25 C
Yangon

ရခိုင်အရေး တော်လှန်ရေးနှင့် အရပ်ဘက်အဖွဲ့ ၁၉၅ ဖွဲ့၏ ထုတ်ပြန်ချက်အပေါ် AA ၏ တုံ့ပြန်မှု ခြိမ်းခြောက်မှုဟု AJMM ရှုမြင်

Must read

ရခိုင်အရေး တော်လှန်ရေးနှင့် အရပ်ဘက်အဖွဲ့ ၁၉၅ ဖွဲ့၏ ထုတ်ပြန်ချက်အပေါ် AA ၏ တုံ့ပြန်မှု ခြိမ်းခြောက်မှုဟု AJMM ရှုမြင်

■ ရက္ခိုင့်တော်လှန်ရေးကို အောင်ပွဲရသည်အထိ ဒီမိုကရေစီနှင့် လူ့ရပိုင်ခွင့် စံနှုန်းများအပေါ် အခြေခံ၍ ဆက်လက်ဝန်းရံအားပေးမည်

ရန်ကုန်၊ မေ ၂၈

ရခိုင်မြောက်ပိုင်းအရေးနှင့် ပတ်သက်၍ အရပ်ဖက်အဖွဲ့အစည်း ၁၉၅ ဖွဲ့၏ ထုတ်ပြန်ချက်အပေါ် AA ၏ တုံ့ပြန်မှုသည် လက်နက်မဲ့ အင်အားစုများကို လက်နက်အင်အားတောင့်တင်းသည့် အဖွဲ့၏ ခြိမ်းခြောက်မှုဟု ရှုမြင်ကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုကော်မတီ (AJMM) ၏ ဗဟိုကော်မတီဝင် ရဲဘော်ဝေနှင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အရပ်ဖက်အဖွဲ့အစည်း ၁၉၅ ဖွဲ့၏ ထုတ်ပြန်ချက်သည် လက်ရှိ ရခိုင်ပြည်နယ်တွင် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် အနေနှင့်ဖြစ်ပေါ်နေသည့် အခြေအနေများအပေါ် စုံစမ်းစစ်ဆေးမှု၊ လိုအပ်ပါက အရေးယူမှုများကို ကျယ်ကျယ်ပြန်ပြန့်လုပ်ဆောင်ရန် တိုက်တွန်းခြင်းဖြစ်ကြောင်း၊ တရားမျှတမှုနှင့် အမှန်တရားပေါ်ထွန်းရေးအတွက် ဦးတည်၍ ဒီမိုကရေစီကို ယဉ်ကျေးစွာ ကျင့်သုံးပြီး တော်လှန်ရေးအင်အားစုချင်း အပြုသေဘာဆောင်တိုက်တွန်းခြင်းဖြစ်ကြောင်း AJMM ထံမှ သိရှိရသည်။

ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်အနေနှင့် ၁၉၅ ဖွဲ့၏ ထုတ်ပြန်ချက်အပေါ်တွင် “အဆို ပါ ထုတ်ပြန်ချက်တွင်ပါရှိသော အဖွဲ့အစည်းများနှင့် အဖွဲ့အစည်းတာဝန်ခံများကို မိမိတို့မှ ကောင်းစွာ မှတ်တမ်းတင်ထားရှိပါသည်” ဟု ထည့်သွင်း ဖော်ပြထားခြင်းသည် လက်နက်မဲ့အင်အားစုများအား လက်နက်အင်အား တောင့်တင်းသည့် အဖွဲ့အစည်းတခုက ပေါ်ပေါ်ထင်ထင် ခြိမ်းခြောက်ခြင်းပင် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်နက်အင်အားဖြင့် လူထုကို ဆယ်စုနှစ်များစွာ ဖိနှိပ်နေခဲ့သည့် ဖက်ဆစ်စစ်အုပ်စုနှင့် စစ်ဝါဒကို နိုင်ငံရေး၊ စစ်ရေး နည်းလမ်းပေါင်းစုံဖြင့် အတူတကွ ဆန့်ကျင်တွန်းလှန်နေကြစဥ်တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ကဲ့သို့ တော် လှန်ရေးအဖွဲ့အစည်းတရပ်ထံမှ အလားတူ ခြိမ်းခြောက်မှုကို မြင်တွေ့ရခြင်းမှာ အလွန်ပင် စိတ်မကောင်းဖြစ်ဖွယ် ဖြစ်ကြောင်း AJMM ထံမှ သိရှိရသည်။

