25 C
Yangon

သံတွဲမြို့နှင့် ၈ မိုင်အကွာ လင်းသီရွာတိုက်ပွဲတွင် စစ်တပ်ဘက် အများအပြားသေဆုံးပြီး စစ်ကောင်စီ၏ တန်ပြန်တိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ ၉ ဦးသေဆုံး

Must read

သံတွဲမြို့နှင့် ၈ မိုင်အကွာ လင်းသီရွာတိုက်ပွဲတွင် စစ်တပ်ဘက် အများအပြားသေဆုံးပြီး စစ်ကောင်စီ၏ တန်ပြန်တိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ ၉ ဦးသေဆုံး

ရန်ကုန်၊ မေ ၁၉

ရခိုင်ပြည်နယ်၊ သံတွဲမြို့နှင့် ၈ မိုင်ခန့်အကွာရှိ လင်းသီရွာတိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်က အများ အပြားသေဆုံးပြီး စစ်တပ်၏ လေကြောင်း၊ ရေကြောင်းတို့မှတစ်ဆင့် တန်ပြန်တိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ ၉ ဦး သေဆုံးခဲ့ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၁၆ ရက်နေ့ ညနေ ၄ နာရီခန့်မှ စတင်ခဲ့သည့် လင်းသီရွာတိုက်ပွဲသည် မေလ ၁၈ ရက်နေ့ ညနေပိုင်း အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားအများအပြားသေဆုံးကာ ကျန်ရှိအကြမ်းဖက်စစ် သားများမှာ သံတွဲမြို့ဘက်သို့ ဆုတ်ပြေးသွားကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ၃ ကြိမ်၊ Y12 လေယာဉ် ၂ ဖြင့် တစ်ကြိမ် အပြင် ရေကြောင်းအတွင်းရှိ စစ်သင်္ဘောပေါ်မှ လက်နက်ကြီးပစ်ကူပေးခဲ့ရာ နတ်တောင် မော်ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၉ ဦးသေဆုံးခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာ လင်းသီကျေးရွာတွင် လည်း နေအိမ် တစ်လုံးနှင့် လင်းသီရွာတံတားတဖက်ကမ်းရှိ ကျောင်းကုန်းရွာ တွင် လည်း နေအိမ်များ မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

“စစ်ကောင်စီက ကုန်းပေါ်ကရော စစ်သင်္ဘောပေါ်ကရော ပစ်ကူပေးတယ်၊ ဂျက်ဖိုက်တာက ၂ ကြိမ်၊ Y12 လေယာဉ် နဲ့ကတော့ ၂ စင်းလာပြီး ၂ နာရီလောက် ဗုံးကျဲတယ်။ နတ်တောင်မော်ဘက်ကိုလည်း ကျဲတယ်။ နတ်တောင်မော်ဆိုတဲ့နေရာမှာ ပြည်သူ ၉ ဦးသေတယ်။ ကျောင်းကုန်းဖက်ကမ်းမှာက အိမ် တွေတော်တော်များများ မီးလောင်တယ်။ လင်းသီမှာက တိုက်ပွဲဖြစ်ပေမယ့် နေအိမ်တစ်လုံးမီးလောင် တယ်လို့ပြောတယ်။ ပြည်သူတွေ သေတာ မကြားရမိဘူး။ လင်းသီမှာ လောလောဆယ် စစ်တပ်မရှိ တော့ဘူး။ ကျန်တဲ့ စစ်တပ်က သံတွဲဖက်ကို တဖြည်းဖြည်းဆုတ်သွားပြီ” ဟု ဒေသနေပြည်သူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

တိုက်ပွဲပြီးဆုံးသွားသော်လည်း ရွာသူရွာသားများမှာ လက်နက်ကြီး၊ မိုင်း အန္တရာယ်ရှိသဖြင့် ပြန်လည် ဝင်ရောက်နေထိုင်နိုင်ခြင်းမရှိသေးကြောင်း၊ သံတွဲမြို့နယ်တွင် ဖုန်းလိုင်းနှင့် အင်တာနက်များဖြတ်တောက်ခံထားရပြီး လျှပ်စစ်မီးလည်း ဖြတ်တောက်ခံထားရကြောင်း သိရသည်။

ဓာတ်ပုံ- သံတွဲမြို့နယ်၊ လင်းသီရွာတွင် စစ်တပ်ပစ်ခတ်သော လက်နက်ကြီးထိမှန်ခဲ့သည့် လူနေအိမ်တစ်လုံး။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- Dwayarwad Community Base News Agency

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article