25 C
Yangon

မြန်မာပြည်အနာဂတ် မှန်းဆချက် ၄ ခုအနက်မှ တိုင်းပြည် ပြိုကွဲပြီး လက်နက် ကိုင်အင်အားစုများ၏ နယ်မြေသစ်များစွာပေါ်ထွန်းခြင်း (နိဂုံး)

Must read

မြန်မာပြည်အနာဂတ် မှန်းဆချက် ၄ ခုအနက်မှ တိုင်းပြည် ပြိုကွဲပြီး လက်နက် ကိုင်အင်အားစုများ၏ နယ်မြေသစ်များစွာပေါ်ထွန်းခြင်း (နိဂုံး)

By Igor Blazevic

အပြင်က လာတဲ့ဖိအားနဲ့ သိမ်းသွင်းမှုတွေကြောင့် တိုက်ပွဲတွေအရှိန်လျော့ကျသွားပြီး အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးညှိနှိုင်းကြတဲ့ပုံစံက မြန်မာ့အိမ်နီးချင်းတွေနဲ့ အာဆီယံတို့က ဖြစ်စေချင်တဲ့ ပုံစံပါ။ တခြား နိုင်ငံတကာအသိုင်းအဝိုင်းထဲက ကုလသမဂ္ဂ၊ အနောက်နိုင်ငံတွေနဲ့ အာရှက ဒီမိုကရေစီ နိုင်ငံကြီးတွေက မြန်မာ့အရေးကို ဝင်ပါချင်ပုံမရကြပါဘူး။ အာဆီယံနဲ့ တာဝန်ကိုလွှဲထားချင်ကြပါတယ်။

အာဏာသိမ်း ခါစရက်တွေကတည်းက မြန်မာ့အိမ်နီးချင်းတွေနဲ့ တခြားနိုင်ငံတကာ အသိုင်းအဝိုင်းက လူတွေဟာ စစ်အာဏာရှင်တွေပဲ နေရာတည်မြဲနေလိမ့်ဦးမယ်လို့ ထင်ခဲ့ကြတာပါ။ စစ်အာဏာရှင်တွေရဲ့ သွေးစွန်းတဲ့နှိမ်နင်းပွဲတွေပြီးလို့ တိုင်းပြည်ကို သူတို့လက်အောက်မှာ ပိပြားသွားချိန်ရောက်အောင် ထိုင်စောင့်ဖို့ စိတ်ညွှတ်ကြသူတွေပါ။ အဲဒီအချိန်ရောက်မှာ စစ်တပ်သာလျှင် မြန်မာအရေးမှာ အခရာပဲ ဆိုတဲ့ အရင်နည်းဟောင်းကို ပြန်စတင်ကြဖို့ပါ။

မြန်မာ့အိမ်နီးချင်းတွေနဲ့ အာဆီယံဟာ သံတမန်နည်းလမ်းတွေနဲ့အမျိုးမျိုး ကြိုးစားပေးချင် ယောင်ဆောင်ကြတယ်။ တကယ်မှာတော့ အနှစ်သာရရှိတဲ့ ကြားဝင်မှုမျိုးကို ဆောင်ရွက်ပေးဖို့ ရှောင်ရှားနေကြတာပဲဖြစ်တယ်။ လူသားချင်းစာနာ ထောက်ထားရေးအကူအညီကိစ္စကိုပဲ ကြည့်ကြည့် သံတမန်ရေးရာကိစ္စတွေကိုပဲ ကြည့်ကြည့် ဒါကိုမြင်နိုင်သလို စစ်အစိုးရအပေါ် ဖိအားသုံးဖို့ လက်ရှောင် နေခဲ့တယ်။ အလုပ်မဖြစ်တဲ့ အာဆီယံသဘောတူညီချက်ငါးခု အနောက်မှာ ပုန်းပြီး သက်သက်သာသာ ထိုင်စောင့်နေတယ်လို့ ဆိုနိုင်တယ်။

