25 C
Yangon

စစ်တွေမြို့နယ်တွင် ဗျိုင်းဖြူရွာမှ ပြည်သူ ၇၆ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သော စစ်ကောင်စီကို ရခိုင်နှင့် မဟာမိတ်အဖွဲ့ ၂၀၃ ခုက ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချ

Must read

စစ်တွေမြို့နယ်တွင် ဗျိုင်းဖြူရွာမှ ပြည်သူ ၇၆ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သော စစ်ကောင်စီကို ရခိုင်နှင့် မဟာမိတ်အဖွဲ့ ၂၀၃ ခုက ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချ

ရန်ကုန်| ဇွန် ၇

ရခိုင်ပြည် စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာမှ အပြစ်မဲ့အရပ်သား အမျိုးသမီး၊ အမျိုးသားအပါအဝင် ၇၆ ဦးကို မေလ ၂၉ ရက်မှ ဇွန်လ ၄ ရက်နေ့အတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သော အာဏာသိမ်း စစ်ကောင်စီကို ရခိုင်အရပ်ဘက်အဖွဲ့အစည်းများနှင့် ညီနောင်မဟာမိတ်လူမျိုးများ အဖွဲ့အစည်းများမှ ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ယနေ့ ဇွန်လ ၇ ရက်တွင် ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီ စစ်ကြောင်းသည် ဗျိုင်းဖြူရွာသားများအပေါ်တွင် ရက်ရက် စက်စက် လူမဆန်စွာ အစုလိုက်အပြုံ လိုက်သတ်ဖြတ်ခြင်း၊ အလောင်းများအားဖျောက်ဖျက်ခြင်းနှင့် အမျိုးသမီးများအား မုဒိမ်းကျင့်သတ်ဖြတ်ခြင်း စသည့် စစ်ရာဇဝတ်မှု၊ လူသားမဆန်သော ပြစ်မှုကျူးလွန်ခြင်း လူမျိုးတုံးသတ်ဖြတ်မှုများကို ဗြောင်ကျကျ ကျူးလွန်ခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

ထိုကဲ့သို့ လူ့အသိတရားကင်းမဲ့စွာ ရက်စက်ကြမ်းကြုတ်လွန်းသည့် လူသတ်မှုကြီးကို ကျူးလွန်ခဲ့ကြသူများအား နိုင်ငံတကာရှိ ရခိုင်အဖွဲ့အစည်းများနှင့် ညီနောင်မဟာမိတ်လူမျိုးအဖွဲ့များမှ ပြင်းထန်စွာကန့်ကွက် ရှုတ်ချလိုက်ပြီး ပြစ်မှုကျူးလွန်သည့် အကြမ်းဖက်သမားများအား ထိထိရောက်ရောက် အရေးယူအပြစ်ပေးသွားရန် တောင်းဆိုထားကြသည်။

ဤအကြမ်းဖက်လူသတ်မှုကြီးတွင် အပြစ်မဲ့အသက်ဆုံးရှုံးခဲ့ရသူများ၏ ကျန်ရစ်သူမိသားစုဝင်များနှင့်အတူ ထပ်တူထပ်မျှဝမ်းနည်းကြေကွဲရပြီး နိုင်ငံတကာ ရခိုင်အဖွဲ့အစည်းများမှ အရေးပေါ်လိုအပ်သည့် အကူအညီများကိုလည်း ပေးအပ်သွားမည်ဟု ဆိုသည်။

စစ်ရာဇဝတ်မှု၊ လူသားမဆန်စွာ သတ်ဖြတ်သည့်ပြစ်မှုနှင့် လူမျိုးတုန်းသတ်ဖြတ်မှုများကို ဗြောင်ကျကျ ကျူးလွန်ပြီး နေ့စဉ်ရက်ဆက် ကြည်း၊ ရေ၊ လေ တို့မှ ရခိုင်ပြည်အတွင်း မြို့ရွာများအနှံ့ ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်း၊ အပြစ်မဲ့ ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်လျှက်ရှိနေသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကုလသမဂ္ဂ ပဋိဉာဉ်စာချုပ်ပါ နိုင်ငံတခု၏ လိုက်နာရမည့် စည်မျဉ်းနှင့် နိုင်ငံတကာဥပဒေများကို စဉ်ဆက်မပြတ် ချိုးဖောက်လာနေခဲ့သော စစ်ကောင်စီအဖွဲ့က ကျူးလွန်သူများအား ထိရောက်စွာ အရေးယူပေးရန်လည်း ၂၀၃ ဖွဲ့က တောင်းဆိုထားကြသည်။

မတရားအာဏာသိမ်း ထိန်းချုပ်ထားသည့် မြန်မာနိုင်ငံရှိ စစ်အာဏာရှင်များကို အာဆီယံနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ်မှ ထုတ်ပယ်သွားရန် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) နှင့် ကုလသမဂ္ဂအဖွဲ့ချူပ် (UNITED NATION) တို့အား အလေးအနက်တိုက်တွန်းတောင်းဆိုသည်ဟု ရခိုင်နှင့်တိုင်းရင်းသားလူမျိုး အဖွဲ့အစည်း ၂၀၃ က ဆိုသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ရဲများ။ (ပုံအဟောင်း ဖြစ်ပါသည်။)

Photo- AFP။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article