25 C
Yangon

စစ်တွေ၊ ဗျိုင်းဖြူရွာကို စစ်ကောင်စီက ဝင်ရောက်စီးနင်းပစ်ခတ်မှု ပြည်သူ ၄ ဦးသေဆုံးပြီး လူ ၃၀ ဦးကျော် ဖမ်းဆီးခံထားရ

Must read

စစ်တွေ၊ ဗျိုင်းဖြူရွာကို စစ်ကောင်စီက ဝင်ရောက်စီးနင်းပစ်ခတ်မှု ပြည်သူ ၄ ဦးသေဆုံးပြီး လူ ၃၀ ဦးကျော် ဖမ်းဆီးခံထားရ

ရန်ကုန်| မေ ၃၀

ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာ စစ်ကောင်စီက ဝင်ရောက်စီးနင်းပစ်ခတ်မှု ပြည်သူ ၄ ဦးသေဆုံးပြီး လူ ၃၀ ဦးကျော် ဖမ်းဆီးခံထားရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၉ ရက်နေ့မှစတင်၍ ရခိုင်ပြည် စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာကို စစ်ကောင်စီတပ်က တစ်အိမ်ဝင်တစ်အိမ်ထွက် ဒေသခံပြည်သူများကို ဝင်ရောက်စစ်ဆေးနေကြောင်း၊ တစ်အိမ်ဝင်တစ်အိမ်ထွက် အိမ်တစ်ဆောင်လုံးကို ဝင်ရောက်ရှာဖွေသည့်အပြင် မသင်္ကာသည့်မိသားစုများအား ရွာပြင်ထုတ်ထားကြောင်း စစ်တွေဒေသခံတစ်ဦးက ပြောသည်။

” ရွာသားတွေကို အပြင်ခေါ်ထုတ်ပြီး စစ်ဆေးတယ်။ မိန်းမ၊ ကလေးမကျန်ပေါ့။ တစ်ချို့ယောက်ကျားတွေဆို တော်တော်ကြမ်းကြမ်းတမ်းတမ်း စစ်ဆေးခံကြရပါတယ်။ ဘာကြောင့်နဲ့ အခုလို လုပ်နေလဲတော့ သေချာမသိပေမယ့် ကျေးရွာသားတွေကတော့ အတော်ဒုက္ခရောက်နေကြပြီ။ ” ဟု ပြောသည်။

လက်ရှိ ရန်ကုန်ခေတ်သစ်သတင်းဌာနက ရရှိထားသော သတင်းများအရ စစ်ကောင်စီတပ်က အမျိုးသား ၄ ဦးကို ပစ်သတ်လိုက်ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်က ကြမ်းကြမ်းတမ်းတမ်း စစ်ဆေးပြီးနောက် AA နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံထားရသူများရှိပြီး ကျေးရွာအဝင်အထွက်ကိုလည်း လုံးဝပိတ်ပင်ထားကြောင်း နောက်ထပ် ဒေသခံတစ်ဦးက ပြော သည်။

” လူတချို့ အဖမ်းခံကြရတယ်။ စစ်ကားနဲ့ တစ်စီး ဖမ်းသွားတာ တွေ့ရတယ်။ မနက်ပိုင်းက အဲ့ဘက်ကနေ သေနတ်သံတွေလည်း ကြားလိုက်ကြရတယ်။ လောလောဆယ် ရွာကို ဆက်သွယ်လို့လည်း မရဘူး။ ရွာအဝင်အထွက်ကိုလည်း စစ်ကောင်စီတပ်က ပိတ်ထားတယ်။ ” ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးခေါ်ဆောင်သွားသော ဗျိုင်းဖြူရွာသား ၃၀ ခန့်ရှိနိုင်ကြောင်းနှင့် တိကျသည့်အရေအတွက်နှင့် အမည်များကို စုံစမ်းနေဆဲဖြစ်သည်။

ဗျိုင်းဖြူကျေးရွာကို ကုန်ခဲ့သည့်နှစ်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဝင်လာတိုင်းလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရွာသားများကို ဒါဇင်နှင့်ချီ ဖမ်းဆီးခေါ်ဆောင်သွားသည်။

ပုံစာ – ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလက စစ်တွေမြို့ မင်းဂံရပ်ကွက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဧပြည့်စာရင်းအကြောင်းပြ၍ အရပ်သားပြည်သူများကို ဖမ်းဆီးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article