25 C
Yangon

ပြည်တွင်း ရွှေစျေး၊ ငွေစျေးများ မဖြစ်နိုင်သော စျေးနှုန်းများသို့ မြင့်တက်သွားမှု ဝိသမစီးပွားရေးသမားကြောင့်ဟု မင်းအောင်လှိုင်က အပြစ်ဖို့ပြန်

Must read

ပြည်တွင်း ရွှေစျေး၊ ငွေစျေးများ မဖြစ်နိုင်သော စျေးနှုန်းများသို့ မြင့်တက်သွားမှု ဝိသမစီးပွားရေးသမားကြောင့်ဟု မင်းအောင်လှိုင်က အပြစ်ဖို့ပြန်

ရန်ကုန်၊ ဇွန် ၈

မြန်မာနိုင်ငံတွင် ရွှေစျေး၊ ငွေစျေးနှုန်းများ မဖြစ်နိုင်သော စျေးနှုန်းများ မြင့်တက် နေမှုသည် ဝိသမ စီးပွား ရေးသမား များက ဆောင်ရွက်နေကြောင်း အကြမ်း ဖက်မင်းအောင်လှိုင်က အပြစ်တင်လိုက်ပြီး ပြည်ပနိုင်ငံများတွင် အိမ်ရာဝယ်ယူမှုများကိုလည်း စိစစ်နေကြောင်း မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီ၏ ၃/ ၂၀၂၄ အစည်းအဝေးတွင် အကြမ်းဖက် မင်းအောင်လှိုင်က ထိုသို့ ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။

ဧပြီလအတွင်း ရွှေစျေးနှင့် ငွေကြေးစျေးနှုန်းများသည် သဘာ၀မကျဘဲ အဆမတ်ပြောင်းလဲလာသည်ကိုတွေ့ရပြီး ဝိသမ စီးပွားရေးသမားများအနေဖြင့် ငွေကြေးတန်ဖိုး ကမောက်ကမ ဖြစ်စေရန် ဆောင်ရွက်နေကြောင်း၊ လက်ရှိ ဖြစ်ပေါ်နေသည့် ရွှေနှင့်ငွေကြေးစျေးနှုန်းများသည် မည်သို့မျှ မဖြစ်နိုင်သည့် စျေးနှုန်းများဖြစ်ပြီး မြန်မာငွေတန်ဖိုးကျဆင်းစေရေး စျေးနှုန်းများကို ဆွဲတင်၍ တိုင်းပြည်၏ စီးပွားရေး ကျဆင်းမှု ရှိစေရန် ရည်ရွယ်ချက် ရှိရှိ ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း အကြမ်းဖက်မင်းအောင်လှိုင်က ဆိုသည်။

ထို့ကြောင့် လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွှေစျေးနှင့် ငွေကြေးစျေးများ ရှိသင့်ရှိထိုက်သည့် ဖြစ်သင့်သည့် စျေးနှုန်းသို့ တဖြည်းဖြည်း ကျဆင်းလာခဲ့ပြီဖြစ်ကြောင်း၊ ယခင်ကလည်း စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများ၊ ဘဏ်စနစ်ပြိုလဲအောင် လုပ်ဆောင်မှုများနှင့် ငွေကြေး ကမောက်ကမဖြစ်အောင် ဆောင်ရွက်ခြင်းများကို ကြုံတွေ့ခဲ့ရကြောင်း၊ နိုင်ငံ၏ စီးပွားရေး ကျဆင်းစေရန် ရည်ရွယ်၍ အဘက်ဘက်မှ ၀ိုင်းဝန်း တိုက်ခိုက်နေကြ သဖြင့် ငွေစျေး တည်ငြိမ်ရန် အရေးကြီးကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ဆိုသည်။

အလားတူ ပြည်ပတွင် အိမ်ရာ ဝယ်ယူခြင်းများနှင့်ပတ်သက်၍လည်း စိစစ်ဆောင်ရွက်လျက်ရှိကြောင်း အကြမ်း ဖက်မင်းအောင်လှိုင်က ဆိုသည်။

အကြမ်းဖက် စစ်ကောင်စီက လက်ရှိတွင် ရွှေကုန်သည်များ၊ ရွှေဆိုင်ပိုင်ရှင်များ၊ ငွေလဲလုပ်ကိုင်သူများ၊ ဟွန်ဒီငွေလဲသမားများကို ဖမ်း၀ရမ်းထုတ်ခြင်း၊ ဖမ်းဆီးခြင်း လုပ်ဆောင်လျက်ရှိပြီး စျေးကွက်စီးပွားရေးအရ ဖြစ်ပေါ်လာသည့် ရွှေစျေးကွက်နှင့် ငွေလဲစျေးကွက်များကို ဖျက်ဆီးလျက်ရှိကြောင်း သိရှိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကမူ စစ်ကောင်စီက ၃ နှစ်ကျော်ကာလအတွင်း နိုင်ငံတွင် ငွေကျပ် ဘီလီယံ ၃၀၀၀၀ ကျော် ငွေစက္ကူအသစ်များ ရိုက်ထုတ်ခဲ့ပြီး ငွေကြေးဖောင်းပွမှုများ အဆမတန်ဖြစ်ပေါ်လာသဖြင့် မြန်မာငွေ တန်ဖိုး တရှိန်ထိုး ကျဆင်းမှုများဖြစ်ပေါ်နေကြောင်း တရားဝင် ထုတ်ပြန် ကြေညာထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article