“၁၉၅ ဖွဲ့ရဲ့ ထုတ်ပြန်ချက်အပေါ်မှာ ULA အနေနဲ့ ဘယ်လိုယူဆလဲတော့ ကျနော်တို့လည်း မသိနိုင်ပါဘူး၊ ဒါပေမယ့် သူတို့ဘက်က တုံ့ပြန်တဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင်တော့ မိတ်ဖက်တော်လှန်ရေးအင်အားစုတွေကြားမှာ သိပ်ပြီး အပြုသဘော မ ဆောင်တာမျိုး တွေ့ရပါတယ်၊ ဒီကနေ့ AJMM စာမှာလည်း ညွှန်းထားသလို “ကောင်းစွာ မှတ်တမ်းတင်ထားရှိပါသည်” ဆိုတဲ့ အသုံးမျိုးက အင်အားကြီး လက်နက်ကိုင်အဖွဲ့အစည်းတခုက ပြောတဲ့အခါ အလွန်အန္တရာယ်များပါတယ်၊ ခြိမ်းခြောက်တဲ့ သဘော သက်ရောက်ပါတယ်” ဟု AJMM ၏ ဗဟိုကော်မတီဝင် ကိုဝေနှင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

AJMM အနေနှင့် ဖက်ဆစ်စစ်အာဏာရှင်နှင့် ဖက်ဆစ်ဝါဒကို တွန်းလှန်နေစဥ်တွင် လက်နက်ပါဝါအခြေပြု နိုင်ငံရေးယဉ်ကျေးမှု အားကောင်းလာခြင်းမှတစ်ဆင့် လက်နက်အားကိုးဖိနှိပ်မှု အသစ်များ ဆက်လက် မပေါ်ပေါက်စေရန်အတွက် လူထုထိန်းကျောင်းမှု နည်းလမ်းဖြင့် အတူတကွတားဆီးရေးသည် အလွန်အရေး ကြီး‌သည်ဟု ရှုမြင်ပြီး မည်သို့သော ဖိအားများ ရှိသည်ဖြစ်စေ ထိုယုံကြည်ချက်အပေါ် ဆက်လက်စွဲကိုင်သွားမည် ဖြစ်ကြောင်း AJMM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် AJMM ၏ ယုံကြည်ချက်နှင့် မူဝါဒများအပေါ်သာ အခြေခံ၍ ရပ်တည်ခြင်းဖြစ်ပြီး အစုအဖွဲ့အပေါ်အခြေခံပြီး ဘက်ရွေးလုပ်ဆောင်ခြင်းအား မည်သည့်အခါမျှ လုပ်ဆောင်မည်ဘဲ ရိုဟင်ဂျာလူနည်းစုကို ဖိနှိပ်မှုများမှ အကာအကွယ်ပေးရန် ‌တောင်းဆိုခြင်းသည် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အား ဆန့်ကျင်တိုက်ခိုက်ခြင်းဖြစ်သည်ဟု မယူဆသင့်ကြောင်း AJMM ၏ ဗဟိုကော်မတီဝင် ကိုဝေနှင်းက ပြောကြားသည်။

“ကွဲပြားမှု‌တွေထက် ရက္ခိုင်ပြည်မြောက်ပိုင်းမှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာနဲ့ ပက်သက်လို့ အမှန်တရားကို ဝိုင်းဝန်းဖော်ထုတ်ရမှာဖြစ်ပါတယ်၊ ဒီသတင်းတွေနဲ့ ပက်သက်ပြီး အဲ့ဒီဒေသမှာ နယ်မြေစိုးမိုးထားတဲ့ အဖွဲ့အစည်းတွေအနေနဲ့ စုံစမ်းဖော်ထုတ်ဖို့ တာဝန်ရှိသလို နိုင်ငံရေးအင်အားစုတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေလည်း ကြိုတင်သတိပေး (early warning) နိုးဆော်တာမျိုး လုပ်ဖို့ လိုအပ်ပါတယ်၊ ဒီကိစ္စက လူ့အသက်အိုးအိမ်ပေါင်းများစွာနဲ့ဆက်စပ်နေပြီး တော်လှန်ရေးကိုလည်း ထိခိုက်စေနိုင်တာမို့ ဖြစ်နိုင်ခြေ ရာခိုင်နှုန်း အနည်းငယ်ဘဲ ရှိရင်တောင် ကျနော်တို့အနေနဲ့ ဝိုင်းဝန်း တပ်လှန့်နိုးဆော်ပြီး ကြိုတင်တားဆီးဖို့လိုပါတယ်၊ ဖြစ်သွားခဲ့တာတွေနဲ့ပတ်သက်ပြီးလည်း အမှန်တရားကို ဖော်ထုတ်ပြီး တရားမျှတမှု ရှာဖွေရပါမယ်” ဟု AJMM ၏ ဗဟိုကော်မတီဝင် ကိုဝေနှင်းက ပြောကြားသည်။

AJMM သည် ကျောင်းသားလှုပ်ရှားမှု၊ အရပ်ဘက်လှုပ်ရှားမှုများကို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမတိုင်မီနှစ်များကပင် ရက္ခိုင့်တော်လှန်ရေးကို အားပေးထောက်ခံခဲ့ကြသူများ ဖြစ်ကြောင်း၊ ရက္ခိုင့်တော်လှန်ရေးကို အောင်ပွဲရသည်အထိ ဒီမိုကရေစီနှင့် လူ့ရပိုင်ခွင့် စံနှုန်းများအပေါ်အခြေခံ၍ ဆက်လက်ဝန်းရံသွားမည်ဖြစ် ကြောင်း AJMM က ကြေညာထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article