25 C
Yangon

လူငယ်သင်တန်းကျောင်း အမည်ခံ ထောင်များတွင် အသက်မပြည့်သော လူငယ် နိုင်/ကျဉ်းများနှင့် အခြား လူငယ်များ လူ့အခွင့်အရေး ချိုးဖောက်ခံနေရ

Must read

လူငယ်သင်တန်းကျောင်း အမည်ခံ ထောင်များတွင် အသက်မပြည့်သော လူငယ် နိုင်/ကျဉ်းများနှင့် အခြား လူငယ်များ လူ့အခွင့်အရေး ချိုးဖောက်ခံနေရ

ရန်ကုန်၊ မေ ၃၀

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အသက်မပြည့်သေးသည့် လူငယ်များကို နိုင်ငံရေးပုဒ်မများဖြင့် မတရား ဖမ်းဆီးပြီးနောက် လူငယ်ထိန်းသိမ်းရေးသင်တန်းကျောင်း အမည်ခံ ထောင်များတွင် ထားရှိစဉ် လူ့အခွင့်အရေးချိုးဖောက်မှုများ များစွာခံစားနေကြရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြား သည်။

ရန်ကုန်တွင် သံလျင်လူငယ်သင်တန်းကျောင်း၊ ငှက်အော်စန်း လူငယ်သင်တန်းကျောင်း နှင့် မန္တလေးလူငယ်သင်တန်းကျောင်းတို့တွင် အသက်မပြည့်သေးသည့် အမျိုးသားလူငယ်များကို အဓိကဖမ်းဆီးထားကာ အသက်မပြည့်သေးသည့် လူငယ်အမျိုးသမီးများကိုမူ ရန်ကုန်တွင် ဗဟန်းအမျိုးသမီးထိန်းသိမ်းရေးသင်တန်းကျောင်း၊ကော့မှူးအမျိုးသမီးသင်တန်းကျောင်းနှင့် မန္တလေးတွင် ပုသိမ်ကြီးအမျိုးသမီး လူငယ်သင်တန်းကျောင်းတို့တွင် ဖမ်းဆီးထားကြောင်း သိရှိရသည်။

“အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ လူငယ်ထိန်းသိမ်းရေးကျောင်းအမည်ခံ လူငယ် အကျဉ်းထောင်တွေမှာ နိုင်/ကျဉ်းပုဒ်မအမျိုးမျိုးဖြင့် အသက်မပြည့်သေးတဲ့ အမျိုးသားငယ်နှင့်အမျိုးသမီးငယ်များကို ဖမ်းဆီးထားပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကလေးငယ်တွေဟာ ကလေးသူငယ်အခွင့်အရေးတွေ ဆုံးရှုံးနေကြပါတယ်။ တကယ်တော့ ဒီအသက်မပြည့်သေးတဲ့ လူငယ်တွေဟာ မိဘအုပ်ထိမ်းသူတွေရဲ့ ရင်ခွင်အောက်မှာ နွေးထွေးလုံခြုံစွာ ရှိနေကြရမယ့်အရွယ်ပါ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အသက်မပြည့်သေးသည့် လူငယ်အမျိုးသမီးများကို ထိန်းသိမ်းထားသည့် ဗဟန်းအမျိုးသမီးထိန်းသိမ်းရေးကျောင်းတွင် နိုင်/ကျဉ်းအမျိုးသမီးငယ်များ အပါအဝင် အခြားအမျိုးသမီးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ ဖိနှိပ်မှု ၊လိင်ပိုင်းဆိုင်ရာ အရှက်ရစေမှုများ ခံစားရရေန် ဖိနှပ်မှုများ လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ပြောသည်။

အမျိုးသမီးငယ်များထားရာ အခန်းများ၊ ရေချိုးခန်းများနှင့် အိမ်သာများကို စောင့်ကြည့်သည့် CCTV များတပ်ဆင်ထားသည့်အတွက် အမျိုးသမီးငယ်များ ရေချိုးချိန်နှင့် အိမ်သာသွားချိန်များတွင် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုများ ခံစားကြလျက်ရှိကြောင်း၊ အချို့အကျဉ်းသူများကို အပြစ်ပေးအရေးယူရာတွင် အမျိုးသမီးငယ်များ ဝတ်ဆင်ထားသည့် အဝတ်အစားများကိုအကုန် ချွတ်ခိုင်း၍ အပြစ်ပေးသည့်အထိ ဆိုးရွားသည့် လူ့အခွင့် အရေးချိုးဖောက်မှုများရှိခဲ့ကြောင်း၊ထို့ပြင် အပေါ့ အလေးသွားလာခွင့်ကိုလည်း သတ်မှတ်ချိန်အတွင်း သာ သွားရောက်ခွင့်ရှိပြီး ကျန်အချိန်များတွင် အပေါ့အလေးသွားပါက သင်တန်းကျောင်းတွင်ရှိသည့် ဝန်ထမ်းများမှ တုတ်ဖြင့်ရိုက်၍ အပြစ်ပေးလျက်ရှိနေဆဲဖြစ်ကာ ကျောင်းအတွင်းလုပ်ငန်းဟု အကြောင်းပြ၍ နိုင်ကျဉ်းအမျိုးသမီးငယ်များကို ထင်းခွဲခိုင်းခြင်းနှင့် မြက်ပေါက်ခိုင်းခြင်းများကိုပါ လုပ်ခိုင်းနေသည်ဟု စုံစမ်းသိရှိရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ကိုသိုက်ထွန်းက ပြောဆိုသည်။

