25 C
Yangon

မောင်တောရှိ စစ်ကောင်စီတပ်စခန်း ၆ ခုကို AA က တိုက်ခိုက်သိမ်းပိုက်ရရှိပြီး မောင်တော၊ သံတွဲနှင့်အမ်းတိုက်ပွဲများတွင် စစ်တပ်ဘက်မှ စစ်သား ၅၀၀ ထက်မနည်းသေဆုံး

Must read

မောင်တောရှိ စစ်ကောင်စီတပ်စခန်း ၆ ခုကို AA က တိုက်ခိုက်သိမ်းပိုက်ရရှိပြီး မောင်တော၊ သံတွဲနှင့်အမ်းတိုက်ပွဲများတွင် စစ်တပ်ဘက်မှ စစ်သား ၅၀၀ ထက်မနည်းသေဆုံး

■ မောင်တောလက်ကျန်စခန်းများမှ စစ်ကောင်စီတပ်ဖွဲ့များ စောစီးစွာ လက် နက်ချလျှင် အသက်အန္တရာယ်ကင်းဝေးမည်ဟု သတိပေး

ရန်ကုန်၊ ဇွန် ၇

ရခိုင်ပြည်၊ မောင်တောမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၆ ခုကို AA က တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး မောင်တော၊ သံတွဲနှင့်အမ်းတိုက်ပွဲများတွင် စစ်တပ်ဘက်မှ စစ်သား ၅၀၀ ထက်မနည်းသေဆုံးကာ လက်နက်ခဲယမ်း၊ အလောင်းများ သိမ်းဆည်းရရှိကြောင်း AA က ယနေ့ ညပိုင်း သတင်းထုတ်ပြန်သည်။

ဇွန်လ ပထမပတ်အတွင်း၌ မောင်တော၊ သံတွဲနှင့် အမ်း မြို့နယ်များအတွင်း အဓိကဖြစ်ပွားလျက်ရှိပြီး တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေခဲ့ကြောင်း၊ ဘူးသီးတောင်မြို့ရှိ ရန်သူစစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို တစ်ခုမကျန်သိမ်းပိုက်ပြီးသည့်အချိန်တွင် ဘူးသီးတောင်နှင့် နယ်မြေချင်းကပ်လျက်ရှိသော မောင်တောမြို့ရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများထဲမှ အချို့ကို ဇွန်လ ၂ ရက်နေ့မှစတင်၍ အာရက္ခတပ်တော်သည် တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိတွင် မောင်တောမြို့နယ်ရှိ

၁- “တာဝါတိုင်စခန်း” ကို ဇွန်လ ၂ ရက်၊ ညနေ ၅ နာရီအချိန်တွင်လည်းကောင်း၊

၂- “ကျောက်ပန္ဒူစခန်း” ကို ဇွန်လ ၃ ရက်၊ နံနက် ၅ နာရီ ၄၀ မိနစ်တွင်လည်းကောင်း၊

၃- “ခွဆုံပြင်စခန်း” ကို ဇွန်လ ၄ ရက်နေ့၊ နံနက် ၅ နာရီ ၁၅ မိနစ်အချိန်တွင်လည်းကောင်း၊

၄- “မြင်းလွှတ်စခန်း” ကို ဇွန်လ ၄ ရက်နေ့၊ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်တွင်လည်းကောင်း

၅- “အင်းဒင်စခန်း” (သို့မဟုတ်) “နခခ ၆ စခန်း” ကိုဇွန်လ ၆ ရက်နေ့၊ နံနက် ၉ နာရီအချိန်တွင် လည်းကောင်း၊

၆- “နခခ (၉) စခန်း” ကို ဇွန်လ ၇ ရက်နေ့၊ မွန်းလွဲ ၃ နာရီအချိန်တွင်လည်းကောင်း အသီးသီး အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ လက်ကျန် စခန်းများဖြစ်သော “နခခ ၄ ” ၊ “မောရဝတီ” ၊ “အလယ်သံကျော်” ၊ “နားခေါင်းတိုစခန်း” များ အပါအဝင် တခြားလက်ကျန်စခန်းများကိုလည်း AA က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမည် ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါစခန်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် စောစီးစွာလက်နက်ချအညံ့ခံ ပါက အသက်အန္တရာယ်ကင်းဝေးမည်ဖြစ်ကြောင်း AA က သတိပေးသည်။