ဟွန်ဆင်ရဲ့ ကိုယ်ရည်သွေးမှုမသေးလှတဲ့ ငြိမ်းချမ်းရေး ပွဲစားလုပ် မယ်ဆိုတဲ့ အပြောနောက်ကို မျောခဲ့ကြပြီး အင်ဒိုနီးရှားက နောက်ကွယ်က ပါဝင်တဲ့ 300+ ဆွေးနွေးပွဲ လို့ဆိုတဲ့ မြန်မာ့အရေး အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲလိုမျိုး၊ သိပ်မကြာခင်က တစခန်းထလာခဲ့တဲ့ ထိုင်းရဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီအစီအစဉ်လိုမျိုးတွေနဲ့ ကူညီသယောင်ပြုလို့နေကြတယ်။

အထူးသဖြင့် ဒီကာလလို ရှမ်းပြည်မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ ထိုးစစ်ပြီးသွားချိန်မှာ၊ AA က အာရကန်ပြည်မှာ တိုက်ပွဲဖော်နေတဲ့အချိန်၊ မြောက်ပိုင်းမှာ ကချင်တွေက ထိုးစစ်ဆင်နေတဲ့အချိန်၊ အရှေ့ဘက်မှာ လည်း ကရင်နဲ့ ကရင်နီတွေက တိုက်နေကြသေးတဲ့အချိန်မှာ မြန်မာ့အိမ်နီးချင်းတွေနဲ့ အာဆီယံတို့ဟာ စစ်အာဏာရှင်တွေနဲ့ မြန်မာစစ်တပ်ဟာ အများကြီး ပိုအားနည်းလာတာကို နားလည်ခဲ့ကြပါပြီ။ အရင်က ထင်ထားသလောက် တိုက်ရည်ခိုက်ရည်မရှိဘူးဆိုတာလည်း မြင်ကြပါပြီ။ တပ်ဟာ အရင်လိုနေရာကို မရနိုင်တော့ဘူး။ တိုင်းပြည်အာဏာကို ပြန်ပြီး မထိန်းနိုင်တော့ဘူး။ တိုင်းပြည် တည်ငြိမ်မှုကိုလည်း အာမမခံနိုင်တော့ဘူးဆိုတာကို နားလည်ခဲ့ကြပါပြီ။

ဒါပေမယ့် မြန်မာ့ အိမ်နီးချင်းတွေနဲ့ အာဆီယံတို့ဟာ စစ်တပ် လုံးဝ အရေးနိမ့်သွားတယ် ဆိုတာမျိုး မဖြစ်စေချင်ကြပါဘူး။ မြန်မာမှာ အာဏာရှင်စစ်တပ်က ဗဟိုက ဆွဲချုပ်မထားဘဲနဲ့ နိုင်ငံတစ်ခုအဖြစ် အတူတကွ ရပ်တည်နိုင်ကြတဲ့အခြေအနေမျိုးကို သူတို့ မမြင်နိုင်ကြသေးပါဘူး။ သူတို့က စစ်တပ်ပြိုကျ သွားမှာကို မမြင်ချင်တဲ့ အကြောင်းတစ်ခုကလည်း သူတို့စိတ်ထဲမှာ စစ်တပ်ပြိုသွားရင် မြန်မာပြည်ဟာ အပိုင်းပိုင်းကွဲပြီး နိုင်ငံတစ်ခုရဲ့ ဖြစ်တည်မှုကစဉ့်ကရဲ ဖြစ်သွားမယ်လို့ ထင်နေတာပါ။

