25 C
Yangon

နိုင်ငံတစ်ဝန်း လျှပ်စစ်မီးများ အလွန်ပြတ်တောက်နေသည့် ကာလတွင် မီတာခများအားလုံး ၂ ဆကျော်မြင့်တက်

Must read

နိုင်ငံတစ်ဝန်း လျှပ်စစ်မီးများ အလွန်ပြတ်တောက်နေသည့် ကာလတွင် မီတာခများအားလုံး ၂ ဆကျော်မြင့်တက်

■ အမှန်တကယ်သုံးစွဲခြင်းမရှိသော ယူနစ်များကို ကောက်ခံ၍ တိုင်ကြားရာ “ကိုယ်သုံးတာ ကိုယ်ပေးရမယ်။ ရူးနေလား” ဟု လျှပ်စစ်ရုံးက တုံ့ပြန်ဟုဆို

ရန်ကုန်၊ မေ ၁၉

မြန်မာနိုင်ငံတစ်ဝန်း ဧပြီလနှင့် မေလအတွင်း လျှပ်စစ်မီးများ အလွန်ပြတ်တောက်နေသော်လည်း စစ်ကောင်စီက ကောက်ခံသည့် မီတာခမှာမူ ၂ ဆကျော်မြင့်တက်သွားကြောင်း ရန်ကုန်နှင့်မန္တလေးမှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဧပြီလနှင့် မေလများသည် လျှပ်စစ်မီး အလွန်ပြတ်တောက်သော လများဖြစ်ပြီး တစ်နေ့လျှင် လျှပ်စစ်မီးရရှိချိန်သည် ရန်ကုန်မြို့တွင် တစ်နေ့ ၃ နာရီဝန်းကျင်နှင့် မန္တလေးမြို့တွင် တစ်နေ့ ၂ နာရီ ဝန်းကျင်သာရရှိကြောင်း၊ သို့ရာတွင် လျှပ်စစ်မီတာခများ ကောက်ခံရာတွင် ယခင် ကောက်ခံနေသော မီတာခများထက် ၂ ဆကျော်မြင့်တက်သွားကြောင်း၊ ပုံမှန် လျှပ်စစ်မီတာခ တစ်လလျှင် ၂​ သောင်းဝန်းကျင် ကျသင့်သူများမှာ မီတာခ ၅ သောင်းသို့လည်းကောင်း၊ တစ်လလျှင် မီတာခ ၅ သောင်းဝန်းကျင် ကျသင့်နေသူများမှာ လျှပ်စစ်မီတာခ တစ်လလျှင် ၁ သိန်းကျော်သို့လည်းကောင်း အသီးသီး ကျသင့်လာကြောင်း ရန်ကုန်နှင့် မန္တလေးမြို့မှ ပြည်သူများက ပြောဆိုကြသည်။

“ပုံမှန် မီတာခက ၄ သောင်းဝန်းကျင်မှာ ကျနေတာ အခုမေလမှာ ၁ သိန်းနီးပါးဖြစ်သွားတယ်။ အဲဒါ မီတာရုံးကို သွားပြောတော့ “ကိုယ်သုံးတာ ကိုယ်ပေးရမယ်။ ရူးနေလား” ဆိုပြီးတော့ ငေါက်လွှတ်တယ်။ မီတာပုံးမှာပေါ်နေတဲ့ ယူနစ်နဲ့ စာရွက်ပေါ်မှာ ပေါ်နေတဲ့ ယူနစ်ကို တိုက်ကြည့်တောလည်း မီတာစာရွက်ပေါ်က တကယ့် ဖြစ်နေတဲ့ ယူနစ်ထက် အများကြီးပိုများနေတယ်။ သွားပြောတော့လည်း ပြောလို့မရဘူး” ဟု ရန်ကုန်မြို့ခံ တစ်ဦးက ဆိုသည်။

မန္တလေးမြို့မှ ပြည်သူတစ်ဦးကလည်း ယခုလ မီတာခများ ၂ ဆကျော် မြင့်တက်သွားသည်ဟု ပြောဆိုပြီး လျှပ်စစ်မီး တစ်နေ့ ၂ နာရီဝန်းကျင် သာရရှိချိန် လျှပ်စစ်မီတာခ ၂ ဆကျော်မြင့်တက်ခြင်းကို နားမလည်နိုင်အောင် ဖြစ်ရကြောင်း ပြောဆိုသည်။