မောင်တောမြို့နယ်အတွင်းရှိ စစ်ကြောင်းနှင့်ကာကင်းစခန်းများကိုလည်း ယနေ့တွင် ဆက်လက်တိုက်ခိုက်လျက်ရှိပြီး ရန်သူ့အလောင်းအချို့၊ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်

ထို့အတူ ဇွန်လ ၂ ရက်နေ့နှင့် ၃ ရက်နေ့များ၌ သံတွဲမြို့နယ်၊ ဒေါ်ပွဲခုံကျေးရွာ၏ အနောက်မြောက်ဘက် နှင့် ဂေါ့တ် (Gawt) တောင်တန်းအနီးတွင် တိုက်ပွဲများ အသီးသီးဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီက ပင်လယ်ပြင်မှ စစ်သင်္ဘော ၃ စီး၊ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူအမြောက်အမြား၊ Navy Seal တပ်ဖွဲ့ဝင်များဖြင့် ၎င်းနေရာကို အသည်းအသန်ခုခံနေခဲ့သော်လည်း အာရက္ခတပ်တော်မှ သတ္တိ၊ ဗျူဟာမြောက်စွာ တိုက်ပွဲဝင်နိုင်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဘက်မှ အထိအခိုက်၊ အကျအဆုံးများစွာဖြင့် ကစဉ့်ကလျား ထွက်ပြေးလျက်ရှိကြောင်း၊ သံတွဲ၊ ဂေါ့ ပတ်ဝန်းကျင်တိုက်ပွဲများအတွင်း စစ်ကောင်စီ Speed Boat တစ်စီးကို AA က နစ်မြုပ်အောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

သံတွဲတိုက်ပွဲတွင် စစ်တပ်၏ အလောင်းအမြောက်အမြားနှင့် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ထွက်ပြေးလွတ်မြောက်နေသော ရန်သူများကိုလည်း ကမ်းခြေတစ်လျှောက် လိုက်လံရှင်းလင်းလျက်ရှိကြောင်း၊ တိုက်ပွဲများသည် သံတွဲ၊ ငပလီ (မဇင်) လေယာဉ်ကွင်းနှင့် အနည်းသာ ကွာဝေးတော့ကြောင်း သိရှိရသည်။

ထို့ပြင် အမ်းမြို့နယ်အတွင်းတွင်လည်း စစ်ကောင်စီ၏ တောဟိန်းတောင်စခန်းအား အပြီးသတ်သိမ်းပိုက် ရယူနိုင်ရေးအတွက် မိမိတို့မှ ကြိုးပမ်းလျက်ရှိသောကြောင့် တောဟိန်းတောင်ပတ်ဝန်းကျင်၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခဲ့ကြောင်း သိရှိရသည်။

ထို့ကြောင့် ဇွန်လ၊ ပထမအပတ် မောင်တောတိုက်ပွဲများအတွင်း မျက်မြင်နှင့် ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများအဆိုအရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးသည့် အရေအတွက်မှာ ၄၀၀ အထက်ရှိခဲ့ကြောင်း၊ အဆိုပါ သေဆုံးသူများထဲတွင် တိုက်ပွဲအတွင်းမှ ထွက်ပြေး၍ ကျောက်ပန္ဒူကမ်းခြေ၊ အလယ်သံကျော်ကမ်းခြေ၊ ဥဒေါင်းချောင်းနှင့် ဘင်္ဂလားပင်လယ်အော်အတွင်း ရေနစ်သေဆုံးသူများ ပါဝင်ခဲ့ကြောင်း၊ အမ်း၊ သံတွဲဘက် တိုက်ပွဲများအတွင်း၌လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ AA ဘက်မှလည်း စစ်သည်များတော်များ ကျဆုံးမှုများရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- AA က အင်းဒင်စခန်း” (သို့မဟုတ်) “နခခ ၆ စခန်း” ကိုဇွန်လ ၆ ရက်နေ့၊ နံနက် ၉ နာရီအချိန်တွင် သိမ်းပိုက်ထားစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article