ယခုကဲ့သို့ လူ့အခွင့်အရေး၊ကလေးသူငယ်အခွင့်အရေးချိုးဖောက်ခံရသူ အမျိုးသမီးငယ်များသည် ထောင်တွင်း စားသောက်ရေးအဆင်မပြေမှုနှင့် ဆေးဝါးကုသစောင့်ရှောက်မှု လုံလောက်စွာ မရရှိသည့် အခြေအနေများနှင့် ရင်ဆိုင်နေကြရကြောင်း သိရှိရသည်။

ထို့ပြင် ကော့မှူးအမျိုးသမီးထိန်းသိမ်းရေးစခန်းတွင်လည်း အမျိုးသမီးငယ်အချို့သည် အပျိုဖော်ဝင်ကာစ အချိန်များဖြစ်၍ ရာသီသွေး ဓမ္မတာ လာချိန်များကို အခြားအမျိုးသမီးငယ်များနည်းတူ ရင်ဆိုင်ကြရလျက်ရှိသော် လည်း ကော့မှူးအမျိုးသမီးထိန်းသိမ်းရေးစခန်းတွင် အမျိုးသမီးလစဉ်သုံးပစ္စည်းလုံလောက်စွာ ထောက်ပံ့ပေးနိုင်ခြင်းမရှိသည့်အတွက် အမျိုးသမီးငယ်များသည် စိတ်ပိုင်းဆိုင်ရာအဆင်မပြေမှုများ ကြုံတွေ့နေရကြောင်း၊ အကျဉ်းထောင်အတွင်း၌ စစ်ဆေးချိန်များတွင်လည်း ဝန်ထမ်းအမျိုးသမီးများ၏ အမျိုးသား မိတ်ေဆွနှင့် ဆွေမျိုး များပါ ဝင်ရောက်တတ်သည့်အတွက် အမျိုးသမီးငယ်များ ရေချိုးရမှုနှင့် အိမ်သာသွားချိန်များတွင် စိတ် မလုံခြုံမှုများ ရင်ဆိုင်နေရပြီး အဆိုပါအမျိုးသားများဝင်ရောက်ချိန်များတွင် အမျိုးသမီးငယ်များ အဝတ်အစားလဲချိန်များနှင့် တိုက်ဆိုင်ချိန်များလည်း ရှိသည့်အတွက် ယခုကဲ့သို့ အမျိုးသမီးထိန်းသိမ်းရေးစခန်းသို့ အမျိုးသားများ ဝင်ရောက်ခွင့်ရနေခြင်းကို ပြင်းထန်စွာ ရှုံ့ချကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်သည်။

ထို့ပြင် ပုသိမ်ကြီး အမျိုးသမီးသင်တန်းကျောင်းတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော အမျိုးသမီးငယ်များထဲတွင် ကရင်နီဒေသ၊ချင်းပြည်နယ်နှင့် အခြားပြည်နယ်နှင့်တိုင်းများတွင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရပြီးနောက် ပုသိမ်ကြီးလူငယ်သင်တန်းကျောင်းတွင် အကျဉ်းချခံထားရသူများလည်းရှိကြောင်း၊ အချို့အမျိုးသမီးငယ်များ သည် နယ်ဝေးမှ မိသားစုဝင်များ ပါဆယ်ပေးပို့နိုင်ခြင်းမရှိသည့်အတွက် သင်တန်းကျောင်းမှ ကျွေးသည့် ပဲဟင်းနှင့် ထမင်းကိုသာ အဓိကအားပြုစားသောက်နေထိုင်နေကြရသော်လည်း တစ်ပတ်လျှင် ကြက်ဥဟင်း ၃ ရက်ကျွေးမွေးနေသည်ကို စောင့်ကြည့်လေ့လာချိန်အတွင်း အများဆုံး တွေ့ရကာ အသားဟင်းနှင့်အချို့အစား အသောက်များကိုမူ အလှူရှင်ရှိသည့်အချိန်များမှသာ စားသောက်ကြရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ထံမှ သိရှိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ၏ ယခုထုတ်ပြန်ချက်သည် အသက်မပြည့်သေးသည့် နိုင်ကျဉ်း လူငယ်အမျိုးသမီးများအဓိကထားရှိသည့် သင်တန်းကျောင်းအမည်ခံ(လူငယ်အကျဉ်း ထောင်များအတွင်း)ဖြစ်ပေါ်နေသည့် လတ်တလောအခြေအနေများကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အသက်မပြည့်သေးသည့် အမျိုးသားလူငယ်များထားရှိသည့် သင်တန်းကျောင်းအတွင်း ‌ဖြစ်ပေါ်လျက်ရှိသည့် ကိစ္စရပ်များကို သီးခြားထုတ်ပြန်သွားရန် ကြိုးစားဆောင်ရွက်သွားမည်ဟု သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article