26 C
Yangon

မြန်မာပြည်တွင်းတွင် VPN များ ချိတ်ဆက်မရတော့ဘဲ လူမှုကွန်ရက် Facebook စာမျက်နှာနှင့် မက်ဆင်ဂျာများ သုံးစွဲမရ ဖြစ်နေ

Must read

မြန်မာပြည်တွင်းတွင် VPN များ ချိတ်ဆက်မရတော့ဘဲ လူမှုကွန်ရက် Facebook စာမျက်နှာနှင့် မက်ဆင်ဂျာများ သုံးစွဲမရ ဖြစ်နေ

ရန်ကုန်၊ မေ ၃၀

မြန်မာပြည်တွင်းတွင် VPN များ ချိတ်ဆက်မရတော့ဘဲ လူမှုကွန်ရက် Facebook စာမျက်နှာနှင့် မက်ဆင်ဂျာများ သုံးစွဲမရ ဖြစ်နေကြောင်း ရန်ကုန်မြို့နှင့် မန္တလေးမှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

“ဒီမနက်က စပြီး VPN တွေချိတ်မရဘူး။ ပုံမှန်သုံးနေတဲ့ VPN ကို ချိတ်မရတာ။ Wifi ပေးတဲ့ ကုမ္ပဏီကို ဆက်တော့ အခြား VPN တစ်ခု သုံးခိုင်းတယ်။ ချိတ်လို့ရပေမယ့် Facebook ဖွင့်တာ ဘာမှ ကြည့်မရဘူး။ ဓာတ်ပုံရော စာသားရော မပေါ်တာ။ မက်ဆင်ဂျာကလည်း စာပဲ ရိုက်လို့ရတယ်။ ဖုန်းပြောမရဘူး” ဟု မရမ်းကုန်းမြို့နယ်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ရန်ကုန်အခြေစိုက် အင်တာနက်ဖိုက်ဘာလိုင်းဝန်ဆောင်မှုပေးသော ကုမ္ပဏီတစ်ခုကို ဆက်သွယ်မေးမြန်းရာ တရုတ်နိုင်ငံမှ ဆော့ဝဲများဖြင့် VPN များ အသုံးပြုမရစေရန် လုပ်ဆောင် ပိတ် ဆို့ထားသည်ဆိုသော သတင်းများသိရှိထားကြောင်း၊ ယခု ပြည်သူများ အကျွမ်းတဝင် အသုံးပြုနေသော VPN များ သုံးမရဖြစ်နေသည်ဆိုသော ဖုန်းဆက်မေးမြန်းမှုများ ယနေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတွင် အလွန်များပြားကြောင်း ပြောဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့်နီးစပ်သော သတင်းရင်းမြစ်တစ်ခုကမူ ယခုနှစ် ဖေဖော်ဝါရီလမှစတင်ပြီး တရုတ်နိုင်ငံမှ ကုမ္ပဏီတစ်ခုထံသို့ စစ်ကောင်စီက VPN များကို ပိတ်ပင်နိုင်သည့် Great Firewall တစ်ခု တည်ဆောက်ရန် တင်ဒါပေးလိုက်ကြောင်း၊ ယင်းတရုတ်ကုမ္ပဏီက နေပြည်တော်နှင့်ရန်ကုန်တွင် အခြေ စိုက်ပြီး Great Firewall များ တည်ဆောက်နေသည်ဆိုသော သတင်းများ ကြားသိထားကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ယခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ပြောဆိုခဲ့သည်။

“တရုတ်လို Great Firewall တွေ လုပ်မယ်လို့ သတင်းတွေ ထွက်နေတာကြာပြီ။ အတိအကျတော့ ဘယ်တရုတ်ကုမ္ပဏီလဲဆိုတာ မသိရဘူး” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့်နီးစပ်သော သတင်းရင်းမြစ်က ယခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ပြောဆိုခဲ့သည်။

စစ်ကောင်စီက မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် ဖေ့ဘုတ်စ် Facebook လူမှုကွန်ရက်အသုံးပြုမှုများကို တရားဝင်ပိတ်ပင်လိုက်သဖြင့် ပြည်သူများမှာ VPN အသုံးပြု၍ Facebook လူမှုကွန်ရက်ကို သုံးစွဲနေကြရခြင်းဖြစ်သည်။

ဓာတ်ပုံ- ထိုင်းနိုင်ငံရောက် မြန်မာတစ်ဦးက ဖေ့ဘုတ်စ်သုံးစွဲနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article