မြန်မာ့ အိမ်နီးချင်းတွေနဲ့ အာဆီယံတို့ဟာ တော်လှန်ရေးသမားတွေ အောင်ပွဲရသွားမယ့်အဖြစ်ကို ကြည့်ဖို့ စိတ်မထက်သန်လှပါဘူး။ အာရှက လုပ်နည်းလုပ်ဟန်အတိုင်း အီလစ်အချင်းချင်းညှိနှိုင်းပြီး သဘောတူညီချက်က ပေါ်ထွက်လာတဲ့ ဖြေရှင်းနည်းမျိုးကို ပိုမြင်ချင်ကြပါတယ်။ ပြည်သူတွေ တော်လှန်လို့ အောင်ပွဲခံပြီး ဒီမိုကရေစီရသွားတယ် ဆိုတာမျိုး မြင်ချင်ကြတာမဟုတ်ပါဘူး။ သူတို့ ပိုလိုလားတာက အီလစ်မြင်းအရောင်းအဝယ်‌စျေးကွက်လို အပေးအယူတွေနဲ့ ညှိကြတာမျိုးပဲဖြစ်ပြီး ပြည်သူတွေကို စိတ်ကြိုက်အနာဂတ်ရွေးချယ်ခွင့်‌ပေးပြီး အင်အားရှိစေတဲ့နည်းမျိုးနဲ့ အဆုံးသတ်ချင်တာ မဟုတ်ပါဘူး။

တရုတ်၊ ထိုင်းနဲ့ အာဆီယံတို့ဟာ အပစ်အခတ်ရပ်စဲရေးကို ဝင်ကြိုးပမ်းပေးဖို့ စိတ်ဆန္ဒ ရှိနေရာတာမှာလည်း အကြောင်းရင်းတွေရှိပါတယ်။ လူသားချင်းစာနာမှုအထောက်အကူတွေနဲ့ တခြား မက်လုံးတွေပေးပြီး ကြားဝင်ဖြန်ဖြေချင်ကြပြီး အားလုံးပါဝင်တဲ့ ဆွေးနွေးညှိနှိုင်းမှုများတွေ လုပ်ပေး ဖို့ဆိုတဲ့ နောက်ကွယ်မှာ သူတို့အတွက် အကြောင်း ပြချက်တွေရှိပါတယ်။

စစ်အာဏာရှင်တွေဟာ လက်ရှိမှာ မလွှဲသာမရှောင်သာ အကျဘက်ကိုရောက်လာပြီဖြစ်ပြီး ပြိုလဲဖို့ တာစူနေပါ

ပြီ။ ဒါပေမယ့် အိမ်နီးချင်းတွေနဲ့ အာဆီယံတို့ကသာ စစ်အာဏာရှင်ကို အသက်ကယ် ဆေးပေးနိုင်ကြပါလိမ့်မယ်။ ဒီလို စစ်တပ်ကိုထွက်ပေါက်ပေးလိုက်ရင်တော့ ဒီအိမ်နီးချင်းတွေနဲ့ အာဆီယံတို့ဟာ အထက်က အနာဂတ် မှန်းဆချက် ၂ နဲ့ ၄ မှာတဲ့ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေမျိုးတွေကို ဖြစ်စေပြီး သွေးထွက်သံယိုပဋိပက္ခကို သက်တမ်းပိုရှည်စေမှာဖြစ်ပါတယ်။ ဒီအခြေအနေကသာ အဆိုးအပျက်ပိုများမယ့် ရှေ့မတိုးသာနောက်မဆုတ်သာ အခြေအနေမျိုးကို ရလဒ်ထွက်စေပြီး တိုင်းပြည်ကို ဖြစ်သင့်တာထက် ပိုပြီးကွဲအောင် လုပ်နေသလို ဖြစ်နေပါတယ်။

ဒီလိုသဘောထားမျိုးဆိုရင်တော့ အနာဂတ် မှန်းဆချက် ၃ ဟာ ဖြစ်လာနိုင်စရာအကြောင်းမရှိပါ။ ဒါပေမယ့် မြန်မာပြည်ရဲ့ အိမ်နီးချင်းတွေနဲ့ အာဆီယံနိုင်ငံတွေ၊ ငြိမ်းချမ်းရေးပွဲစား အလှူရှင်တွေနဲ့ INGOs တွေကတော့ ဒီ နံပတ်သုံးအခြေအနေမျိုးဟာ သူတို့ရဲ့ သံခင်းတမန်ခင်းနဲ့ လူသားချင်း စာနာမှုအကူအညီတွေ၊ အဟောအပြောတွေနဲ့ ဖြစ်လာလိမ့်ဦးမယ်လို့ ယုံမှတ်မှားနေကြဦးမှာပါ။