“မီးလာတဲ့အချိန် အဲကွန်းတော့ဖွင့်တယ်။ ဒါပေမယ့် အဲကွန်းဖွင့်တာကလည်း တစ်နေ့ ၁ နာရီတောင် အပြည့် မဖွင့်ရပါဘူး။ မီးက လာလိုက် ပြတ်လိုက် မီးအားက မပြည့်လိုက်နဲ့။ အဲဒါကို မီတာက အရင် ၆ သောင်းလောက်မှာ ဒီလ ၁ သိန်း၇ သောင်း ကျနေတယ်။ ဘာတွေ ဘယ်လိုလို့လဲမသိဘူး။ လျှပ်စစ်မီတာရုံးကိုသွားပြောတော့ နောက်လ ကျရင် ပြန်ပြီး ချိန်ညှိပေးမယ်ပြောတယ်။ မီတာခကို အဲဒီလို ချိန်ညှိပေးလို့ရလား။ မှန်းဆကောက်တဲ့သဘော ဖြစ်နေတယ်” ဟု မန္တလေးမြို့မှ ပြည်သူတစ်ဦးက ဆိုသည်။

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ် မြရွှေပင်သဒ္ဓမ္မသုခရိပ်သာ၊ပုလဲမြို့သစ်ဘုန်းဘုန်းဦးလှတောကျောင်းမှ ဆရာတော်ကလည်း လျှပ်စစ်မီး အလွန်ပြတ်တောက်သည့် ကာလအတွက် မီတာခ သိန်း ၂၀ ကျော် ကျသင့်နေကြောင်း၊ ဘုန်းကြီးကျောင်းတွင် ဆိုလာစနစ်လည်း တပ်ဆင်ထားကြောင်း လူမှုကွန်ရက်တွင် မီတာစာရွက်ပုံနှင့်တကွ တင်ပြထားသည်။

“မီးကလာတာပုံမမှန်လည်း ၊ မီတာဘေလ်ကပုံမှန်လာဆဲ။ မီးမှန်မှန်ပုံမှန်ပျက်လည်း မီတာခကတော တက်နေဆဲ။ တက်ကျပါ တက်သလောက် အခွန်ဆောင်မှာပါ။ (၄)ပိုင်း မီတာခ (2079850)။ ဒါတောင် ကိုယ်ပိုင်ဆိုလာ

ဝပ်(42000)တပ်ထားလို့။ မတပ်သာ မတပ်ရင် ရပ်ကွက်ထဲ လှည့်တောင်းရမလားမသိ” ဟု မြရွှေပင်သဒ္ဓမ္မသုခရိပ်သာ ဆရာတော်က လူမှုကွန်ရက်တွင် မှတ်ချက်ပြု ရေးသားထားသည်။

စမ်းချောင်းမြို့နယ်၊ တာမွေမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ တောင်ဥက္ကလာ၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ လသာ၊ ဗိုလ်တထောင်၊ ပန်းဘဲတန်း၊ လှိုင်မြို့နယ်၊ ကျောက်တံတားမြို့နယ် အပါအဝင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် ဧပြီလအတွက် လျှပ်စစ်မီတာခများ အလွန်များပြားစွာ ကောက်ခံသည့်အတွက် ပြည်သူများက မကျေမနပ်ဖြစ်နေကြပြီး မြို့နယ်လျှပ်စစ်မီတာရုံးများကမူ ဧပြီလသည် ဘတ်ဂျက်ကုန်ဆုံးသည့် လဖြစ်ခြင်းနှင့် မီတာကို မှန်းဆ ကောက်ခံမှုများ ရှိခြင်းဖြစ်ကြောင့် မီတာခ ၂ ဆဖြစ်နေရသည်ဟု ဖြေရှင်းပေးကြောင်း ပြောဆိုကြသည်။

“ကျနော်တို့ မြို့နယ်မီးရုံးကိုသွားပြောတော့ ဒီဧပြီလက ဘတ်ဂျက်အပိတ်လဖြစ်တယ်။ နောက်တစ်ခါ မီတာဖတ် စာရေးတွေက မှန်းဆ ဖတ်လို့ များသွားတာပါလို့ ပြောတယ်။ နောက်လတွေတော့ ဒီလထက် ငွေပိုနည်းအောင် လုပ်ပေးမယ်ဆိုပြီး ပြောတယ်” ဟု ရန်ကုန်မြို့တွင်းနေထိုင်သူ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article