်အုပ်စု၏ “နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများ” လုပ်ဆောင်နေစဉ်နှင့် လုပ်ဆောင်အပြီးနှစ်များအတွင်း ပေးအပ်ခဲ့သည့် အိန္ဒိယ၏ ပံ့ပိုးမှုပုံစံအတိုင်း ဆက်လက်လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။

အိန္ဒိယအနေဖြင့် ၂၀၂၀ ခုနှစ်တွင် အိန္ဒိယနှင့် မြန်မာလေတပ်တို့အကြား စားပွဲဝိုင်းစာတွေ့လေ့ကျင့်မှုတစ်ရပ်ကို အိန္ဒိယနိုင်ငံ၊ Prayagraj တွင် ပြုလုပ်ခဲ့ကြောင်း၊ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန၏ အကောင့်တွင် ဖော်ပြချက်အရ သင်္ဘောကျင်းစီမံခန့်ခွဲမှု၊ ထောက်ပံ့ပို့ဆောင်မှုနှင့် အင်ဂျင်းနီးယာရင်းကိစ္စရပ်များတွင် မြန်မာစစ်သား ၆၀ အား သုံးလကြာ လေ့ကျင့်သင်ကြားပေးရန်အတွက် အရာရှိခုနစ်ဦးနှင့် သင်္ဘောသားနှစ်ဦးပါဝင်သော ရွေ့လျားလေ့ကျင့်ရေးအဖွဲ့ကို ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံသို့ တာဝန်ပေးစေလွှတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံစစ်ရေးလေ့ကျင့်မှု (IMBAX) များကို ၂၀၁၇ နှင့် ၂၀၁၉ ခုနှစ်များတွင် အိန္ဒိယနိုင်ငံက လက်ခံကျင်းပခဲ့ကြောင်း၊ INS Satavahana သည် မြန်မာ့ရေတပ်စစ်သည်များအတွက် အခြေခံရေငုပ်သင်္ဘော သင်တန်းကို လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၏ အစိတ်အပိုင်းအဖြစ် မပြင်းထန်သော တန်ပြန်ထိုးစစ်များနှင့် ပတ်သက်၍ မြန်မာ စစ်အုပ်စု စစ်သည် ၃၅ ဦးအတွက် သီးသန့်ပြင်ဆင်ထားသော လေးပတ်ကြာသင်တန်းတစ်ခုကို Vairengte ရှိ Counter Insurgency and Jungle Warfare (CIJW) School တွင် လက်ခံလေ့ကျင့် သင်ကြားပေးခဲ့ကြောင်း သိရှိရသည်။

အိန္ဒိယစစ်တပ်၊ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးကဏ္ဍတို့နှင့် စီးပွားရေးပတ်သက်ဆက်နွှယ်မှု ရှိ ကြသည့် အစိုးရများနှင့် ကုမ္ပဏီများအနေဖြင့် မြန်မာစစ်အုပ်စုကို ပံ့ပိုးနေမှုအားလုံးကို ပိတ်ပင်နိုင်ရေး တိုက်တွန်းရာတွင် ဩဇာအရှိန်အဝါကို အသုံးပြုသင့်ကြောင်း Justice For Myanmar ကတိုက်တွန်းသည်။

ဓာတ်ပုံ- အိန္ဒိယရေတပ်နှင့် စစ်ကောင်စီ ရေတပ်တို့ ပူးပေါင်းဆောင်ရွက်မှု မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article