နံပါတ်၃ အခြေအနေဘာလို့ မဖြစ်နိုင်သလဲဆိုတဲ့ အကြောင်းရင်းတွေရှိပါတယ်။ တစ်ခုကတော့ မင်းအောင်လှိုင်က အသင့်မဖြစ်လို့ပါ။ ပျော့ပျောင်းတဲ့ ညှိနှိုင်းမှုတွေ အလျှော့အတင်းတွေလုပ်ဖို့ မင်းအောင်လှိုင်က အသင့်မဖြစ်ပါ။

နောက်ထပ်ပိုပြီးအရေးကြီးတဲ့ အကြောင်းရင်းတစ်ခုကတော့ တရုတ်နဲ့ အာဆီယံက အဆိုပြုထားတဲ့ စစ်အာဏာရှင်တွေနဲ့ တော်လှန်ရေးတပ်တွေ ညှိနှိုင်းကြဖို့ အရေး ကြားဝင်ဖြန်ဖြေပေးဖို့ကိစ္စက လူမုန်း အင်မတန်များတဲ့ စစ်အာဏာရှိကို မပြုတ်ကျဘဲ သက်ဆိုးရှည်နေအောင် အထောက်အကူ ပေးနိုင်မှာမို့ပဲဖြစ်ပါတယ်။

စစ်တပ်ကို နိုင်ငံရေးအရ ဗိုလ်ကျလွှမ်းမိုးနိုင်တဲ့နေရာမှာ ဆက်လက်ထား ရှိဦးမှာဖြစ်ပြီး ကျူးလွန်ခဲ့သမျှ အမှုတွေအတွက် ပြစ်ဒဏ်မခံရဘဲ လွတ်နေဦးမှာဖြစ်တဲ့အပြင် စီးပွားရေးကိုလည်း ဆက်လက်ထိန်းချုပ်ထားနိုင်မှာဖြစ်ပါတယ်။ စစ်တပ်ကို တိုက်နေကြတဲ့သူ တွေကိုတော့ လက်နက်ချခိုင်းတာမျိုးနဲ့ တူတဲ့ အပေးအယူမျိုးနဲ့သာ နားချမှာ ဖြစ်ပြီး ဗုံးကျဲမခံချင်ရင် လက်နက်ချဆိုတာမျိုး ဖြစ်လာနိုင်ပါတယ်။ လူသားချင်းစာနာမှုအကူအညီတွေနဲ့လည်း အကြပ် ကိုင်နိုင်သလို နိုင်ငံရေးမှာ အရေးသိပ်မပါတဲ့ နေရာတွေ၊ တရားဝင်ရော တရားမဝင် စီးပွားရေးတွေ လုပ်ဖို့ မြေနေရာတွေ ပေးခြင်းအားဖြင့်လည်း ဆွဲဆောင်နိုင်ပါတယ်။

စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ဘက်ကတော့ ဒီလိုစစ်ရေးအရ အသာစီးရနေတဲ့ အချိန်မှာ အလျှော့ပေးလက် နက်ချရေးအစီအစဉ်ကိုလိုက်လျောဖို့၊ ပေးလာတဲ့ မက်လုံးတွေကို လက်ခံဖို့ ဘယ်သူဆီမှာမှ လုံလောက်တဲ့ အကြောင်းပြချက်တွေ မရှိနေပါဘူး။

မြန်မာ့အိမ်နီးချင်းတွေနဲ့ အာဆီယံနိုင်ငံတွေဟာ မြန်မာနိုင်ငံပဋိပက္ခဖြေရှင်းဖို့အရေးမှာ နံပတ်-၃ ကို ဖြစ်စေတဲ့လမ်းမျိုးကို ရောက်အောင်သွားမယ်ဆိုရင်လည်း အောင်မြင်ဖို့မရှိသလို သူတို့လက်ရှိ ရေးဆွဲထားတဲ့ ဒီဇိုင်းအမှားနဲ့ ဖြန်ဖြေရေးအစီအစဉ်ဟာ နံပတ်၂ အနာဂတ် မှန်းဆချက်ဆီကို ရောက်သွား နိုင်ပါတယ်။ အဆုံးအရှုံးများတဲ့ ပျက်စီးမှုတွေ အဖတ်တင်မယ့် ရှေ့မတိုးနောက်မဆုတ်အခြေအနေမှာ မြန်မာပြည်သားတွေ ပိတ်မိပြီး အထပ်ထပ်ပျက်စီးမှုတွေ နာကျင်မှုတွေ ဆက်လက်ခံစားရနိုင်ပါတယ်။

ဒီလိုအခြေအနေဟာ ကာလအတိုင်းအတာတစ်ခုအထိ ဘယ်သူ့ကိုမှ အနိုင်ပေးမှာမဟုတ်ပါဘူး။ လုံးဝ ခြေကုန်လက်ပန်းကျတဲ့အဖြစ်ကိုရောက်ကြပြီး အနာဂတ် မှန်းဆချက် -နံပတ်၄ ထဲကလို တိုင်းပြည်ဟာ ဝမ်းနည်းစရာကောင်းတဲ့အခြေအနေကိုရောက်သွားပြီး စစ်တပ်အသီးသီးရဲ့ လက်အောက်မှာ အစိတ်စိတ်အမွှာမွှာကွဲသွားတဲ့ နယ်မြေတွေ ဖြစ်သွားနိုင်ပါတယ်။

စစ်ဘုရင်တွေက ရေးဆွဲတဲ့ အာဏာမျှခြေသစ်ပေါ်လာနိုင်ပြီး တည်ငြိမ်တာ မျိုးလည်း ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် မြန်မာပြည်ရဲ့ သယံဇာတတွေနဲ့ ပြည်သူတွေကတော့ ပြည်တွင်းပြည်ပ၊ ဒေသတွင်းနိုင်ငံတွေနဲ့ နိုင်ငံတကာက အမြတ်ထုတ်လိုတဲ့ မုဆိုးတွေကြားမှာ ခပ်လွယ်လွယ်နဲ့ ဖမ်းလို့ရတဲ့ သားကောင် ဖြစ်လာနိုင်ပါတယ်။ မြန်မာပြည်က လူငယ်တွေနဲ့ ပညာတတ်တွေဟာ တိုင်းခြားကို ရွှေ့ပြောင်း နိုင်သလောက်ရွှေ့ပြောင်းသွားကြမှာဖြစ်ပါတယ်။ ပူပြင်းခြောက်သွေ့မှု၊ မိုးခေါင်ရေရှား ဖြစ်စဉ်တွေနဲ့ ပိုပြီးကမောက်ကမဖြစ်လာတဲ့ မုတ်သုံရာသီ ဆိုင်ကလုန်းမုန်တိုင်းတွေကြောင့် လူတွေရဲ့ အသက်မွေးဝမ်းကျောင်းပျက်စီးတဲ့အခါလည်း လူတွေဟာ ဒေသကို စွန့်ခွာကြမှာ ဖြစ်ပါတယ်။

နိဂုံးချုပ်ရရင်တော့ အခု မေလ ၂၀၂၄ မှာ စစ်ဟာ မြန်မာပြည်ကို ဘယ်လို လမ်းကြောင်းပေါ်ရောက်သွား စေမှာလဲ ဆိုတာနဲ့ ပတ်သက်လို့ အနာဂတ် မှန်းဆချက် လေးခုကို ဖော်ပြခဲ့ပါတယ်။ အဲဒီထဲမှာတစ်ခုကပဲ ကောင်းတဲ့ အနာဂတ် မှန်းဆချက် ဖြစ်ပါတယ်။

စစ်ပန်းနေပြီး အလွန်အမင်းအားနည်းလာတဲ့အပြင် လူတွေ အယုံအကြည်မဲ့တဲ့ စကစရဲ့ ကျဆုံးမှုသွားတဲ့ အခြေ အနေဖြစ်ပြီး မဟာမိတ် တော်လှန်ရေးတပ်ပေါင်းစုတွေအနေနဲ့ အကူးအပြောင်းကာလ အစိုးရကိုဖွဲ့နိုင်ဖို့ ဖြစ်ပါတယ်။ အာဆီယံနဲ့ မြန်မာ့အိမ်နီးချင်းတွေ နိုင်ငံတကာအသိုင်းအဝိုင်းတွေဟာ အချိန်ဆက်မဆိုင်းတော့ဘဲ တော်လှန်ရေးအစိုးရကို ကူညီပြီး စိန်ခေါ်မှုတွေ များလှပေမယ့် တကယ်လုပ်ရင် အဟုတ်ဖြစ်နိုင်တဲ့ ဖယ်ဒရယ် ဒီမိုကရေစီ နိုင်ငံတည်ဆောက်ရေးမှာ အကူအညီပေးတာတွေ ဆောင်ရွက်နိုင်ကြပါတယ်။

စစ်အာဏာရှင်နဲ့ တော်လှန်ရေးအုပ်စုတွေကြားထဲက စေ့စပ်ညှိနှိုင်းမှုတွေရှိလာမယ့် ဖြစ်ရပ်မျိုးကတော့ မျှော် လင့်စရာ သိပ်မရှိတဲ့အပြင် ဖြစ်လာနိုင်ခြေလည်း နည်းတယ်။ ခက်တာက ဒီလမ်းက မြန်မာ့ အိမ်နီးချင်းတွေနဲ့ အာဆီယံတို့က ဖြစ်စေချင်ပြီး ဦးတည်နေတဲ့လမ်းဖြစ်နေတယ်။

မကောင်းတဲ့ အနာဂတ်အလားအလာ နှစ်ခုချိတ်ဆက်နေတာမျိုးကိုလည်းတွေ့ရပါတယ်။ စစ်တပ်နဲ့ တော် လှန်ရေး အင်အားစုတွေကြားထဲမှာ ခါးသီးပြီး သက်တမ်းကြာရှည်လာတဲ့ စစ်ပွဲတွေဟာ တိုင်းပြည် အစိတ် စိတ်အမွှာမွှာကွဲတဲ့ ဆီကိုပဲ ဦးတည်သွားပြီး လက်နက်ကိုင်အင်အားစုအသီးသီးက နယ်မြေ အသီးသီးကို ခွဲပြီးအုပ်ချုပ်နေကြမယ့် အနေအထားမျိုး အဖတ်တင်လာနိုင်ပါတယ်။

မြန်မာ့ အိမ်နီးချင်းတွေ၊ အာဆီယံနိုင်ငံတွေနဲ့ တခြားနိုင်ငံတကာအသိုင်းအဝိုင်းတွေဟာ ကောင်းကျိုး ပိုများတဲ့လားရာဘက်ကို မလောင်းဘဲ မဖြစ်နိုင်တဲ့ဘက်ကို လောင်းနေကြတာကလည်း အံ့သြစရာပါ။ အကောင်းဘက်ကို ပို့ပေးနိုင်တဲ့ မှန်းဆချက် အခြေအနေမျိုးဟာ သူတို့သာ ပါဝင်ထောက်ခံ အားပေးကြရင် မဖြစ်နိုင်စရာအကြောင်းမရှိပါဘူး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article